News

POST TYPE

ARTICLE

မန္တလေးစည်ပင်ကို တိုင်းနှင့်ပြည်နယ်အဆင့် စည်ပင်အရာရှိများ လာရောက်လေ့လာမည်
မန္တလေး၊ ဇူလိုင် ၉

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများကို တိုင်းနှင့်ပြည်နယ်အဆင့်ရှိ စည်ပင်အရာရှိများ လာရောက်လေ့လာမည်ဖြစ်ကြောင်း ယင်းလေ့လာရေးခရီးစဉ်ကို စီစဉ်သည့် အာရှဖောင်ဒေးရှင်းထံမှ သိရသည်။

အာရှဖောင်ဒေးရှင်းသည် တိုင်းနှင့်ပြည်နယ်ရှိ စည်ပင်သာယာရေးအဖွဲ့များကို ကူညီပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တိုင်းနှင့်ပြည်နယ်ရှိ စည်ပင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ မြို့နယ်အဆင့် အမှုဆောင်အရာရှိ ၄၀ ဦးခန့်ကို ဖိတ်ကြားကာ ကောင်းမွန်သောအလေ့အထများ မျှဝေခြင်းအမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးနေကြောင်း၊ ယင်းအလုပ်ရုံဆွေးနွေးပွဲများမှ လေ့လာရေး ခရီးစဉ်တစ်ခုထည့်သွင်းရန် အကြံပြုသဖြင့် မန္တလေးမြို့၌ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် လေ့လာရေးခရီးစဉ် ထည့်သွင်းရခြင်းဖြစ်ကြောင်း အာရှဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်အိအိသွယ်က ပြောကြားသည်။

“ကောင်းမွန်သော အလေ့အထများ မျှဝေခြင်းဆိုတဲ့အတိုင်း တိုးတက်နေတဲ့နိုင်ငံတွေကို လေ့လာရေးသွားမှာထက် မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်မသိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာရအောင်စီစဉ်တာ”ဟု ၎င်းက ပြောဆိုသည်။

စည်ပင်သာယာရေးအဖွဲ့များအတွက် ကောင်းမွန်သောအလေ့အထများ မျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင်တစ်ကြိမ် ကျင်းပခဲ့ဖူးပြီး ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။

မတူညီသည့်နေရာဒေသမှ စည်ပင်သာယာရေးအဖွဲ့များ တစ်နေရာတည်းတွင် အတူတကွ တွေ့ဆုံစေလိုသည့် ပလက်ဖောင်းတစ်ခုဖြစ်စေခြင်း၊ စည်ပင်သာယာအဖွဲ့များအကြား ပြုပြင်ပြောင်းလဲမှုများကို မျှဝေနိုင်စေခြင်း၊ လေ့လာရေး ခရီးစဉ်အတွက် နေရာရွေးချယ်ရာတွင် မြို့ကြီးဖြစ်ခြင်း၊ လုပ်ငန်းဆောင်တာများ ပိုမိုများပြားခြင်း စသည့်အချက်များကိုကြည့်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

M-07