News

POST TYPE

ARTICLE

ဘယ်တုံးကမှ ရောက်မလာခဲ့သော အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု
10-Jul-2018



မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်ကိုင်ကြမည့် အမေရိကန်နှင့် အနောက်ဥရောပလုပ်ငန်းကြီးများနှင့်ပတ်သက်၍ မြန်မာလုပ်ငန်းရှင်ကြီးများအကြား ပြောစမတ်ဖြစ်နေသည့် စကားလုံးတစ်လုံးရှိသည်။ 

“NATO” 

ယင်း NATO မှာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ NATO တော့ မဟုတ်ပေ။ အရှည်ကောက်အားဖြင့် “No Action, Talk Only” ဟု အဓိပ္ပာယ်ရသည့် NATO ဖြစ်သည်။ “လုပ်ကိုင်နိုင်တာမရှိ၊ အပြောသက်သက်သာရှိ” ဟုဆိုလျှင်လည်း ရမည်ထင်သည်။ 

မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအထူးအကြံပေးပုဂ္ဂိုလ် ရှောင်တာနယ်လ်ကလည်း ယင်းသို့ပင် “No Action, Talk Only” ဟု အင်တာဗျူးတစ်ခုတွင် အစချီပြောသည်။ ထို့နောက် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရသည့် အခွင့်အရေးများနှင့် အပြီးမြောက်ခဲ့သောလုပ်ငန်းများအကြောင်းကို ၎င်းကထောက်ပြသည်။ 

မြန်မာသည် နှစ်ပေါင်းများစွာ (ဆယ်စုနှစ်ငါးခုခန့်) စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့ရာမှ ဒီမိုကရေစီနည်းလမ်းတစ်ကျ ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သားအစိုးရ ၂၀၁၆ ခုနှစ်တွင် အာဏာရလာခဲ့ခြင်းကြောင့် အရှေ့တောင်အာရှတွင် လျင်လျင်မြန်မြန်ကြီးပွားတိုးတက်မည့် နိုင်ငံဖြစ်လာမည်ဟု ရှုမြင်ခံခဲ့ရသော်လည်း အနောက်စီးပွားရေး ရင်းနှီးမြှုပ်နှံသူများကမူ မြန်မာကိုစောင့်ကြည့်ချဉ်းကပ်သည့် မူဝါဒဖြင့်သာ တုံ့ပြန်ခဲ့ကြသည်။ 

၂၀၁၈ ခုနှစ်ထဲသို့ ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများ ဆက်ရှိနေဆဲဖြစ်သည်ဟူသော သတင်းများကလည်း ထွက်ပေါ်ခဲ့သလို ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စကို နိုင်ငံတကာမီဒီယာများက အလေးနက်ထားဖော်ပြနေဆဲပင်ဖြစ်သည်။ 

“အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု ရပ်တန့်သွားတာမဟုတ်ဘူး။ တကယ့် အမှန်တရားက အဲဒီရင်းနှီးမြှုပ်နှံမှုတွေ ဘယ်တုံးကမှ ဝင်မလာခဲ့တာ” ဟု ရှောင်တာနယ်လ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ခုနှစ်ကမှစ၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၀ ဘီလီယံဖိုးကျော်ကျော်မျှသာ ရခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုထဲတွင် စင်ကာပူမှာ အများဆုံးဖြစ်ပြီး ၁၄ ဒသမ ၅ ဘီလီယံဖြစ်သည်။ တရုတ်နှင့်ဟောင်ကောင်တို့မှာ ၇ ဒသမ ၁ ဘီလီယံဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ ၂ ဒသမ ၆ ဘီလီယံသာ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲရေးညွှန်ကြားမှုရုံးက ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ 

ထိုသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နည်းပါးလွန်းနေသည့် အခြေအနေမှာ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အထိ တိုးတက်ကောင်းမွန်လာဖွယ်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်မှုကိုပံ့ပိုးပေးနိုင်မည့် အခြေခံအဆောက်အဦကောင်းများ တည်ဆောက်ရေး၊ တိုင်းပြည်၏ ဘဏ်လုပ်ငန်းစနစ်ကို ၂၁ ရာစုနှင့် တစ်ပြေးညီဖြစ်အောင် လုပ်ဆောင်ရေး စသည်တို့ကဲ့သို့သော ကြောက်ခမန်းလိလိ ပြည်တွင်းစိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေရသည်။ ထို့အတူ ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်မှ နှစ်ပေါင်းများစွာ ဝေးကွာခဲ့သော တောင်တန်းနှင့် အစွန်အဖျားဒေသများဆီက စစ်မက်ပဋိပက္ခများ အဆုံးသတ်ရေးဟူသည့် စိန်ခေါ်မှုကြီးကလည်း ရှိနေပြန်သည်။ 

“သည်ကနေ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးပြဿနာကတော့ ပြည်သူအများစုအမြင်မှာ ခိုင်မာတဲ့ အပြောင်းအလဲတစ်ခု ဒါမှမဟုတ် နိစ္စဓူဝလူမှုဘဝတိုးတက်ကောင်းမွန်အောင် မလုပ်ပေးနိုင်ဘူးလို့ မြင်နေတဲ့ကိစ္စပါပဲ” ဟု ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ နိုင်ငံရေးလေ့လာဆန်းစစ်သူအဖြစ် ရပ်တည်နေသည် ဦးခင်မောင်ညိုက သုံးသပ်ပြောကြားသည်။ 

“သာမန်ပြည်သူတွေက အများကြီး မျှော်လင့်ထားကြတာ” 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာ့စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်အထွက်နည်းမှုနှင့် ပြည်ပတင်ပို့မှုလျော့ကျမှုမှ ရုန်းထွက်လွတ်မြောက်လာပြီဖြစ်သည်ဟု အကဲဖြတ်သည်။ 

“မြန်မာနိုင်ငံ၏ ကနဦးစီးပွားရေးဖြေလျှော့မှုက အားရစရာကောင်းလောက်တဲ့ တိုးတက်မှုတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချမှုများကို ဦးဆောင်ဖန်တီးပေးနိုင်ခဲ့သည်။ ယခုအခါ ရလာသောအရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းတစ်ခု ထပ်မံပေါ်ပေါက်လာရန် လိုအပ်သည်” ဟု ပြီးခဲ့သည့် နိုဝင်ဘာလကထွက်ပေါ်ခဲ့သော IMF အစီရင်ခံစာက ဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့မှ ရင်းနှီးမြှုပ်နှံမှုများ အလွန်နည်းပါးနေသော်လည်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် စင်ကာပူစသော အာရှနိုင်ငံများမှ ခိုင်မာသည့် အရင်းအနှီးဝင်ရောက်လာမှုများကြောင့် မြန်မာသည် အရှေ့တောင်အာရှဒေသတွင် စီးပွားရေးစွမ်းဆောင်မှု အားအကောင်းဆုံးနိုင်ငံများစာရင်းထဲသို့ပါရှိသွားခဲ့သည်။ ဂျီဒီပီမှာယမန်နှစ်က ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်အတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်းထိရှိလာလိမ့်မည်ဟု မျှော်လင့်ရသည်။ ကမ္ဘာ့ဘဏ်ကမူ ယခုနှစ်ဝက်ကာလအကျော်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ရောက်မည်ဟု ဟောကိန်းထုတ်ထားသည်။ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများနှင့် စီးပွားရေးဖြေလျှော့ပေးမှုများကို အနောက်ကုမ္ပဏီများက အပြည့်အဝထိတွေ့လာခြင်း မရှိသေးသော်လည်း အချို့သောပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက မြန်မာ့စီးပွားရေးအပေါ် အကောင်းမြင်ကြသည်။ ယင်းသို့သော ပုဂ္ဂိုလ်များထဲတွင် Yoma Bank ၏ အမှုဆောင်အရာရှိချုပ် Hal Bosher လည်း ပါဝင်သည်။ 

“မြန်မာပြည်ထဲကို ရောက်လာတဲ့အခါတိုင်း လူတိုင်းအံ့အားသင့်သွားကြတယ်။ ကျွန်တော်ထင်ပါတယ်၊ မြန်မာ့စီးပွားရေးဟာဒေါ်လာ ၆၀ ကနေ ၇၀ ဘီလီယံဆိုတဲ့ တရားဝင်ကိန်းဂဏန်းတွေထက် ပိုမိုကြီးမားတယ်။ ဂျီဒီပီဆိုတာလည်း တရားဝင်သတ်မှတ်ထားတာထက်ကို နှစ်ဆလောက်ရှိမယ်ထင်တယ်” ဟု ၎င်းက မြန်မာနိုင်ငံစီးပွားရေး တိုးတက်မှုနှင့်ပတ်သက်၍ အပြုသဘောဆောင်စွာ မှတ်ချက်ပေးသည်။ 

စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သည့် ထင်မြင်သုံးသပ်ချက်များမည်သို့ပင်ရှိထားသော်ငြားလည်း ဘင်္ဂါလီကိစ္စမှာ ယနေ့အချိန်အထိ ကြီးမားသည့်စိန်ခေါ်မှု ဖြစ်နေဆဲပင်။ “မြန်မာနိုင်ငံရဲ့ ဇာတ်လမ်းက ခုချိန်မှာ အင်မတန်ဆိုးသလိုဖြစ်နေတယ်။ ကျွန်တော်တို့လို ပုဂ္ဂလိကကဏ္ဍတွေမှာတောင် ပထမဆုံးပြောစရာဖြစ်လာတာက ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စပဲ။ အဲဒီမြန်မာဇာတ်ကြောင်းကို အမှန်အတိုင်းဖြစ်အောင်လုပ်ဖို့လိုမယ်” ဟု Parami Energy Group ၏ အမှုဆောင်အရာရှိချုပ် ဦးကံထွန်းကဆိုသည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင် တပ်မတော်ကအခြေခံဥပဒေ၏ အရေးပါသောလုပ်ပိုင်ခွင့်အာဏာကို ရယူထားပြီး ပြည်ထဲရေး၊ နယ်စပ်ဒေသလုံခြုံရေး စသည်တို့ကဲ့သို့သော အရေးကြီးသည့် ဝန်ကြီးဌာနများမှာ တပ်မတော်၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဆဲပင်။ အရပ်သားအစိုးရအနေနှင့် စစ်တပ်ကိုထိန်းချုပ်နိုင်ခြင်းမရှိသလို နယ်စပ်လုံခြုံရေးကိစ္စများကိုလည်း ချုပ်ကိုင်ခွင့်မရှိကြောင်း ရှောင်တာနယ်လ်ကဆိုသည်။ 

သို့အတွက်ကြောင့် ကြီးမားသည့်ဂယက်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိသလို လူအများမျှော်လင့်ထားသည့်အတိုင်း နိုင်ငံစုံပါဝင်သည့် ကော်ပိုရေးရှင်းကြီးများ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာအောင်လည်း ဖန်တီးနိုင်ခြင်းမရှိခဲ့ပေ။ 

“ကျွန်တော်တို့တွေ့ချင်မြင်ချင်တဲ့ကုမ္ပဏီကြီးတွေ၊ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့တဲ့နိုင်ငံအတွက် အရေးကြီးတဲ့နည်းပညာညာတွေ၊ လုပ်ထုံးလုပ်နည်းတွေ စတဲ့ဒီမိုကရေစီရဲ့ ဝေစုတွေမရခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်မှတ်ချက်ပေးသည်။

CTHan ဘာသာပြန်ဆိုသည်။

Ref: Bloomberg