News

POST TYPE

ARTICLE

လဲကျလျှင်ပြန်ထ ဘဝကိုပြန်စ အောင်မြင်ခဲ့သူများ
07-Jul-2018 tagged as



အေဘရာဟင် လင်ကွန်း (Abraham Lincoln)

သူ့ကို ၁၈၀၉ ခုနှစ်တွင် မွေးဖွားသည်။ အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ထင်ရှားသည်။ လူ့အခွင့်အရေးတိုက်ပွဲကို ဦးဆောင်ခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကျေးကျွန်စနစ် ပပျောက်ရေးအတွက် တိုက်ပွဲဝင်ပေးခဲ့သူတစ်ဦးဖြစ်သည်။ သို့သော် သူ့ဘဝသည် လွယ်ကူစွာဖြင့် ဖြတ်သန်းပြီး သမ္မတဘဝ ရောက်ခဲ့ရသူတစ်ဦးတော့ မဟုတ်ပေ။ သမ္မတအဖြစ် အစိုးရအဖွဲ့မရောက်မီက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူဖြစ်သည်။

၁၈၃၂ ခုနှစ် သူ့အသက် ၂၃ နှစ်အရွယ်တွင် အလုပ်လက်မဲ့ဘဝ ရောက်ခဲ့ရဖူးသည်။ ရှေ့နေလုပ်တော့လည်း မအောင်မြင်။ အသက် ၂၆ နှစ်အရွယ်တွင် ချစ်သူကွယ်လွန်သွားသည်။ နောက်သုံးနှစ်အကြာတွင် အီလီနွိုက်ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်အရွေးခံရာ ရှုံးနိမ့်ပြန်သည်။ ၁၈၄၈ ခုနှစ် အသက် ၃၉ နှစ်အရွယ်တွင် ဝါရှင်တန်ဒီစီ၌ ကော်မရှင်နာအဖြစ် ဝင်ရောက်အရွေးခံရာ ရှုံးနိမ့်သည်။ နောက် ၁၀ နှစ်အကြာ အသက် ၄၉ နှစ်အရွယ်တွင် အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်အရွေးခံရာ ရှုံးပြန်သည်။ သူ့ဘဝကိုကြည့်လိုက်လျှင် ကိုယ်ရေးကိုယ်တာ၊ အလုပ်၊ နိုင်ငံရေး ဘာလုပ်လုပ် အရှုံးတွေနှင့်သာ ရင်ဆိုင်နေရကြောင်းတွေ့ရမည်။ သို့သော် လင်ကွန်းသည် လွယ်လွယ်နှင့် စိတ်ပျက်လက်လျှော့တတ်သူတစ်ယောက် မဟုတ်။

၁၈၄၆ ခုနှစ်တွင် အမေရိကန် အောက်လွှတ်တော်အမတ်အဖြစ် စတင်ရွေးကောက်တင်မြှောက်ခြင်း ခံလိုက်ရသည်။ သူက အောက်လွှတ်တော်တွင် ကျေးကျွန်စနစ်ကို ဖျက်သိမ်းရန်အတွက် ဥပဒေကြမ်းတင်သွင်းကာ တိုက်ပွဲဝင်ခဲ့သည်။ ၁၈၆၁ ခုနှစ် အသက် ၅၂ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သူ့မျက်နှာ သွင်ပြင်ကို ယနေ့တိုင် အမေရိကန်ပြည်ထောင်စုသုံး ဒေါ်လာစက္ကူများပေါ်တင်ကာ ဂုဏ်ပြုခြင်းခံခဲ့ရသည်။ 

အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)

အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ်တွင် မွေးဖွားသည်။ ဉာဏ်အလွန်ကောင်းသူ အတော်ဆုံး သိပ္ပံပညာရှင်အဖြစ် ထင်မှတ်ထားသူသည် တစ်ချိန်က ဆုံးရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူဖြစ်သည်။ သူငယ်စဉ်က လေးနှစ်သားအရွယ်အထိ စကားမပြောတတ်ပေ။ ၁၈၉၅ ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် ဇူးရစ်ရှိ Swiss Federal Polytechnic ကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုရာ ကျရှုံးခဲ့သည်။

သူသည် တက္ကသိုလ်က ဘွဲ့ရသည်ဆိုသော်လည်း မကြာခဏ ကျောင်းထွက်လိုက် ပြန်တက်လိုက်လုပ်ပြီးမှ ဘွဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က သူ့ဖခင်ကွယ်လွန်သွားသဖြင့် ဘဝကို ခက်ခဲကျပ်တည်းစွာဖြင့် ရုန်းကန်နေရသောကြောင့်ဖြစ်သည်။ ဖခင်ဖြစ်သူ အသက်ရှင်စဉ်ကလည်း သူ့သားကို အောင်မြင်မည့်သူတစ်ဦးဖြစ် လိမ့်မည်ဟု မည်သည့်အခါကမှ သတ်မှတ်ခြင်းမခံခဲ့ရပေ။

နောက်ဆုံး ဘွဲ့တစ်ခုရလာပြီးနောက် အလုပ်လက်မဲ့ဘဝဖြင့် လျှောက်သွားနေခဲ့ရသည်။ နောက်ဆုံး အာမခံကုမ္ပဏီတစ်ခုတွင် အရောင်းကိုယ်စားလှယ်အဖြစ် ဝင်လုပ်သည်။ အာမခံလက်မှတ်များကို တစ်အိမ်တက်ဆင်း ရောင်းချရသည့်အလုပ်ဖြစ်သည်။ နောက် ၂ နှစ်အကြာတွင် မူပိုင်ခွင့်ရုံးတွင် လက်ထောက် စစ်ဆေးရေးအရာရှိအဖြစ် အလုပ်ရသည်။ မူပိုင်ခွင့်လာတင်သည့် ပစ္စည်းများကို အကဲဖြတ်စစ်ဆေးရသည့် အလုပ်ဖြစ်သည်။ 

ထိုသို့ မအောင်မြင်သည့်လုပ်ငန်းများကို လုပ်ကိုင်နေရင်းက သူသည် Relativity Theory ကို ဖော်ထုတ်လိုက်နိုင်မှ လူသိလာသည်။ ထိုအချိန်မှ သူ့ကို သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်အဖြစ် အသိအမှတ်ပြုလာကြသည်။ သူက စကြဝဠာကြီး၏ စနစ်အကြောင်းများကို တည်ဆောက်ပြသည်။ ရူပဗေဒသဘောတရားများအပေါ် အခြေခံပြီး စကြဝဠာကြီးတည်ဆောက်ဖွဲ့စည်းပုံများကို ဟောပြောပို့ချခြင်း စာအုပ်စာတမ်းများ ရေးသားပြုစုရာမှ ထင်ရှားလာခဲ့ရသည်။ ၁၉၂၁ ခုနှစ်တွင် Quantum Theory ကို စတင်ဖော်ထုတ်ခဲ့သူအဖြစ် နိုဘယ်လ်ဆု ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဘီယွန်းဆေး နိုးစ် (Beyonce Knowles)

သူ့ကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားသည်။ အနုပညာလောကတွင် ကြယ်ပွင့်တစ်ပွင့်အဖြစ် ထင်ရှားလာသော်လည်း သူ့ဘဝတွင် ဆုံးရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ငယ်စဉ်ကတည်းက ဘာလုပ်လုပ် အဆင်မပြေသည်ကများသောကြောင့် စိတ်ပျက်ခဲ့ရသည်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာပါပြီး Girl’s Tyme ဆိုသည့် အမျိုးသမီးများ စုပေါင်းထားသောအဖွဲ့လေးကို စတင်ထူထောင်ကာ ဂီတကိုဖန်တီးကြသည်။

သို့သော် သူတို့အဖွဲ့က မအောင်မြင်ပေ။ အသက် ၈ နှစ်သမီးလောက်ကတည်းက ဖွဲ့စည်းထားသည့် Girl’s Tyme အဖွဲ့သည် ၇ နှစ်အကြာတွင် ပြိုကွဲသွားခဲ့သည်။ ဘီယွန်းဆေး၏ ဖခင်မက်သရူးနိုးစ်သည် သူ၏ ဆေးပစ္စည်းအရောင်းသမားဘဝက ထွက်လိုက်ပြီး သမီးဝါသနာပါသည့်လုပ်ငန်းကို ပါရမီဖြည့်ကာ ကြီးကြပ်စီမံပေးသည်။ ထိုစဉ်က သူတို့မိသားစုတွင်လည်း ငွေကြေးအခက်အခဲများ ရင်ဆိုင်နေရချိန်ဖြစ်သည်။ သမီးကို ယုံကြည်စိတ်ဖြင့် ဘဝကို ပုံပေးလိုက်ခြင်းဖြစ်သည်။

နောက်ပိုင်း Destiny’s Child ဆိုသည့် အဖွဲ့ကို ထပ်မံထူထောင်သည်။ ယခင် Girl’s Tyme အဖွဲ့ ဝင်အဖြစ် ၆ ဦးရှိသော်လည်း ယခု ၄ ဦးသာ သတ်မှတ်လိုက်သည်။ မအောင်မြင်စွာဖြင့် ဖြတ်သန်းရင်း နောက်ဆုံး သူ့အဖွဲ့တွင် ၃ ဦးသာ ကျန်တော့သည်။ 

၁၉၉၆ ခုနှစ်တွင် သူတို့သုံးဦးအဖွဲ့လေးသည် Columbia Records ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုသို့အောင်မြင်မှုလမ်းစကို ရောက်လာမှ အဖွဲ့ဝင်နှစ်ဦးက ထွက်သွားပြန်သည်။ ထို့ကြောင့် နောက်ထပ် အဖွဲ့ဝင်နှစ်ဦးကို အမြန်ဆုံးထပ်မံဖြည့်ဆည်းရပြန်သည်။ အဖွဲ့ဝင်သုံးဦးတည်းနှင့် ပြန်လည်ပြီး ထူထောင်ခဲ့ရာမှ အောင်မြင်မှုများကို ရခဲ့ခြင်းဖြစ်သည်။ 

ချားလ်စ် ဒါဝင် (Charles Darwin)

အေဘရာဟင် လင်ကွန်းမွေးဖွားသည့်နှစ် ၁၈၀၉ ခုနှစ်နှင့် အတူတူပင်ဖြစ်သည်။ သူ့ကို ဖခင်ဖြစ်သူက ပင် အောင်မြင်မည့်သူတစ်ဦး မဖြစ်နိုင်ကြောင်း အထင်သေးခြင်းခံရသည်။ ဖခင်က ဆေးပညာသင်ပြီး ဆရာဝန်ဖြစ်စေချင်သည်။ သူက သဘာဝပတ်ဝန်းကျင်ကိုသာ စိတ်ဝင်စားသည်။ ၁၈၂၇ ခုနှစ်တွင် ဖခင်စိတ်တိုင်းကျ အီဒင်ဘတ်တက္ကသိုလ်တက်ခဲ့ပြီး ဆေးပညာကို သင်ကြားနေသော်လည်း ကျောင်းဆက်မတက်ဘဲ ထွက်ခဲ့သည်။ ဖခင်က “မင်းဟာ သေနတ်တစ်လက်နဲ့ လျှောက်ပစ်ဖို့ပဲ နားလည်တယ်။ ခွေးတွေနဲ့ ကြွက်လိုက်ဖို့ပဲ သိတယ်”ဟု ပြစ်တင်ပြောဆိုသည်ကို မခံချင်ဖြစ်ကာ ကျောင်းထွက်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်ကြိမ် ကျောင်းပြန်တက်သည့်အခါတွင် ကင်းဘရစ်ခ်ျတက္ကသိုလ် လက်အောက်ရှိ ခရစ်ကောလိပ်သို့သာတက်သည်။ ၁၈၃၁ ခုနှစ်တွင် ကျောင်းတက်ရသည်ကို စိတ်ပျက်လာပြန်သည်။ နောက်တစ်ကြိမ် ကောလိပ်က ထွက်ပြေးပြန်သည်။

သူ၏ဘဝမှတ်တမ်းတွင် သူ့ဖခင်က သူ့အပေါ် မကြိုက်သလို သူကလည်း သဘောမကျပုံများကို ရေးသားထားသည်။ ကျွန်ုပ်၏ဆရာများနှင့် အဖေများကြားတွင် ကျွန်ုပ်သည် သာမန်ကောင်လေးတစ်ကောင်သာ ဖြစ်သည်။ သူတို့လောင်းရိပ်အောက်တွင် ကျွန်ုပ်သည် တိုးတက်နိုင်စရာအကြောင်းမရှိဟု ရေးသားခဲ့သည်။ ထို့ကြောင့် သူက သူ့ဘဝအတွက် သူ့ဘာသာသူ ဖောက်ထွက်ရန် ဆုံးဖြတ်လှုပ်ရှားခဲ့သည်။

သူ့ဖခင်လမ်းကြောင်းကို မလျှောက်ဘဲ သူဝါသနာပါသည့်လမ်းကို လျှောက်လှမ်းခဲ့ရင်းက သူသည် သိပ္ပံပညာလောကတွင် ထင်ရှားသူတစ်ယောက်ဖြစ်ခဲ့ရသည်။ သူ၏ သဘာဝအပေါ် ရှုမြင်သုံးသပ်ပုံနှင့် လူသားနှင့် သတ္တဝါများ၏ ဆင့်ကဲဖြစ်စဉ် သုံးသပ်ချက်များမှာ အားလုံးက အံ့ဩစရာကောင်းလောက်အောင် ဖြစ်ခဲ့ရသည်။

ချာလီ ချက်ပလင် (Charlie Chaplin)

ချာလီချက်ပလင်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၈၈၉ ခုနှစ်က မွေးဖွားသည်။ ငယ်စဉ်ကတည်းက ဆင်းရဲရိုင်းစိုင်းကြမ်းတမ်းသည့် ဝန်းကျင်တွင် ကြီးပြင်းလာရသူဖြစ်သည်။ သူ့ကို ၂ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူက စွန့်ပစ်ခဲ့သည်။ မိခင်နှင့်အတူ ပစ်ထားခြင်း ခံခဲ့ရသည့်ချာလီသည် အထည်ချုပ်၊ အိမ်ဖော်လုပ်ငန်းများဖြင့် မိခင်က ကျွေးမွေးစောင့်ရှောက်ခြင်းကြောင့်သာ အသက်ရှင်ခဲ့ရသူဖြစ်သည်။ အသက် ၇ နှစ်သားအရွယ်တွင် စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရသည်။ မိဘမဲ့များ ခိုကိုးသည့်ဂေဟာများတွင် လှည့်လည်ရင်း စေလွှတ်သည့်လုပ်ငန်းခွင်များတွင် အလုပ်များကို ဝင်လုပ်ပေးကာ ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရရှာသည်။

သူ့အသက် ၉ နှစ်သားအရွယ်တွင် သူခိုကိုးသည့် ဂေဟာမှ မိခင်ထံ ခေတ္တပြန်လာခွင့်ရသည်။ သို့သော်မိခင်က စိတ်ဝေဒနာခံစားနေရသောကြောင့် သူ့ကို ဂေဟာသို့ ပြန်ပို့ခြင်းခံရသည်။ နောက် ၂ နှစ်ခန့်အကြာတွင် ဖခင်ဖြစ်သူကလည်း အရက်သမားဖြစ်သောကြောင့် အသည်းခြောက်ရောဂါဖြင့် သေဆုံးသည်။ 

ချာလီ၏ မိခင်သည် စိတ်ဝေဒနာကိုခံစားပြီး ကုသနေရာမပျောက်သဖြင့် ကွယ်လွန်ချိန် ၁၉၂၈ ခုနှစ် အထိ စိတ္တဇဆေးရုံတွင်သာ နေသွားရရှာသည်။ ထိုအချိန်တွင် ချာလီနှင့် ညီဖြစ်သူ ဆစ်ဒနီတို့သည် သူတို့ ဘာသာရပ်တည်နိုင်အောင် ကြိုးစားရပ်တည်နေကြရသည်။ စားစရာမရှိသဖြင့် ညီအစ်ကိုနှစ်ယောက် အငတ်နေခဲ့ရသည့်နေ့များပင် ရှိခဲ့သည်။ 

ဘဝကိုခက်ခဲစွာ ရုန်းကန်နေရချိန်တွင် ချာလီသည် ပြဇာတ်တစ်ခုတွင် ပါဝင်ခွင့်ရခဲ့သည်။ သူ၏ ဟာသဉာဏ်စွမ်းနှင့် သရုပ်ဆောင်နိုင်မှုအပြင် တီထွင်ထားသည့် ခြေကကြောင့် နာမည်ရလာသည်။ တဖြည်းဖြည်း ဟောလီးဝုဒ်သို ခြေချလာနိုင်ပြီး ကမ္ဘာကျော်ဖြစ်ခဲ့ရသည်မှာ မဆုတ်မနစ်သူ၏ ကြိုးစားလိုစိတ်များကြောင့် ဖြစ်သည်။ အသံတိတ်ရုပ်ရှင်တစ်ခေတ်တွင် ချာလီချက်ပလင်ဆိုသည့် မှတ်တိုင်တစ်တိုင်ကို စိုက်ထူနိုင်ရန်အတွက် သူ့တွင် ပေးဆပ်ရင်းနှီးခဲ့ရသော ကာလများစွာမှာ ခါးသီးဖွယ်ရာဖြစ်ခဲ့သည်။

  • TAGS