News

POST TYPE

ARTICLE

လွဲနေတာတွေ
07-Jul-2018 tagged as

အခုထိုင်းနိုင်ငံမှာ ဂူတစ်ခုအတွင်း ပျောက်ဆုံးနေတဲ့ကလေးတွေ ပြန်တွေ့ပြီဆိုတော့ ထိုင်းတစ်နိုင်ငံလုံး ဝမ်းသာကြတယ်။ အရှေ့တောင်အာရှဒေသတစ်ခုလုံး ဝမ်းသာကြတယ်။ နောက်ဆုံး တစ်ကမ္ဘာလုံး ဝမ်းသာကြတယ်။ ကာယကံရှင်မိသားစုဝင်တွေဆို ပြောဖွယ်မရှိတော့ဘူး။ သို့သော် ဒီဘက်မြန်မာနိုင်ငံမှာတော့ အချို့လူတွေက ဒီဖြစ်ရပ်ကို သံသယနဲ့တုံ့ပြန်ကြတယ်။ ဒါ မရိုးသားဘူးပေါ့။ တစ်ချိန်မှာ ထိုင်းဘက်ခြမ်းကတစ်ဆင့် မြန်မာဘက်ကို စစ်ဆင်ရေးလုပ်ဖို့ စမ်းသပ်လေ့ကျင့်မှုတစ်ခု၊ ဒါမှမဟုတ်လည်း ထိုင်းအစိုးရက ထိုင်းနိုင်ငံပုံရိပ်ကို ကမ္ဘာသိအောင်မြှင့်တင်ဖို့ လုပ်ကြံကြိုးစားမှုတစ်ခုလို့ ထင်မြင်ကြတယ်။ ထင်မြင်ယူဆချက်တွေ အသေးစိတ်ဖတ်ရှုကြည့်တော့လည်း ဟုတ်သလိုလိုတော့ ရှိနေသားပဲ။ တကယ်လုပ်ကြံတယ်ဆိုရင်လည်း တစ်နေ့ သတင်းအမှန်ထွက်လာမှာပါ။ ကလေးတွေအပြင်ရောက်လို့ မပြောကောင်း၊ မဆိုကောင်း တစ်ခုခုဖြစ်တယ်ဆိုရင်တောင် ဒါ နှုတ်ပိတ်ခံရတယ် ပြောဦးမှာလေ။ လောကကြီးက ရှုပ်ပါတယ်ဗျာ။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အထပ်ရာကျော်မြင့်တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာနှစ်လုံး အတိုက်အခိုက်ခံရတယ်။ ဒါကို အရှေ့အလယ်ပိုင်းဒေသကို ဝင်ရောက်စွက်ဖက်ချင်လို့ အမေရိကန်အစိုးရနဲ့ စီအိုင်အေက နောက်ကွယ်က ကြိုးဆွဲတဲ့လုပ်ရပ်ဆိုပြီး ပြောကြတာတွေရှိတယ်။ အဲဒါကို လက်ခံတဲ့သူတွေကလည်း လက်ခံတယ်ဗျ။ ကိုယ်တွေ့မို့လို့ ပြောတာပါ။ 

အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကတော့ နည်းနည်းပိုလွန်းတယ်။ ဖြစ်စဉ်တစ်ခုကို သုံးသပ်ပုံတွေက သံသယများလွန်းတယ်။ အထူးသဖြင့် နိုင်ငံရေးပေါ့။ ဖြစ်နိုင်ခြေအားလုံးကို သုံးသပ်တဲ့အခါကျတော့ ဘာမဆိုဖြစ်နိုင်တယ် ဖြစ်သွားတယ်။ နောက်တွေးပါများ၊ သုံးသပ်တာများတော့ မှန်တာတွေလည်း ရှိလာတာပေါ့။ အချို့သူတွေက ထင်ကြတယ်။ ငါ့စိတ်ထဲတွေးလိုက်ရင် ဖြစ်ဖြစ်လာတယ်ပေါ့။ အရမ်းတွေးတာကိုး။ အကုန်တွေးတာကိုး။ အကုန်ချိန်ဆက်တာကိုး။ ဖြစ်တဲ့ဟာလည်း ဖြစ်လာမှာပေါ့။ မြန်မာနိုင်ငံမှာက လူတွေက အထွေထွေစိတ်ပိုင်းဆိုင်ရာပြဿနာလို ဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင်လည်း ပါ,ပါတယ်။ တစ်ခုခုဆို သံသယနဲ့တုံ့ပြန်တယ်။ ဘာမဆို အယုံအကြည်နည်းလာတယ်။ ဘယ်သူမှ မကောင်းဘူးဆိုတာမျိုး တွေးကြတယ်။ လောဘတွေ၊ အတ္တတွေကြီးလာတယ်။ မလုပ်ရသေးဘူး၊ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကြိုတွေးတယ်။ ကောင်းမွန်တဲ့စိတ်တွေ၊ ကူညီလိုမှုတွေ၊ ကြိုးစားအားထုတ်မှုတွေဟာ ပျောက်ဆုံးနေတတ်ပြီး တစ်ခါတလေလည်း အဲဒီစိတ်တွေကို ကိုယ့်မသိစိတ်က အဆုံးစီရင်ပစ်နေတယ်။ ဒီလိုဖြစ်တာကလည်း မြန်မာနိုင်ငံသားတွေ နှစ်ပေါင်းများစွာ နေ့စဉ်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စ အများစုကလည်း ဒီလိုနဲ့ပဲ တအိအိသွားနေတာလေ။ ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာတွေ ပေါ်လာတော့ ပိုဆိုးသွားတယ်။ သတင်းတွေကလည်း ပေါင်းစုံဖြစ်တယ်။ လူတွေက သတင်းတွေဖတ်ပြီး တစ်ခါတလေလည်း ဒေါသထွက်ကြတယ်။ တစ်ခါတလေလည်း ဝမ်းနည်းကြေကွဲကြတယ်။ တစ်ခါတလေလည်း ပျော်ရွှင်ကြည်နူးကြတယ်။ တစ်ခါတလေလည်း နောက်သလိုလိုနဲ့ ပြီးသွားတယ်။ လွဲနေတာတွေ ပြောပါတယ်။ 

ဒီလိုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ မသိစိတ်၊ အသိစိတ်အာရုံတွေမှာ အကောင်းထက်၊ အဆိုးတွေက များလာတယ်။ လက်ဦးမှု ယူလာတယ်။ တော်တဲ့သူကို နေရာပေးတာထက် သစ္စာရှိမှုကို အခြေခံတာများလာတယ်။ သစ္စာရှိကြောင်းပြသဖို့ နောက်လိုက်တွေဟာ ခေါင်းဆောင်အကြိုက် လိုက်လုပ်ကြတယ်။ ခေါင်းဆောင်ချစ်ရင် လိုက်ချစ်တယ်။ ခေါင်းဆောင်မုန်းရင် လိုက်မုန်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ နေရာတကာ လိုက်စိုက်ထူတယ်ဆိုတာ အဲဒါရဲ့ သက်ရောက်မှုတွေပဲ။ ကျွန်တော်နေတဲ့ စင်ကာပူနိုင်ငံဆိုလည်း အာရှသားတွေပါ။ သူတို့ခေါင်းဆောင် သူတို့ချစ်ကြပါတယ်။ စင်ကာပူခေါင်းဆောင် လီကွမ်ယူး သိတယ်နော်။ လီကွမ်ယူးက ၂၀၁၅ ခုနှစ် အသက် ၉၁ နှစ်အရွယ်မှာ ဆုံးသွားတယ်။ တစ်ကမ္ဘာလုံးကခေါင်းဆောင်တွေက ဝမ်းနည်းစကားတွေ ပြောကြား၊ သဝဏ်လွှာတွေ ပို့ခဲ့ကြတယ်။ တစ်နိုင်ငံလုံး တစ်ပတ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာခဲ့တယ်။ ၂၄ နာရီအတွင်း လူ ၄ သိန်းကျော်ဟာ စင်ကာပူ ပါလီမန်မှာ ထားရှိတဲ့ လီကွမ်ယူး ရုပ်အလောင်းကို ဂါရဝပြုခဲ့ကြတယ်။ ရုပ်အလောင်းသယ်ဆောင်ရာ လမ်းတစ်လျှောက်မှာလည်း ပြည်သူထောင်ပေါင်းများစွာဟာ ဝမ်းနည်းကြေကွဲစွာ ဂါရဝပြုခဲ့ကြတယ်။ အခု စင်ကာပူမှာရောက်နေတာ တစ်လရှိပြီ။ နေရာတော်တော်များများ ရောက်ခဲ့ပြီ။ လီကွမ်ယူးရုပ်တု တစ်ခါမှ မတွေ့သေးဘူး။ အခြားအာရှနိုင်ငံတွေလည်း ရောက်ပါတယ်။ သူတို့လေးစားရတဲ့ ခေါင်းဆောင်ရုပ်တုတွေ မရှိဘူးမဟုတ်ဘူး၊ ရှိပါတယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လို့ ရတယ်ဗျာ။ မြန်မာနိုင်ငံမှာက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မြို့တိုင်း၊ ရွာတိုင်း ရှိရမယ်များ စီမံချက်ချထားလားတော့ မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းသာ သိခဲ့ရင်လေ။ ရှက်လိုက်မယ့် ဖြစ်ခြင်းဗျာ။ သင်ခန်းစာယူကြပါ။ နိုင်ငံရေးဆိုတာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်နေတယ်။ မြင်အောင်ကြည့်ကြပါ။ တစ်နေ့ ဘယ်သူသိနိုင်မလဲ။ နိုင်ငံရေးမှာ ဘာမဆိုဖြစ်နိုင်တယ်။ တစ်နေ့တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လူအုပ်နဲ့ ဝိုင်းဖြိုဖျက်တာတို့၊ ဆွဲလှဲတာတို့၊ ပစ်မှတ်ထား တိုက်ခိုက်တာတို့ လုပ်မလာဘူး ဘယ်သူပြောနိုင်သလဲ။ အဲဒီကျမှ တိုင်းဒေသကြီးက ကျွန်တော်တို့တွေ ရင်နာနာနဲ့ စိတ်မကောင်းဖြစ်မနေကြနဲ့။ ဗိုလ်ချုပ်ကို လုပ်ကြံတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ။ လွဲနေတာတွေ ပြောပါတယ်။

နိုင်ငံခြားမှာက ခေါင်းဆောင်နဲ့ နောက်လိုက်က မကွာလှဘူး။ နိုင်ငံခြားဆိုတာ ကျွန်တော်အခုရောက်နေတဲ့ စင်ကာပူလောက်ကို မပြောဘူး။ လူတွေ မကြိုက်လှဘူးဆိုတဲ့ ကွန်မြူနစ်တရုတ်ပြည်မှာတောင် ရုံးတစ်ရုံးမှာ အလုပ်လုပ်နေရင် ဘယ်သူက ခေါင်းဆောင်မှန်း မသိသာလှဘူး။ မှန်းဆကြည့်ရတာမျိုး ရှိတယ်။ ရုံးချိန်ပြီးလို့ အပြင်ရောက်ရင် ပိုဆိုးတယ်။ အားလုံးအတူတူဖြစ်သွားတယ်။ လူလူချင်း ပညာရေးလည်း မကွာဘူး။ အတွေ့အကြုံလည်း မကွာဘူး။ မြန်မာနိုင်ငံမှာက ခေါင်းဆောင်ဆိုရင် ဝိုင်းမနေကြတာလေ။ ခေါင်းဆောင်ပြောသမျှ လိုက်မှတ်၊ ပြီးရင် ပြန်ဖြန့်၊ ဘာမှ ချင့်ချိန်တွေးဆမှုမရှိဘူး။ တစ်ချိန်လုံး ခေါင်းဆောင်ဂုဏ်ပုဒ်ကို ထုတ်ဖော်ချီးမွမ်း နေတတ်တယ်။ ဆိုရှယ်မီဒီယာမှာဆိုလည်း အရိုင်းအစိုင်းတွေများတယ်။ ကိုယ်နှစ်သက်တဲ့ ခေါင်းဆောင်ကို ဝေဖန်ထောက်ပြတဲ့သူ ရှိရင်လည်း ဝိုင်းအာ၊ အုပ်စုဖွဲ့အနိုင်ကျင့်၊ ဖယ်ကြဉ်၊ ဒီတော့ ပြောရဲ၊ ဆိုရဲ၊ ဝေဖန်ထောက်ပြရဲတဲ့သူတွေ ပေါ်မလာတော့ဘူး။ နောက်ဆုံး ခေါင်းဆောင်က ပြောကြလေ၊ လုပ်ကြလေဆိုပြီး တိုက်တွန်းရင်တောင်အနားမှာ အကြိုက်လိုက်ပြောမယ့် သူ၊ အလိုရှိရာ လုပ်ပေးမယ့်သူတွေပဲ ကျန်တော့တယ်။ ဒီလိုနဲ့ မဆလခေတ် ဦးနေဝင်းလည်း ကျဆုံးခဲ့ပြီ။ စစ်အစိုးရ ဦးသန်းရွှေလည်း နာမည်ပျက်ခဲ့ပြီ။ 

နိုင်ငံခြားမှာက ခေါင်းဆောင်ဆိုပေမယ့် အဲဒီခေါင်းဆောင်ကို သူ့အောက်က၊ ငယ်တဲ့သူက ပြောလို့ရတယ်။ ခေါင်းဆောင်က အောက်ခြေက ပြောတာနားထောင်တယ်။ နာယူတယ်။ မှတ်သားတယ်။ လေ့လာ သင်ကြားတယ်။ ခေါင်းဆောင်ဆိုတာ ငါအကုန်သိ ငါအကုန်တတ်ရယ်လို့ မရှိဘူး။ေ_ာက်ဖျင်းနဲ့ေ_ာက်တင်းတွေများတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင်တော့ ဟုတ်မှာပေါ့။ ခေါင်းဆောင်လုပ်သမျှ အောက်က အမှန်ထင်၊ လုပ်သမျှ ခေါင်းညိတ်၊ ခေါင်းဆောင်က အောက်ကို အထင်မကြီး၊ နောက်ဆုံး မှားပြီဆိုရင် တသီချည်းပဲ။ နိုင်ငံခြားမှာ ခေါင်းဆောင်က သူ့ဘာသာသူနေတော့ လူတွေ ဝိုင်းဝိုင်းလည်နေတာမျိုး မရှိဘူး။ ဒီလိုနဲ့ အလုပ်လုပ်သွားရင်း နောက်လူကို နေရာပေးသွားတာပဲ။ သိုသိုသိပ်သိပ်ပဲ နေသွားတယ်။ ဒီတော့ မြန်မာတွေက နိုင်ငံခြားကခေါင်းဆောင်ဆိုရင် အထင်ကြီးလေ့မရှိဘူး။ ဘာခေါင်းဆောင်လည်းပေါ့။ ကိုယ့်ထီး ကိုယ်ဆောင်း၊ ကိုယ့်အိတ် ကိုယ်ဆွဲ၊ နောက်လိုက်လည်း မရှိဘူး။ ဘုန်းတန်ခိုး နည်းလှချည့်ပေါ့။ မြန်မာနိုင်ငံမှာတော့ ခေါင်းဆောင်အနား လူတွေကဝိုင်း၊ ခေါင်းဆောင်သွားလေရာ လူတွေကစု၊ တအုန်းအုန်း တကျွက်ကျွက်နဲ့၊ သာမန်ပြည်သူတွေ၊ ထောက်ခံသူတွေ အမြင်မှာတော့ တကယ့်ကြီးမြတ်ပြီး တုနှိုင်းမမီတဲ့ ခေါင်းဆောင်ကြီးပေါ့။ ခေါင်းဆောင်နဲ့ နောက်လိုက်ကြားမှာ စည်းကအကြီးကြီး “ဟ” သွားတယ်။ ခေါင်းဆောင်ကလည်း ဒါကို သာယာချင်သာယာသွားမယ်။ လူကိုဖျက်တာ လူပဲ။ နိုင်ငံရေးဆိုတာ လုပ်ရင်း၊ ကိုင်ရင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကွာဟချက်တွေကို ကျဉ်းမြောင်းစေရတယ်။ အခု ဖြစ်နေတာတွေတော့ မပြောချင်ဘူးဗျာ။ လွဲနေတာတွေ ပြောပါတယ်။

အခု ထိုင်းကလေးငယ်တွေ ပြန်တွေ့တဲ့ကိစ္စဆက်ရရင် ဒါဟာ လုပ်ကြံဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်တယ်ဆိုပြီး ရေးသားကြတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ဆိုခဲ့သလို မြန်မာ့လူ့အဖွဲ့အစည်းမှာ ယုံကြည်မှုဆိုတာ ပျောက်ဆုံးသွားပြီ။ လူတွေက စိတ်ပိုင်းဆိုင်ရာ မလုံခြုံတော့ဘူး။ လစ်ရင်လစ်သလို လုပ်နေကြတာကိုး။ သူများလုပ်လို့ ကိုယ်လည်း လုပ်တယ်ပေါ့။ ပညာတတ်လည်း ပညာတတ်မို့၊ ပညာမတတ်လည်း ပညာမတတ်မို့လို့ ဖြစ်ရပ်တစ်ခုခုဆို သံသယနဲ့ တုံ့ပြန်ကြတာများတယ်။ နိုင်ငံရေးဆို ပိုဆိုးတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြည်ပက မြန်မာနိုင်ငံကို ကျားချောင်းသလို ချောင်းနေတယ်ဆိုတဲ့ ယူဆချက်တွေ ရှိတယ်။ အမျိုး သားရေး၊ အချုပ်အခြာအာဏာနဲ့သွားပြီး ဆက်စပ်လိုက်တော့ အချို့ကိစ္စတွေက ထင်မြင်နေတာ မမှားပါဘူး။ တစ်ကမ္ဘာလုံးနဲ့ တစ်နိုင်ငံဖြစ်နေတယ်လေ။ မှားတာနဲ့ခံရမှာပဲ။ ညံ့တာနဲ့ ခံရမှာပဲ။ ယိုင်တာနဲ့ လဲမှာပဲ။ ကျွန်တော်တို့ ဒီလိုပဲ ဆက်သွားနေမလား။ အမြဲတမ်း သတိနဲ့နေကြမလား။ စဉ်းစားစရာတွေပါ။ 

ဝမ်းနည်းစရာပါပဲ။ မြန်မာနိုင်ငံဟာ အာဖရိကတိုက်မှာလည်း မဟုတ်၊ အရှေ့အလယ်ပိုင်းဒေသမှာလည်း မဟုတ်၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတဲ့ အာရှတိုက်မှာ ရှိနေပါလျက်နဲ့ မြန်မာနိုင်ငံသားတွေဟာ အဲဒီအသီးအပွင့်တွေ မခံစားကြရဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ငြင်းခုံဆွေးနွေးနေချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အချင်းချင်းအကြား အတူတူအလုပ်လုပ်ဖို့ မပြောနဲ့၊ သတ်ဖြတ်ကြဖို့တောင် ဝန်မလေးတဲ့အဆင့်ကို ရောက်နေပြီ။ အဲဒီအခြေအနေတွေ ဘယ်တော့များမှ ပြောင်းလဲပါ့မလဲ။ ကျွန်တော့်အမြင်နော်။ ပြောင်းလဲဖို့ မလွယ်ပါဘူး။ ဒီအတိုင်းပဲ ဆက်ရှိနေပါလိမ့်မယ်။ သို့သော် လူ့အဖွဲ့အစည်းတစ်ခုမှာ လွဲနေတာတွေ သိပ်များလာပြီဆိုရင် အပြောင်းအလဲဆိုတာ တစ်နေ့ဖြစ်လာပါလိမ့်မယ်။ ဘယ်သူလဲ။ ဘယ်လိုပုံစံလဲ။ ဘယ်တော့လဲ။ ကျွန်တော် မသိပြီ။

အောင်အောင် (IR)

  • TAGS