News

POST TYPE

ARTICLE

ဗိုလ်ချုပ်ကို တကယ်ချစ်တာရော ဟုတ်ကြလို့လား
07-Jul-2018

ဇူလိုင်လ ၁၉ ရက်နေ့ဆိုရင် ၇၁ နှစ်မြောက် အာဇာနည်နေ့ ကျရောက်တော့မှာမို့ နေ့စဉ်ထုတ်သတင်းစာတွေ၊ အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ ဗိုလ်ချုပ်အကြောင်းတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းနဲ့ ဆက်စပ်ပတ်သက်တာတွေကို ခပ်စိပ်စိပ် ဝေဝေဆာဆာ ရေးသားဖော်ပြလာကြတာတွေလည်း မြင်နေရပါပြီ။ အာဇာနည်နေ့နီးလာတိုင်း ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း ဟောပြောကြ ပြုလုပ်ကြသလို အခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ထူးခြားမှုတစ်ခုအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အနယ်နယ်အရပ်ရပ် မြို့ရွာအနှံ့မှာ စိုက်ထူလာနေကြတာ မြင်ကြရပါတယ်။ ဒီလို စိုက်ထူကြတဲ့အခါမှာလည်း ပုံသဏ္ဌာန်အမျိုးမျိုး ထွက်ပေါ်လာနေတာတွေကိုလည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေအထက်မှာ မြင်ကြပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာ (၇၁) နှစ်မြောက် ရှိခဲ့ပြီဖြစ်သလို အာဇာနည်နေ့ကျင်းပခဲ့ကြတာ ၇၁ ကြိမ်ရှိခဲ့ပြီလို့ ပြောလို့ရနိုင်ပေမယ့် အမှန်ဆိုရင် ဒီအခမ်းအနားကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ လူတန်းစားမရွေး ပါဝင်တက်ရောက်ပြီး အလေးပြုခွင့်ရတဲ့အကြိမ်က နည်းပါးလှပါတယ်။  

၁၉၄၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ နှစ်ပေါင်း ၃၂ နှစ်လောက်အတွင်းမှာတော့ အာဇာနည်နေ့ဆိုရင် ကျောင်းတွေ၊ မြို့တွေ၊ ဈေးတွေမှာစုပေါင်းပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုကြတာ၊ သူတို့ကိုရည်စူးပြီး အလှူအတန်းလုပ်ကြတာ၊ သူတို့ကျဆုံးတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ တစ်နိုင်ငံလုံး ဥဩရှည်ကြီးဆွဲပြီး တစ်မိနစ်ငြိမ်သက်ပြီး အလေးပြုကြရတာ၊ အဲ့ဒီအချိန်မှာ သွားလာနေတဲ့ ယာဉ်ရထားအားလုံး ရောက်တဲ့နေရာမှာရပ်နားပြီး အလေးပြုကြရတာ၊ ကျောင်းတွေမှာ အာဇာနည်နေ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း ရည်ရွယ်စပ်ဆိုထားတဲ့ ကဗျာ၊ တေးသီချင်း၊ ပန်းချီပြိုင်ပွဲတွေ ကျင်းပကြတာတွေကို စည်စည်ကားကား အလေးထားပြုလုပ်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒီဓလေ့တွေဟာ ကြားကာလ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၂၀၁၁ ခုနှစ်လောက်အထိ ၂၃ နှစ်လောက်အတွင်းမှာတော့ ယခင်ကလို မကျင်းပနိုင်ကြတော့ဘူး။ အာဇာနည်နေ့ရောက်ရင်တောင် ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ မဝံ့မရဲဖြစ်ကြရသလို ဗိုလ်ချုပ်ရုပ်တုတွေ စိုက်ထူဖို့လည်း မည်သူမျှ စိတ်ကူးတောင် မယဉ်ရဲခဲ့ကြတာ အားလုံးလည်းသိကြတဲ့ အခြေအနေတွေပါ။ ယခင်ကာလတစ်လျှောက်လုံး ရုံးတွေ၊ ကျောင်းတွေရဲ့ရုံးခန်းတိုင်းမှာ ရှိနေခဲ့တဲ့ ဗိုလ်ချုပ်ပုံတွေကလည်း ၂၀၀၀ ပြည့်နှစ်လောက်အရောက်မှာ နံရံအထက်ကနေ လျောကျပျောက်ကွယ်ပြီး ချောင်ကျကျ နေရာမှာသာ ထားသိုသိမ်းဆည်းခြင်းခံခဲ့ရပါတယ်။ ဒါက သမိုင်းအမှန်တွေပါ။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရသလို ဒီသမိုင်းကိုလည်း နောင်လာနောင်သား အဆက်ဆက်က အမှန်ကိုသိဖို့လိုပါတယ်။ ဒါမှ မအ,မှာပါ။ ဒီအတွက် သမိုင်းကို မအ,အောင် သင်ရတာလို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။

အာဇာနည်နေ့ရောက်ပြီဆိုရင်လည်း နံနက်စောစော အလံတင်အလေးပြုတာ၊ အဲ့ဒီနေ့မှာ အလံတစ်ဝက်ချတာတွေ ပြုလုပ်ရုံကလွဲပြီး ဒီထက်မပိုခဲ့တော့ပါဘူး။ နောက်ဆုံး တပ်မတော်ထဲကတပ်မတော်သားတွေနဲ့ ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေအနေနဲ့ ရုံးတက်ချိန်မနက်တိုင်း နိုင်ငံတော်အလံကိုအလေးပြုကြ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြတဲ့နေရာမှာ အရင်ကတော့ အစောကလို ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများလို့ သုံးနှုန်းခဲ့ရာကနေ နောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အသုံးအနှုန်းပြုတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရယ်လို့ပဲ သုံးနှုန်းခဲ့ကြရတယ်လို့လည်း ကြားမိတာတွေ ရှိပါတယ်။ 

ဒီအတွက် အဲ့ဒီကာလတွေတုန်းကဆိုရင် ၁၉၈၈ ခုနှစ်မတိုင်မီက အာဇာနည်နေ့ရောက်တိုင်း လူငယ်လူရွယ် ကျောင်းသားကျောင်းသူအပေါင်းဟာ တေးသီချင်း၊ ကဗျာတွေ ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သီဆိုကြရင်း၊ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတို့ရဲ့ အမှတ်တရပြခန်းတွေကို လှည့်လည်ကြည့်ရှုရင်း၊ အာဇာနည်နေ့မတိုင်မီ တစ်ပတ်လောက်အလိုကတည်းက ရေဒီယိုကလာတဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေကို နားထောင်ကြရင်း ဗိုလ်ချုပ်ကို လွမ်းတသသနဲ့ အားကျအတုယူဖွယ်ရာဖြစ်ခဲ့ကြရသလို ဥဩသံရှည်ကြီးကြားလို့ အားလုံးတန်းစီပြီး ငြိမ်သက်နေကြချိန်မှာလည်း မျက်ရည်ကိုယ်စီ စို့ခဲ့ကြတဲ့အဖြစ်တွေကို ယနေ့အသက် ၃၅ နှစ်နဲ့အထက် ယောကျာ်း၊ မိန်းမအားလုံးပြန်လည်ကာ လွမ်းတသသဖြစ်နေကြမှာ အမှန်ပါပဲ။

ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကစခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ပါတီစုံဒီမိုကရေစီခေတ်မှာ ဒီအာဇာနည်နေ့ကိုပြန်လည် အသက်သွင်းလို့ စည်ကားအောင် ပြန်လည်ကျင်းပလာတွေရှိခဲ့ပြီး မြို့ရွာတွေရဲ့အလယ်မှာ ဗိုလ်ချုပ်ရုပ်တုတွေကို များများစိုက်ထူရင်း အာဇာနည်နေ့မှာ ပြည်သူအများက လာရောက်အလေးပြုကြတာတွေ၊ အာဇာနည်ကုန်းကို နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်အကြီးအကဲတွေအားလုံး တက်ရောက်အလေးပြုခဲ့ကြတာတွေ ပြုလုပ်ခဲ့ကြတာ အခုဆိုရင် ခုနစ်နှစ်ကျော်လာပြီး ၈ နှစ်ထဲရောက်ရှိလာခဲ့ပါပြီ။ ဗိုလ်ချုပ်ကို ချစ်ခင်လေးစားကြသူတွေအနေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် အလှူငွေတွေ လှူတန်းကြ၊ ရိုက်ကူးဖို့စီစဉ်ကြနဲ့ အခုဆိုရင် နှစ်တောင် အတော်ရလာပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တော့ မပေါ်လာသေးပါဘူး။ နောက်ဆုံးကြားရတဲ့သတင်းတွေအနေနဲ့တော့ မကြာမီမှာ ပြန်လည်ရိုက်ကူးတော့မှာဖြစ်သလို တပ်မတော်ကလည်း ပါဝင်ကူညီပေးမယ်ဆိုတာတွေလည်း ကြားမိပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေကတော့ ယခင်ကာလ၊ ကြားကာလနဲ့ ယခုကာလတွေမှာ အာဇာနည်နေ့ကျင်းပမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချစ်ခင်လေးစားမှုနဲ့ ရုပ်တုတွေစိုက်ထူမှု အလေးပြုမှုတွေအကြောင်း ပြောင်းလဲခဲ့တဲ့အခြေအနေတွေကို နှိုင်းယှဉ်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းပြုလုပ်ကြမှုတွေဟာ ကျွန်တော်တို့တတွေအနေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်နဲ့ဝါဒတွေကို ကြိုက်နှစ်သက်ပြီး အမှန်တကယ်ရော လိုက်နာပြီး ချစ်ခင်လေးစားသမှုရှိလို့ ဒီလိုတွေလုပ်နေကြတာလား၊ အခုလိုရုပ်တုတွေ စိုက်ထူတာ၊ အာဇာနည်နေ့မှာ ချီတက်အလေးပြုကြတာတွေ လုပ်နေကြတာကလည်း အမှန်ကို ရင်ထဲကလုပ်နေကြတာလားဆိုတာတွေအပေါ် ဆက်လက်ပြောကြရအောင်ပါ။

ကျွန်တော်တို့နိုင်ငံမှာ ယခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေအရဆိုရင် တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်မှုမရှိတာ၊ ကိုယ့်လူမျိုးအချင်းချင်း မတည့်မရှု ဖြစ်နေကြတာ၊ ရာထူးနဲ့လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံကြရတဲ့အခါ အဂတိတရားတွေ လိုက်စားကြတာတွေ၊ နိုင်ငံ့အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံးဖြစ်ပြီး ဆင်းရဲနေတာ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး မပေါ်ပေါက် မဖြစ်ထွန်းသေးတာတွေကိုကြည့်ရင်တော့ ဗိုလ်ချုပ်ကို ချစ်ရာမရောက်ကြသေးဘူး၊ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေအထဲမှာပါတဲ့ အကြောင်းအရာတွေအားလုံးကို မျက်ကွယ်ပြုနေကြတုန်းပဲလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကို ကြိုသိတဲ့ ဗိုလ်ချုပ်က အဲ့တုန်းက ဘာပြောခဲ့သလဲဆိုတော့ “ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။ ဗမာပြည် လွတ်လပ်ရေးရအောင်တိုက်မယ့် တိုက်ပွဲမျိုးမှာအသုံးမချဘူး၊ ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး၊ ဗမာအချင်းချင်းချဖို့ပဲ လုပ်တတ်တယ်၊ ဒီလိုလုပ်နေလို့ ဘာမှအကျိုးမရှိဘူး”လို့ ပြောခဲ့ဖူးပါတယ်။ အမှန်တကယ်တော့လည်း ယနေ့လက်ရှိအနေအထားတွေက ဗိုလ်ချုပ်ပြောခဲ့သလိုပါပဲ။ ကိုယ့်ဗမာလူမျိုးအချင်းချင်း၊ ကိုယ့်ဗမာပါတီအချင်းချင်းတောင် သူကောင်းစားရင် ငါမနာလို၊ ငါကောင်းစားရင် သူမနာလိုနဲ့၊ အတိုက်အခံလုပ်မယ့် စိတ်ဓာတ်မျိုးတွေပဲ ကိန်းအောင်းနေကြတာ၊ အမှားကိုစောင့်မယ်၊ ဝေဖန်မယ်၊ အပြစ်တင်ကဲ့ရဲ့မယ်လို့ လုပ်နေကြတုန်း။ သူတို့အနိုင်ရရှိချိန် ငါတို့ပူးပေါင်းလုပ်ဆောင်မယ်၊ ကူညီမယ်ဆိုတဲ့စိတ်မျိုး မမွေးနိုင်ကြဘူး။ ဒါတွေဟာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်တွေပါပဲ။

နောက် ဗိုလ်ချုပ်ပြောခဲ့တာရှိသေးတယ်။ “သစ်တောမည်းနက်ထဲက မထွက်ခင် ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ပြီလို့မထင်နဲ့။ “Don’t hellow tell you, Arc out the wood” ဆိုတာ။ အခုလက်ရှိမှာတော့ ကိုယ့်နိုင်ငံက မချမ်းသာသေး၊ အစစအရာရာ ပြန်လည်ထူထောင်နေကြရပေမယ့် အထက်ပိုင်း အစိုးရလူကြီးမင်းအပေါင်းကတော့ ချမ်းသာတဲ့နိုင်ငံကသူတွေလို လစာစည်းစိမ်တွေကို ခံစားစံစားနေကြတာ။ နောက်တစ်ခါ ဗိုလ်ချုပ်ပြောတဲ့အထဲမှာ “ခေတ်ကြီးတစ်ခေတ် လုံးလုံးလုံးလျားလျား ပြောင်းနေတာကို ဘယ်သူမှမသိဘူး၊ အစိုးရအရာရှိတွေကလည်း ရှေးက မင်းစိတ်စိုးစိတ်တွေ မပျက်သေးဘူး၊ အစိုးရဆိုတာလူပဲ၊ လူတွေဖြစ်နေတော့ မကျေနပ်ချက်တွေရှိမယ်။ အစိုးရဘက်ကနေမကြည့်ဘဲ ပြည်သူ့ဘက်ကကြည့်မယ်ဆိုရင် အများကြီးပြောစရာတွေ ရှိတာပဲ”တဲ့။ ဗိုလ်ချုပ်ပြောခဲ့တာ အခုထိမှန်နေတုန်းပါပဲ။ ပြည်သူတွေဘက်ကမကြည့်ဘဲ ကိုယ်လုပ်ချင်တဲ့ဘက်ကပဲကြည့်ပြီး ဗိုလ်ချုပ်ပြောခဲ့တဲ့စကားကိုတော့ နားမယောင်၊ မြေပြင်မှာတော့ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူဖို့လုပ်လို့ ပြည်သူနဲ့ထိပ်တိုက်တိုးပြီး ပြဿနာဖြစ်ကြရတာဟာ ပြောရရင် ဗိုလ်ချုပ်က တကယ်ချစ်တာ မဟုတ်ဘဲ ဟန်ပြချစ်နေကြတာ သိသာသလိုပါပဲ။ 

ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ဝါဒ၊ တိုင်းရင်းသားများနဲ့ စည်းလုံးညီညွတ်ရေး တရားတွေကိုနားမယောင်ဘဲ ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးကိုသာ အာရုံထားနေကြတာကလည်း စဉ်းစားစရာ အတော်ကောင်းလာနေပါတယ်။ ပန်းခြံတစ်ခုအတွင်းမှာတောင် တစ်ရပ်ကွက်တည်းဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုနှစ်ခု ဖြစ်နေကြရတဲ့အထိကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြတာ အမှန်ဆို ရှက်ဖို့ကောင်းလှပါတယ်။ ဒါတွေကို အစိုးရလူကြီးမင်းဆိုတဲ့ ပါတီ CEC ကလူတွေတောင် သတိထားမိရဲ့လားဆိုတာ တွေးတောစရာပါ။ ယခင်လပိုင်းတွေကတင် ကချင်၊ မွန်တွေဘက်မှာ ဒေသခံတိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာ ကယားမှာဖြစ်နေတာတွေဟာ လက်ရှိအစိုးရရဲ့မူဝါဒလား၊ ဒါမှမဟုတ် တိုင်းဒေသကြီးအစိုးရရဲ့အစီအစဉ်လား၊ ပါတီရဲ့လမ်းစဉ်လားဆိုတာတွေလည်း ဝေခွဲရခက်နေကြတယ်လို့ ပြင်ပမှာဆိုနေကြပါတယ်။ ဗိုလ်ချုပ်တုန်းကဆိုရင် တိုင်းရင်းသားတွေကို မလိမ်ခဲ့သလို ချုပ်ချယ်မှုမပြုခဲ့ဘူးလို့ ဆိုကြသူတွေလည်း မြင်ရပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ကတော့ ဗိုလ်ချုပ်ကိုချစ်သလို ဗိုလ်ချုပ်သမီးကိုလည်းချစ်ပြီး မဲပေးခဲ့ကြသော်ငြား အခုအစိုးရ သက်တမ်းတစ်ဝက်ကျော်လာချိန်မှာတော့ သူတို့နဲ့ဝေးနေသလို ခံစားနေကြရတယ်လို့ ပြောကြသံတွေလည်း ကြားမိလာတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေအရေး အလေးထားမခံရသလို ဖြစ်လာတယ်လို့လည်း ဆိုလာကြပါတယ်။ ဒီအတွက် အနှစ်ချုပ်ကြည့်တဲ့အခါ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တိုင်းရင်းသားချစ်ကြည်စည်းလုံးရေးကိစ္စတွေ အခုထိ အကောင်အထည်မပေါ်လာသေးသလို နိုင်ငံသားအချင်းချင်းလည်း မတည့်မရှုနဲ့ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်ဘဝနဲ့သာ စိတ်ဝမ်းတွေကွဲပြားပြီး ရှေ့ဆက်နေကြရတာ၊ များပြားလှတဲ့ နိုင်ငံရေး ပါတီတွေအကြားမှာ မတူကွဲပြားတဲ့လမ်းစဉ်တွေ၊ မူဝါဒတွေနဲ့ သူတစ်လူ ငါတမင်း အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတာ၊ ကိုယ်ရယူထားတဲ့ ရာထူးအာဏာကို တလွဲသုံးပြီး အဂတိတရားတွေ ကိုယ်စီကိုယ်စီ လိုက်စားနေကြတာ၊ ဥပဒေတွေကိုမလိုက်နာဘဲ လက်တစ်လုံးခြား ဖောက်ဖျက်ကြပြီး မတော်လောဘနဲ့စီးပွားရှာနေကြတာ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်တွေနဲ့ အကြောက်တရားရဲ့အောက်မှာရှင်သန်ပြီး အတ္တဘက်ကို ယိုင်နေကြတာ၊ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ခေါင်းစဉ်အောက်၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး အသီးသီးအသက ပုဂ္ဂလကောင်းကျိုးကိုပဲကြည့်ပြီး ဆွေစဉ်မျိုးဆက်ကောင်းစားရေးကိုပဲ ဦးတည်နေကြတာတွေဟာ ဗိုလ်ချုပ်ကို တကယ်ချစ်တာရော ဟုတ်ကြလို့လားလို့တောင်မေးချင်စရာ ကောင်းလာနေပါကြောင်း ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ