News

POST TYPE

ARTICLE

လာမှာလား၊ ကြာဦးမှာလား ဒလတံတား
05-Jul-2018



ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားကြီးကို အင်္ဂလိပ်အစိုးရ ၁၉၃၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့စဉ်တုန်းက နန်းတော်ရှေ့ ဆရာတင်က “စစ်ကိုင်းတံတား” ဆိုတဲ့ သီချင်းထဲမှာ “တံတားဆက်ပြီးပြီ . . . သွားမယ့် ခရီးသည် . . . ငှက်သမ္ဗန် ကူးတို့ဆိပ်က အိပ်ရရှာပြီ . . . အခုများတလီ . . . ဗမာလူမျိုးတွေ အလုပ်မရှိတော့ . . . တံတားကြီးကို ကြည့်ကာငိုမိသည် . . .” ဆိုပြီး ငှက်မခတ်ရတော့တဲ့ သမ္ဗန်သမားတွေအကြောင်း ထည့်သွင်း စပ်ဆိုခဲ့ဖူးပါတယ်။

တံတားထိုးခြင်းကြောင့်ရရှိတဲ့ ကောင်းကျိုးတွေက မနှိုင်းမယှဉ်နိုင်အောင် များပြားလေ့ရှိတတ်ပါတယ်။ ဒါပေမဲ့လို့ အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမယ့် ရန်ကုန်မြစ်ကူး ဒလတံတားတည်ဆောက်ရေးမှာတော့ တံတားပြီးသွားမှာကို တွေးပြီး စိတ်မချမ်းမသာ ဖြစ်နေသူတွေ ရှိများရှိနေခဲ့ရင်တောင်မှ အဲဒီစိတ်မချမ်းမသာ ဖြစ်မယ့်သူတွေဟာ ရန်ကုန်မြစ်ကို နေ့စဉ်သမ္ဗန်စီးပြီး ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည် ၆၀,၀၀၀ ကို ကူးတို့ပို့ပေးနေကြတဲ့ သမ္ဗန်သမား ၅၀၀ ကျော်တို့တော့ မဟုတ်နိုင်ပါဘူး။

၂၀၁၈ နှစ်ဆန်းမှာ စတင်ဆောက်လုပ်ဖို့ မူလက စီမံကိန်းဆွဲထားပြီးဖြစ်တဲ့ ဒလတံတားရဲ့ ဒီဇိုင်းအပေါ်မှာ “မြန်မာ့ဆိပ်ကမ်းအာဏာပိုင်”လို့ခေါ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနတစ်ခုက ကန့်ကွက်ခဲ့တာကြောင့် တည်ဆောက်ရေးမစတင်နိုင်သေးဘဲ ကြန့်ကြာခဲ့ရပါတယ်။

ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနဲ့ ဒလဘက်ခြမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ပေးမယ့် အဲဒီမြစ်ကူးတံတားကို တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေ၊ မြန်မာအစိုးရ ထည့်ဝင်ငွေတို့နဲ့ တည်ဆောက်ဖို့ သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၂ အောက်တိုဘာမှာ သဘောတူခဲ့ပါတယ်။ ကိုရီးယားနိုင်ငံ EXIM Bank ကနေ ဒေါ်လာ ၁၃၈ သန်း ချေးယူမှာဖြစ်ပြီး မြန်မာဘက်က ဒေါ်လာ သန်း ၃၀ ခန့် ထည့်ဝင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘောတူညီအပြီး နှစ်လအကြာကတည်းက တံတားဒီဇိုင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ အစိုးရထုတ်ပြန်ထားတဲ့ တံတားရဲ့ရေလမ်းကင်းလွတ်အမြင့်နဲ့ တံတားတိုင်နှစ်တိုင်ကြား အကွာအဝေးဟာ ဆိပ်ကမ်းတွေကို ကပ်မယ့် သင်္ဘောကြီးတွေနဲ့မလွတ်ဘူးလို့ အကြောင်းပြပြီး တံတားဒီဇိုင်းကို ကန့်ကွက်ခဲ့တာဖြစ်ပေမယ့် ဆိပ်ကမ်းအာဏာပိုင်ဟာ တံတားပြီးသွားရင် အနည်းနဲ့အများ ထိခိုက်ဖွယ်ရှိတဲ့ ရန်ကုန်က ပုဂ္ဂလိက ဆိပ်ကမ်းတွေဘက်ကနေ ရပ်တည်ပြီး ကန့်ကွက်နေတာလို့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီဇိုင်းပုံစံ အငြင်းပွားမှု

တံတားတည်ဆောက်ရေး အတည်ဖြစ်သွားခဲ့ ချိန်မှာပဲ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တံတား ဒီဇိုင်းကို အမြင့်မီတာ ၆၀ (ပေ ၂၀၀ နီးပါး) နဲ့ ရေထဲမှာ တိုင်မစိုက်တဲ့ပုံစံ ဒါမှမဟုတ် မြစ်အောက်ကြမ်းပြင်ကို ဖြတ်သန်းပြီး ဥမင်လိုဏ်ခေါင်းပုံစံ တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မြစ်အောက်ခြေမြေသား ပျော့တာကြောင့် ကုန်ကျစရိတ် အဆမတန်ကြီးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥမင်လိုဏ်ခေါင်း တည်ဆောက်မယ့်အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။

ဝန်ကြီးဌာနနှစ်ခုအကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ကြပြီး ၂၀၁၃ ဩဂုတ်လမှာတော့ တံတားအမြင့်၊ တိုင်နှစ်တိုင်ကြား အကျယ်တို့နဲ့ ပတ်သက်တဲ့ သဘောတူညီမှုရခဲ့ကြပါတယ်။ Myanmar Now က ရရှိထားတဲ့ ဌာနနှစ်ခု သီးခြားစီ ထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာ တံတားအမြင့်ကို ၅၄ မီတာလို့ ဖော်ပြတာချင်းတူပေမယ့် တိုင်နှစ်တိုင်ရဲ့ ရေလမ်းကင်း လွတ်အကျယ်ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ မီတာ ၃၀၀၊ ဆိပ်ကမ်းအာဏာပိုင်ရဲ့ အစီရင်ခံစာမှာတော့ မီတာ ၃၅၀ လို့ ရေးသားထားပါတယ်။

နှစ်ဖက်အငြင်းအခုံတွေ အဆုံးမသတ်နိုင်ခင်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာ အမြင့် ၄၉ မီတာနဲ့ အကျယ် ၂၅၁ မီတာရှိပြီး ရေလယ်မှာ တိုင်နှစ်တိုင်ပါတဲ့ တံတားဒီဇိုင်းကို ထုတ်ပြန်ခဲ့ပါတယ်။

တံတားတိုင်နှစ်တိုင်ကြားထဲက ဘောလုံးကွင်း နှစ်ကွင်းခွဲစာနီးပါးအကျယ်ရှိတဲ့ ၂၅၁ မီတာဟာ အောက်ကနေ ဖြတ်သန်းသွားမယ့် သင်္ဘောတွေအတွက် လုံလောက်တဲ့အကျယ်မဟုတ်ဘူးလို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ယူဆပြီး နောက်ထပ်ဘောလုံးကွင်းတစ်ဝက်နီးပါးစာ ထပ်ချဲ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမြင့်ကိုလည်း ငါးမီတာထပ်တိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတိုင်တွေကြောင့် ဆိပ်ကမ်းတွေဆီ နေ့စဉ်ဝင်ထွက်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက်မှုရပ်တန့်သွားရင် တိုင်းပြည်စီးပွားရေး ထိခိုက်လာမှာ၊ ဒါမှမဟုတ် သင်္ဘောတစ်စင်းစင်းက တံတားတိုင်ကို ဝင်တိုက်ခဲ့ရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာတွေကို စိုးရိမ်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ပြောပါတယ်။

“(တံတားဆောက်မှာကို) ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး၊ တစ်ချိန်မှာ သမိုင်းတရားခံ မဖြစ်အောင် ကျွန်တော်တို့ အကြံပြုချက်ပေးခဲ့တာ” လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တံတားအလွန် ရန်ကုန်မြစ်ညာဘက်မှာ ဆိပ်ကမ်းပေါင်း နှစ်ဒါဇင်လောက်ရှိပြီး အားလုံးနီးပါးပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးထားတာပါ။ အဲဒီဆိပ်ကမ်းတွေဟာ မြန်မာ့ပင်လယ်ရေကြောင်း ကုန်စည်တင်ပို့တဲ့ လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

တံတားဒီဇိုင်းပြန်ပြင်ဖို့ မဖြစ်နိုင်

တံတားဒီဇိုင်းကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးတဲ့အတွက် ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

တန်ချိန် ၁၅,၀၀၀ ရှိတဲ့သင်္ဘောတွေရဲ့ အများဆုံးအလျား (အရှည်) က ၁၆၇ မီတာသာရှိပြီး ဒီအကျယ်ရဲ့ တစ်ဆခွဲ ရှိတဲ့ ရေလမ်းကင်းလွတ်အကျယ် ၂၅၁ မီတာဟာ သင်္ဘောတွေသွားလာဖို့ နည်းပညာဆိုင်ရာ ပုံသေနည်းတွေအရ လုံလောက်တဲ့ အကျယ်ဖြစ်တယ်လို့ ဒလတံတားဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်ကောင်းချိုက ပြောပါတယ်။

“ဒီအတိုင်းအတာကလည်း ကျွန်တော်တို့ တွက်နည်းချက်နည်းမဟုတ်ဘူး။ ဂျပန်ရဲ့ စံနှုန်းကော ကိုရီးယားရဲ့ စံနှုန်းကောက ဒီအတိုင်းပဲ” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မြို့ပြအင်ဂျင် နီယာချုပ်လည်းဖြစ်တဲ့ ဦးကျော်ကောင်းချိုက ပြောပါတယ်။

ဒလတံတားဒီဇိုင်းဟာ တန်ချိန် ၁၅,၀၀၀ ရှိတဲ့ သင်္ဘောတွေ ဝင်ထွက်လို့ရအောင်ဆွဲထားတာဖြစ်ပြီး အဲဒါထက်ကြီးမားတဲ့သင်္ဘောတွေ ကမ်းကပ်ချင်ရင် ရန်ကုန်တောင်ဘက်ပိုင်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းကို အသုံးပြုဖို့ အစိုးရဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆိပ်ကမ်းအာဏာပိုင်နဲ့ ဆိပ်ကမ်းတွေက နောင်တစ်ချိန်မှာ တန်ချိန် ၂၀,၀၀၀ လောက်ရှိတဲ့ သင်္ဘောတွေ မြစ်ထဲကို ဝင်ထွက်သွားလာဖို့အတွက်ပါ ထည့်စဉ်းစားဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ကန့်ကွက်တာ ဘယ်သူ့အတွက်လဲ

ဒလမြို့နယ်ရဲ့ တိုင်းဒေသကြီး အမတ်တွေက တော့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ဆင်ခြေပေးခြင်းဟာ ပုဂ္ဂလိက ဆိပ်ကမ်းတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ ယူဆကြပါတယ်။

“ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက အဲဒီ ခရိုနီ တစ်စုရဲ့စကားကို နားယောင်နေတဲ့အတွက်ကြောင့် လေနဲ့ဝမ်းနဲ့ မကွဲဖြစ်နေတာ” လို့ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ရဲ့ ဒလမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးထွန်းရင်က ပြစ်တင်ဝေဖန်ပါတယ်။

သူရည်ညွှန်းတဲ့ “ခရိုနီတစ်စု” ဆိုတာ တံတားတည်ဆောက်ရေးအတွက် အစိုးရထံအကြိမ်ကြိမ် ညှိနှိုင်းဖို့ ကြိုးစားခဲ့တဲ့ ရန်ကုန်မြစ်ဘေးက ပုဂ္ဂလိက ပိုင်ဆိပ်ကမ်းလေးခုဖြစ်တဲ့ MIP အမည်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် MEC ဆိပ်ကမ်းနဲ့ Myanmar Now က စုံစမ်းလို့မရသေးတဲ့ အခြားဆိပ်ကမ်းတစ်ခုတို့ဖြစ်ပါတယ်။

အေးရှားဝေါလ်ကတော့ ဒလတံတားစီမံကိန်းကို ဘယ်လိုကန့်ကွက်မှုမျိုးမှ လုပ်မှာမဟုတ်ဘူးလို့ Myanmar Now က စာရေးသားမေးမြန်းမှုကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။

ဒီဆိပ်ကမ်းတွေထဲမှာ တံတားနဲ့အနီးကပ်ဆုံးမှာ တည်ရှိတဲ့ MIP ဆိပ်ကမ်းဟာ အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

၂၀၀၃ ခုနှစ် ကတည်းက လည်ပတ်နေတဲ့ MIP ကို မြန်မာ့အဏ္ဏဝါစွမ်းအားရှင်အုပ်စုက ပိုင်ဆိုင်တာဖြစ်ပြီး သူတို့ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်ကမ်းနားလမ်းပေါ်မှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပိုင်တဲ့မြေ ၁၇ ဧကကျော်ကိုလည်း နှစ် ၃၀ ငှားရမ်းခွင့် ရခဲ့ပါသေးတယ်။

အဲ့ဒီဆိပ်ကမ်းဟာ မေလနှောင်းပိုင်းက မလေးရှားမှာ စံချိန်တင်ဖမ်းမိခဲ့တဲ့ ဒေါ်လာ ၁၈ သန်းနီးပါး တန်ကြေးရှိတဲ့ မူးယစ်ဆေး ၁ ဒသမ ၂ တန်ကို သင်္ဘောပေါ် တင်ပေးလိုက်တဲ့ ဆိပ်ကမ်းအဖြစ် လူတွေ ပိုသတိထားမိလာခဲ့ပါတယ်။

တံတားဒီဇိုင်းကို ကန့်ကွက်တာနဲ့ မူးယစ်ဆေးတွေ ဘယ်လိုထွက်သွားခဲ့လဲဆိုတာတွေကိုမေးဖို့ Myanmar Now က MIP ဘက်ကို ဇွန်လအတွင်း စာ၊ အီးမေးလ်နဲ့ ဖုန်းတို့ကနေ ၁၅ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာ့ပင်လယ်ရေကြောင်းကနေ ကုန်သေတ္တာတင်ပို့မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ဝေစုရထားတဲ့ MIP ဟာ တံတားနဲ့ အနီးဆုံးနေရာမှာတည်ရှိပြီး တံတားတိုင်တွေနေရာဟာ သူတို့ဆိပ်ကမ်းကိုဝင်မယ့် သင်္ဘောတွေ နောက်ဆုတ်ထွက်ခွာတဲ့နေရာဖြစ်တာကြောင့် ကန့်ကွက်ခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

MIP ဟာ တံတားဒီဇိုင်းကို ပြင်ဆင်ပေးဖို့ ၂၀၁၇ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းနဲ့ ပြည်ထောင်စုအစိုးရတို့ထံ အကြောင်းကြားစာ ငါးကြိမ်ထက်မနည်း ပို့ခဲ့တယ်လို့ ဒလမြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကပြောပါတယ်။

MIP ဟာ အဲဒီတုန်းက သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိသွားအောင် အကြောင်းကြားနိုင်ခဲ့တယ်။ တံတားပြဿနာကို တစ်ပတ်အတွင်း ပြေလည်အောင်ညှိနှိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြီးခဲ့တဲ့နှစ်က အကြောင်းကြားခဲ့တယ်လို့ အမတ်တွေက ပြောပါတယ်။ ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ပြီး ဆိပ်ကမ်းတွေဘက်က အကြိမ်ကြိမ် ဆွေးနွေးမှုတွေဟာ အကျိုးစီးပွားပြဿနာအပြင် နိုင်ငံရေးပြဿနာပါ ပါနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ခုလိုကန့်ကွက်နေတာတွေဟာ သွေးရိုးသားရိုးမဟုတ်ဘဲ “နိုင်ငံရေး ပယောဂရှိတယ်” လို့ Myanmar Now ကို ပြောပါတယ်။

“(သူတို့ ရည်ရွယ်ချက်က) ဒီအစိုးရ လက်ထက်မှာ (တံတား) မဖြစ်ရင်ပြီးပြီ” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ပိုင်ခွင့်အများအပြားရခဲ့တဲ့ ဆိပ်ကမ်းတွေဟာ တံတားဆောက်မယ့် အစီအစဉ်ကို အဲဒီတုန်းက မကန့်ကွက်ခဲ့ဘဲ ခုမှကန့်ကွက်တာ ထူးဆန်းတယ်လို့ သူတို့က ပြောပါတယ်။

“အရင်အစိုးရ ကတိကဝတ်ကို အကောင်အထည်ဖော်တော့မယ်ဆိုမှ ဒီပြဿနာက တက်လာတာ” လို့ ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ ဦးထွေးတင်က ပြောပါတယ်။

အကျိုးစီးပွားကြောင့်မဟုတ်

ဆိပ်ကမ်းအာဏာပိုင်ဘက်ကတော့ အမတ်တွေစွပ်စွဲချက်ကို ငြင်းဆန်ပြီး သူတို့ဟာ “ရေလမ်းကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး” အတွက် ဝင်ပြောနေရတာလို့ တုံ့ပြန်ပါတယ်။

“ဖြစ်လာမယ့်အကျိုးဆက်ကိုဆွေးနွေးတာပဲ ရှိတယ်။ သူတို့ (ပုဂ္ဂလိက ဆိပ်ကမ်းတွေ) ကို ကာကွယ်စရာ အကြောင်းမရှိဘူး” လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမြင့်က Myanmar Now ကို ဖုန်းနဲ့ပြောပါတယ်။

တံတားကို အမြန်ဆုံး တည်ဆောက်ဖို့ ဒေသခံအများအပြားကလည်း ဆန္ဒပြခဲ့ကြပါတယ်။

ကာလရှည်အငြင်းပွားမှုတွေ၊ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တံတားဒီဇိုင်းအသစ်ရေးပြီး ဒီနှစ်အတွင်း စဆောက်မယ်လို့ ဇွန်လ ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။

မူလတံတားဒီဇိုင်းကို ပြင်ဆင်မယ်၊ တံတားတိုင်တွေကို တစ်ဖက် ၂၅ မီတာစီ ချဲ့ပေးမယ်၊ တံတားအကျယ်မီတာ ၃၇၀ အထိ ပြင်ပေးမယ်လို့ ဒလတံတား ဆောက်လုပ်ရေး တာဝန်ခံ ဦးကျော်ကောင်းချိုက ပြောပါတယ်။

ဒီလို ပြောင်းလိုက်တဲ့အတွက် ရေလမ်းကင်းလွတ် အကျယ် ၂၅၁ မီတာ သတ်မှတ်ချက်ဟာ ၃၀၁ မီတာ အထိ ရှိလာမှာဖြစ်ပါတယ်လို့ သူက Myanmar Now ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံပြီး ပြောပါတယ်။

ဒီအစီအစဉ်ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနဘက်က လက်ခံလိုက်ပြီလို့လည်း သူက ပြောပါတယ်။

ပြောင်းလဲလိုက်တဲ့ တံတားဒီဇိုင်းကို နိုင်ငံတော်သမ္မတဆီ ပို့ထားပြီး အတည်ပြုတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ သိပ်မကြာခင်မှာ ထွက်လာဖို့ မျှော်လင့်ရပါတယ်။ 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမြင့်ကတော့ ဒီအကြောင်းတွေကို သူတို့ မသိသေးဘူးလို့ ဇွန်လ ၂၇ ရက်နေ့က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် စရိတ်တက်မယ်

ဒေါ်လာ ၁၆၈ သန်း ကုန်ကျမယ်လို့ မူလခန့်မှန်းထားချက်ဟာ တံတားဒီဇိုင်းပြောင်းလိုက်တဲ့အတွက် ပိုပြီးကုန်ကျလာမှာဖြစ်ပြီး “စီမံကိန်းတန်ဖိုးတစ်ခုတော့ တက်လာလိမ့်မယ်” လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် ကုန်ကျစရိတ်က ကန်ဒေါ်လာ ၁၉ သန်း ပိုလာမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။ ဒါဆိုရင် တံတားအတွက်ကုန်ကျစရိတ်ဟာ ၁၈၇ သန်းအထိ ရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ငွေကြေးပမာဏအတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။ ပိုလာမယ့် ဒီငွေကြေး ဘယ်သူပေးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထပ်တိုးလာမယ့်ငွေကြေးကို စီမံခန့်ခွဲဖို့ သူတို့ဌာနအနေနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ တံတားစီမံကိန်းအတွက် ငွေချေးပေးမယ့် ကိုရီးယားနိုင်ငံက EXIM ဘဏ်တို့နဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ဦးကျော်ကောင်းချိုက ပြောပါတယ်။

မူလက တံတားတည်ဆောက်ရေးကာလကို ၃၉ လ (သုံးနှစ်ကျော်) သတ်မှတ်ထားပြီး ၂၀၂၁ မတ်လမှာ ဖွင့်နိုင်မယ်လို့ ခန့်မှန်းထားပေးမယ့် တည်ဆောက်ရေးကာလက နောက်ကျခဲ့တာကြောင့် အရင်ခန့်မှန်းထားတာထက် အချိန်နောက်ကျမှ တံတားပြီးမယ်လို့ သူကပြောပါတယ်။

မသေချာသေးတဲ့ တံတားဒီဇိုင်းကို စောင့်ဆိုင်းနေရင်း ဆောက်လုပ်ရေးဘက်ကတော့ ချဉ်းကပ်လမ်းလိုမျိုး သေချာတဲ့လုပ်ငန်းအပိုင်းတွေ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။

မျှော်နေတဲ့ ဒေသခံတွေ

ဒလတံတားနဲ့ပတ်သက်လို့ ဘယ်သူက ဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ တံတားတည်ဆောက်ဖို့ကို ရာနှုန်းပြည့် အလိုရှိနေကြသူတွေကတော့ ဒလ အစရှိတဲ့ တောင်ပိုင်းခရိုင်ဒေသသားတွေပါပဲ။ တံတားမရှိတဲ့အတွက် မြစ်ကို လှေ၊ သမ္ဗန်တွေ၊ သင်္ဘောတွေနဲ့ ဖြတ်သန်းသွားလာရင်း ဆုံးရှုံးခဲ့တဲ့ အချိန်တွေ၊ အသက်တွေကလည်း မနည်းခဲ့ပါဘူး။

ပြီးခဲ့တဲ့လက မြစ်ထဲ သမ္ဗန်တစ်စင်းတိမ်းမှောက်တဲ့အတွက် သေဆုံးသူတချို့ ရှိခဲ့ပြီး အဲဒါဟာ မြို့နှစ်မြို့ကို ကူးသန်းသွားလာရင်း မလေလွင့်သင့်ဘဲ လေလွင့်ခဲ့ရတဲ့လူ့အသက်ပေါင်းများစွာအနက်က နောက်ဆုံးအသက်တွေပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့မျက်စိရှေ့မှာ (မြစ်ကိုဖြတ်ရင်း) သေခဲ့တဲ့လူတွေဆိုတာ အများကြီး။ ဒါတွေဟာ ထပ်နေပြီ၊ တစ်နှစ်ကို သုံးကြိမ်၊ လေးကြိမ်အနည်းဆုံး။ တစ်ခါတလေထုံနေတဲ့ သဘောမျိုးတောင် သက်ရောက်နေပြီ” လို့ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှာ လူဦးရေ တစ်သန်းခွဲနီးပါး နေထိုင်ပြီး တံတားဆောက်ပြီးရင် ရန်ကုန်ဘက်ကို အန္တရာယ်ကင်းကင်း၊ အချိန်ကုန်သက်သာစွာ သွားလာနိုင်မှာ ဖြစ်ရုံမက အခုထိ မဖြေရှင်းနိုင်သေးတဲ့ ဒလမြို့နယ်ရဲ့ နွေရာသီရေပြတ်လပ်တဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်က ရေချိုကန်တွေကနေ ပိုက်နဲ့တစ်ဆင့် ဒလ ဘက်ကို ရေပေးဝေဖို့ပါ ဒီဇိုင်းဆွဲထားတာကြောင့်ပါ။

တံတားတည်ဆောက်ဖြစ်ခဲ့ရင် အပျော်ဆုံးဖြစ်မယ့်သူတွေဟာ မြစ်တစ်ဖက်ကမ်းမြို့နယ်တွေက ဒေသခံတွေ ဖြစ်မယ်ဆိုပေမယ့် ဒလနဲ့ သယ်ပို့ပေးနေတဲ့ ကူးတို့သမ္ဗန်သမားတွေကလည်း သူတို့ အလုပ်မရှိတော့မယ့်အပေါ် စိတ်မကောင်းမဖြစ်ပါဘူးလို့ ပြောပါတယ်။

“ဟိုးငယ်ငယ်ကတည်းကပဲ နစ်မြုပ်ပြီး လူရာချီသေတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ်။ ဆိပ်ကမ်း ၁၁ ခု ပေါင်းလို့ ဒါကို မှီခိုတဲ့လှေသမား မိသားစုက အလွန်ဆုံးရှိ ၅၀,၀၀၀ ပေါ့။ တံတားဆောက်ပြီး လူသိန်းချီ ကောင်းစားသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က အကြွင်းမဲ့ထောက်ခံပါတယ်” လို့ ကမာကသွယ်ကူးတို့ သမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးမောင်မောင်မြင့်က Myanmar Now ကို မကြာသေးခင်က ပြောပါတယ်။

နှစ် ၂၀ ကြာ သမ္ဗန်မောင်းသက်ရှိတဲ့ ဦးထွန်းမြင့်ကလည်း တံတားတည်ဆောက်တဲ့အတွက် လှေထိုးသားတွေနဲ့ သူတို့ကိုမှီခိုသူတွေ ဝင်ငွေနည်းပါးနိုင်ပေမယ့် အန္တရာယ်များတဲ့ ရေလမ်းခရီးကြောင့် တံတားအမြန်ပြီးဖို့ကို မျှော်လင့်တယ်လို့ ပြောပါတယ်။

ဒီတံတားကြီးဆောက်ဖြစ်သွားပြီးတဲ့ နောက်မှာ ဒီတံတားကြီးကိုကြည့်ပြီး ငိုရမယ့်သူတွေဟာ ဘယ်သူတွေ ဖြစ်လာမလဲဆိုတာကို မသိနိုင်သေးသလို နန်းတော်ရှေ့ ဆရာတင်ရှိသေးရင်လည်း သီချင်းအသစ်တစ်ပုဒ် ထွက်လာဦးမလားလို့လည်း သိချင်စရာဖြစ်ပါတယ်။

ထွန်းခိုင်နှင့် ဝင်းနန္ဒာ (Myanmar Now)