News

POST TYPE

ARTICLE

ဖိလစ်ပိုင်မြို့တော်ဝန် အန်တိုနီယိုဟာလီလီ အခမ်းအနားတစ်ခုတွင် ပစ်သတ်ခံရ
04-Jul-2018


မနီလာ၊ ဇူလိုင် ၃

ဖိလစ်ပိုင်နိုင်ငံမှ မြို့တော်ဝန် အန်တိုနီယိုဟာလီလီသည် အလံတင် အခမ်းအနားတစ်ခုတွင် ပစ်သတ်ခံလိုက်ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တန်နော်အန်မြို့တော်ဝန် အန်တိုနီယို ဟာလီလီသည် မြို့တော်မနီလာတောင်ပိုင်း တန်နော်အန်ခန်းမ၏ အပြင်ဘက်တွင် နိုင်ငံတော်သီချင်းသီဆိုနေစဉ် ရင်ဘတ်သို့ သေနတ်ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်မှုကြောင့် အနားမှလူများ အော်ဟစ်ကာထွက်ပြေးကြသည်ကို ရုပ်သံပုံရိပ်များတွင် တွေ့မြင်ရသည်။

မူးယစ်ဆေးတရားခံများကို လမ်းပေါ်တွင် စီတန်းပြသလေ့ရှိသော ဟာလီလီသည် မူးယစ်ဆေးကိစ္စတွင် သဘောထား တင်းမာသူအဖြစ် လူသိများသော်လည်း မူးယစ်ဆေးကုန်သည်များကို ကာကွယ်ပေးသည်ဟု စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီး ၎င်းကမူ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ယခုဖြစ်ရပ်တွင် သေနတ်သမား လွတ်မြောက်သွားပြီး ယခုအချိန်အထိ တရားခံများကို မဖော်ထုတ်နိုင်သေးပေ။ သေနတ်သမားသည် မီတာ ၁၅၀ အကွာမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှူး ရီနာတိုမာကာဒိုက အေအက်ဖ်ပီသို့ ပြောကြားသည်။

“ဒီအကွာအဝေးကို သာမန်သေနတ်သမားက မပစ်နိုင်ပါဘူး။ လေ့ကျင့်ထားတဲ့ ကျွမ်းကျင် လက်ဖြောင့်သေနတ်သမား ဖြစ်နိုင်ပါတယ်”ဟု ရဲမှူးက ဆိုသည်။

မြို့တော်ဝန် ဟာလီလီသည် မူးယစ်ဆေးတရားခံများကို လမ်းများပေါ်တွင် စီတန်းပြသလေ့ရှိသောကြောင့် လွန်ခဲ့သော ၂ နှစ်ကစ၍ နိုင်ငံတကာ၏ သတိပြုမှုကို ရရှိလာသူဖြစ်သည်။ 

သို့ရာတွင် မူယစ်ဆေးကုန်သွယ်မှုများနှင့် ဆက်နွှယ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ၎င်း၏ ဒေသန္တရရဲတပ်ဖွဲ့အပေါ် စီမံခွင့်အာဏာကို အစိုးရက ရုပ်သိမ်းခဲ့သည်။

ဖိလစ်ပိုင်တွင် သမ္မတဒူတာတေ လက်ထက် ၂၀၁၆ ဇူလိုင်တွင် စတင်ခဲ့သော မူးယစ်ဆေး နှိမ်နင်းရေးစီမံချက်အတွင်း မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်သူ ၄၀၀၀ ကျော် သေဆုံးခဲ့သည်။

အဆိုပါသေဆုံးမှုအားလုံးသည် ဖမ်းဆီးမှုဖြစ်စဉ်များတွင် တရားခံများက ခုခံမှုကြောင့် ရဲများက ကာကွယ်ပစ်ခတ်ရာမှ သေဆုံးရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများကမူ မူးယစ်ဆေးစီမံချက်အတွင်း လူပေါင်း ၁၂,ဝ၀၀ ကျော် သေဆုံးခဲ့ရကြောင်းနှင့် ရဲမဟုတ်သောလုံခြုံရေးများ၏ လက်ချက်ကြောင့် သေဆုံးမှုများသည် ဥပဒေဘောင်ကျော်သော လူသတ်မှုများဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။ 

F-04



  • VIA