News

POST TYPE

ARTICLE

၉ ရက်၊ ၁၃ ယောက်နှင့် ဖြေရှင်းရဦးမည့် ကယ်ထုတ်ရေးပုစ္ဆာ
04-Jul-2018 tagged as


နောက်ဆုံးမှာတော့ သူတို့ခိုလှုံရာနေရာကို ဗြိတိန်နိုင်ငံသား ကယ်ဆယ်ရေးသမားနှစ်ဦး အရောက်လာနိုင်ခဲ့ပြီ။ ကျဉ်းမြောင်းလေထန်သည့် ဂူကွန်ရက်တွင်း မြေအောက်တစ်ကီလိုမီတာအနက်ထိ ငုပ်လျှိုးပြီး ကလေးငယ်များနှင့် သူတို့နည်းပြဖြစ်သူတို့ ခိုလှုံနေရာကို အရောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

တောက်ပသော လက်နှိပ်ဓာတ်မီးအရောင်များကို လက်ဖြင့်ကာရင်း ကလေးတွေက လှမ်းအော်လိုက်ကြသည်။ “ဟေး၊ ကျေးဇူးပဲ၊ ကျေးဇူးပဲဗျို့”။ 

ကလေး ၁၂ ဦးနှင့် နည်းပြဆရာတို့အတွက် ၉ ရက်အတွင်း ပထမဆုံးအကြိမ် အပြင်လူများကို မြင်တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ကယ်ဆယ်ရေးသမားနှစ်ဦးနှင့် ထိုင်းကလေးငယ်များအကြား ပထမဆုံး အပြန်အလှန်စကားပြောဆိုမှု ဗီဒီယိုဖိုင်မှာ အင်္ဂလိပ်စကားတစ်ဝက်၊ ထိုင်းစကားတစ်ဝက်ဖြင့် အမြီးအမောက်မတည့်လှသော်လည်း တစ်ကမ္ဘာလုံးမှ ပူပန်စိုးရိမ်နေကြသူအားလုံးကို စိတ်ချမ်းမြေ့ပျော်ရွှင်သွားစေခဲ့သည်။

“မင်းတို့ဘယ်နှယောက်လဲ”

“၁၃” 

“ဆယ့်သုံးယောက်လား၊ အရမ်းတော်တယ်”

“ဟုတ်တယ်၊ ကျွန်တော်တို့ ဒီနေ့သွားရမှာလား”

“ဒီနေ့မဟုတ်သေးဘူး။ ဒီနေ့ မဟုတ်သေးဘူး။ အခုငါတို့နှစ်ယောက်ပဲပါတာ။ သူတို့ကို ပြောရဦးမယ်။ ငါတို့(အဖွဲ့တွေ) လာနေကြပြီ။ အဆင်ပြေပါတယ်။ လူတွေအများကြီးလာနေကြပြီ။ ငါတို့က ပထမဆုံးပဲ”

“ဒီနေ့က ဘာနေ့လဲ”

“အခု ဘာနေ့လဲလို့ မေးတာလား။ တနင်္လာလေ။ မင်းတို့ ဒီမှာ ၁၀ ရက်ရှိပြီ။ ၁၀ ရက်ရှိပြီကွ။ မင်းတို့ တကယ်သန်မာတဲ့ကောင်တွေပဲ။ တကယ်သန်မာကြတာပဲ” 

(စပျောက်သည့်နေ့မှ ရေတွက်ပါက ကိုးရက်ကျော်အကြာတွင် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်)

(ကလေးများ အချင်းချင်း တီးတိုးပြောနေကြသည်)

 “အိုကေ၊ လာပြီ ။ ငါတို့လာပြီ။ လာပြီ”

 “ကျွန်တော်တို့ ဗိုက်ဆာတယ်”

 “အေးအေး။ ငါသိတယ်၊ ငါတို့လာပြီ။ အိုကေနော်၊ ငါတို့လာပြီ”

“ပြောလိုက်လေကွာ ငါတို့ ဗိုက်ဆာနေပြီလို့” (ကလေး အချင်းချင်း ထိုင်းစကားဖြင့်ပြောသည်)

 “အေး သူတို့သိတယ်ပြောတယ်” (ထိုင်းစကားဖြင့်)

 “ငါတို့လာပြီ။ ငါတို့လာပြီဟေ့”

 “ကျွန်တော်တို့ ဘာမှမစားရသေးဘူး (ထိုင်းစကားဖြင့်ပြောသည်)။ ကျွန်တော်တို့ တစ်ခုခု စား .... စား... စား မှရမယ်”

 “ငါသူတို့ကိုပြောပြီးပြီလေကွာ” (ကလေးတစ်ဦးက ထိုင်းစကားဖြင့် ပြောသည်)

 “နေဗီလ်ဆီးလ်အဖွဲ့ မနက်ဖြန်လာမယ်၊ စားစရာတွေရော၊ ဆရာဝန်တွေရော အကုန်ပါလာမယ်” 

“ကျွန်တော်တော့ အရမ်းပျော်တယ်” 

“ငါတို့လည်း ပျော်ပါတယ်ကွ” 

“သင့်ခယူ ဆိုးမက်ခ်ျ၊ သင့်ခယူဆိုးမက်ခ်ျ” 

“အိုကေ” 

“ဦးတို့ ဘယ်ကလာတာလဲ” 

“အင်္ဂလန်၊ ယူကေကလေ” 

“အိုး...”

ဂူကွန်ရက်အတွင်း ပိတ်မိနေသော ထိုင်းလူငယ်ဘောလုံးအသင်းမှ ကလေးများနှင့် နည်းပြဆရာကို ဒရာမာဆန်ဆန် ပြန်လည်တွေ့ရှိမှုမှာ ကနဦးစိတ်သက်သာရာရစရာဖြစ်ခဲ့သော်လည်း ထို ၁၃ ဦးကို ရေလွှမ်းနေသည့် ဂူကွန်ရက်အတွင်းမှ မည်သို့ကယ်ထုတ်မည်ဆိုသည်က ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲ။ ရေပတ်လည်ဝိုင်းနေသည့် ကျဉ်းမြောင်းမှောင်နေသော ဂူအတွင်းမှ ကုန်းကမူလေးတစ်ခုတွင် ကျပ်ညပ်ပူးကပ် ထိုင်နေကြသော ကလေးများနှင့် သူတို့ဆရာကို တနင်္လာနေ့ အစောပိုင်းတွင် ဗြိတိန်ရေငုပ်သမားနှစ်ဦးက အဦးဆုံးရှာတွေ့ခဲ့ပုံ ဗီဒီယိုဖိုင်ကို ထိုင်းရေတပ် အထူးတပ်ဖွဲ့ (Navy SEAL) က ထုတ်ပြန်ခဲ့သည်။

“ကလေးတွေက ဂူထဲ နှစ်ကီလိုမီတာဝန်းကျင် (၁ ဒသမ ၂ မိုင်) လောက်မှာ ရှိနေကြတယ်လို့ ခန့်မှန်းပါတယ်။ မြေမျက်နှာပြင်အောက် မီတာ ၈၀၀ နဲ့ တစ်ကီလိုမီတာကြား (ဝ ဒသမ ၆ မိုင်) အနက်လောက်မှာ ရှိနေတာပါ”ဟု ဗြိတိန်ဂူကယ်ဆယ်ရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဘီလ်ဝှိုက်ဟောက်စ်ကဆိုသည်။ သူတို့အဖွဲ့သည် ထိုင်းမြောက်ပိုင်းမှ သမ်လွမ်နန်နွန် ဂူကွန်ရက်အတွင်း ရှာဖွေရေးကို ဦးဆောင်ကူညီခဲ့ကြသည်။

ရှာဖွေရေးမှသည် နောက်တစ်ဆင့်ကယ်ဆယ်ရေးအဆင့်သို့ အကူးတွင် ရွေးချယ်စရာက အကန့်အသတ်ရှိနေသည်။ ကလေးတစ်သိုက်ပိတ်မိနေသည့်နေရာကို ကျဉ်းမြောင်းသော၊ ရေလွှမ်းနေသည့် ဆက်ကြားမှသာ ဝင်ရောက်နိုင်ပြီး ဂူတွင်းမှရေများကိုစုပ်ထုတ်ခြင်း သို့မဟုတ် ဂူကွန်ရက်အမိုးပိုင်းမှ သဘာဝထွက်ပေါက်တစ်ခု ရှာဖွေရေးမှာလည်း လက်ရှိအချိန်အထိ အောင်မြင်မှုမရသေးပေ။

သူတို့ဘယ်လောက် စောင့်ရနိုင်လဲ

ကလေးတစ်သိုက်အတွက် လေးလစာရိက္ခာများ ထောက်ပံ့ပေးနေပြီး ကလေးများကို ကျောပိုးသယ်ဆောင်ရသည့် ရေအောက် အသက်ရှူကိရိယာ ဖြင့်ရေငုပ်နည်း (scuba diving) သင်ကြားပေးသွားမည်ဟု တော်ဝင်ထိုင်းရေတပ်မှ ဗိုလ်ကြီးအက်နန်ဆူရာဝမ်ကဆိုသည်။

အောက်တိုဘာလမှသာ မိုးကုန်မည်ဖြစ်ရာ ထို့မတိုင်မီအထိ ကယ်ထုတ်ရေးလုပ်ရန် မလွယ်သည့် အခြေအနေတွင် ရှိနေရာ ပုံမှန်အတိုင်းဆိုလျှင် လေးလလောက် ဆက်နေရမည့်သဘောရှိသည်။ ထို့ထက်ပိုစိုးရိမ်ရသည်က လာမည့်ရက်ပိုင်းအတွင်း မိုးပိုသည်းလာနိုင်သည့်ကိစ္စဖြစ်ပြီး ရေမျက်နှာပြင် ယခုထက် ပိုမြင့်လာလျှင် သူတို့ခိုလှုံရာနေရာကိုပါ ရေလွှမ်းသွားနိုင်သည်။

“မုတ်သုံကာလမှ မိုးစဲတယ်ဆိုတာ ခဏပါပဲ၊ ဒါကြောင့် ကလေးတွေကို ကယ်ထုတ်ဖို့ ဖြစ်နိုင်တဲ့ရွေးချယ်စရာအားလုံး စဉ်းစားနေပါတယ်” ဟု ဘီလ်ဝှိုက်ဟောက်စ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ရေမျက်နှာပြင်ကျလာရင်တောင် ရေငုပ်ဖို့က ခက်နေဦးမှာဆိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေကို ထည့်စဉ်းစားရင် ကလေးတွေနဲ့ သူတို့နည်းပြဆရာကို ရေငုပ်ခိုင်းဖို့ဆိုတာ ပေါ့ပေါ့တွေးလို့မရပါဘူး” ဟု ဘီလ်ဝှိုက်ဟောက်စ်က သုံးသပ်သည်။

ရေငုပ်ခိုင်းခြင်းမှာ လွတ်မြောက်ရေးနည်းလမ်းများထဲတွင် မသင့်လျော်ဆုံးဖြစ်နေပြီး ကျဉ်းမြောင်းသည့်ဆက်ကြောင်းကို ဖြတ်သွားရန်မှာ အင်မတန်ခက်ခဲရှုပ်ထွေးသည့်ကိစ္စဖြစ်သလို ရေမကူးတတ်သည့် ကလေးအတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။

“အဆိုးဆုံးအခြေအနေကတော့ သူတို့တွေကို ရေငုပ်ခိုင်းပြီး ခေါ်ထုတ်ဖို့ပဲ။ ဒါက လူအများစုသိတဲ့ ရေငုပ်တာမျိုးမဟုတ်ဘူး။ ရွှံ့ဗွက်ထူတဲ့ ရေတောထဲမှာ၊ ရေစီးကလည်း မြန်တယ်၊ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းလဲ မသိနိုင်တဲ့အခြေအနေမှာ ငုပ်ရမှာမျိုးပါ။ ဘေးဘယ်ညာ အပေါ်အောက် ဘာရှိနေမလဲလည်း မသိနိုင်ဘူးလေ” ဟု ကယ်ဆယ်ရေးအကြံပေး ပုဂ္ဂိုလ်ပက်မိုရက်က သုံးသပ်သည်။

ကလေးများဘက်မှ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပါ ထည့်စဉ်းစားဖို့လိုသည်ဟု စတန်းဖို့ဒ်တက္ကသိုလ် အရေးပေါ် ဆေးဝါးကုသရေးဆိုင်ရာ ပါမောက္ခ ပေါလ်အော်ရာဘက်ခ်ျက သုံးသပ်သည်။

မိုးနှင့် တိုက်ပွဲ 

အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားသာရှိသေးသည့် ယောကျာ်းလေး အားလုံးသည် “တောဝက်” အမည်ရသည့် ဘောလုံးအသင်းမှ အဖွဲ့သားများဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် ၎င်းတို့၏ နည်းပြဖြစ်သူနှင့်အတူ ဂူကွန်ရက်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မိုးကြီးရေလျှံသောကြောင့် အတွင်းဂူပေါက်ရေလျှံသွားသောအခါ ဝင်္ကပါလိုဖြစ်နေသော ဥမင်များအတွင်း ရေလွတ်ရာအမြင့်ပိုင်းသို့ တိမ်းရှောင်ခိုလှုံကြရင်း ပိတ်မိသွားကြခြင်းဖြစ်သည်။ ကလေးများ ရုတ်တရက်ပျောက်သွားသည်ကို သိလိုက်ရသည်နှင့် စေတနာ့ဝန်ထမ်းများ၊ နိုင်ငံတကာမှ ကယ်ဆယ်ရေးကျွမ်းကျင် အဖွဲ့များသည်သည်းထန်နေသော မိုးနှင့်ရင်ဆိုင်ပြီး ကိုးရက်ကြာ မနားမနေရှာဖွေခဲ့ကြခြင်းဖြစ်သည်။

တနင်္လာနေ့တွင် ဂူကွန်ရက်တည်ရှိရာ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နရောင်ဆက်အော်ဆိုတာနာကွန်းက မစ်ရှင်မပြီးမြောက်သေးကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ကလေးများကို ကယ်ထုတ်ရေးမလုပ်ဆောင်မီ သူတို့ရှိရာကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ဦးစွာစေလွှတ်ရန် လိုအပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။ 

“ဂူထဲက ရေတွေ ထုတ်ပစ်မယ်၊ ပြီးရင် ၁၃ ယောက်စလုံး ဂူထဲက ကယ်ထုတ်မယ်။ အခု သူတို့ရဲ့ ကျန်းမာရေးနဲ့ လှုပ်ရှားမှုကို စစ်ဖို့ ဂူထဲကို သူနာပြုနဲ့ ဆရာဝန်ဘယ်လိုလွှတ်မလဲဆိုတာ စီစဉ်နေကြတယ်။ ညလုံးပေါက်လုပ်သွားမှာပါ” ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဆရာဝန်နှင့် သူနာပြုကို အခြားရေငုပ်သမားများက အဖော်ပြုလိုက်ပါပေးမည်ဖြစ်သည်ဟု တော်ဝင်ထိုင်းရေတပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူရာဝမ်ကဆိုသည်။ ကယ်ဆယ်ရေးသမားများသည် အခြေအနေပိုကောင်းစေရန် ဂူအတွင်းသို့ လေပါသွင်းပေးမည်ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် မြေအောက်ဥမင်များမှ ရေစုပ်ထုတ်ရန် ကြိုးစားနေကြသည်မှာ ရက်အတန်ကြာပြီဖြစ်ပြီး အမြင့်ဆုံးအနေနှင့် တစ်နာရီ ရေလီတာ ၁ ဒသမ ၆ သန်းအထိ စုပ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ သို့သော်လည်း မိုးက ဆက်တိုက်ရွာနေရာ ဆက်ကြားလမ်းကြောင်းများမှ ရေလွှမ်းမိုးမှုကို ရှင်းရန် ကြိုးပမ်းမှုတွင် အခက်ကြုံနေရပြီး ရေ မျက်နှာပြင်ကို ထပ်မတက်လာရန်ထိန်းထားသည့် အခြေအနေတွင်သာ ရှိနေသည်။

နောက်ဆုံး ကယ်ဆယ်ရေးနည်းလမ်းမှာ ဂူပေါက်အမိုးမှ ကလေးများကို မထုတ်ရန်ဖြစ်ပြီး သဘာဝအတိုင်းရှိနေသော အပေါက်မှမရလျှင် တွင်းတူးပြီး အပေါက်ဖောက်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ကယ်ဆယ်ရန်ကြိုးပမ်းမှုတစ်ခုတွင် တောနက်အတွင်း ဖုံးကွယ်နေသော အပေါက်တစ်ပေါက်ကို ရှာတွေ့ထားရာ ဂူကွန်ရက်အတွင်း ဝင်ရန် အခြားနည်းစဉ်းစား၍ ရသွားခဲ့သည်။ 

သဘာဝအတိုင်း မီးခိုးခေါင်းတိုင်ပမာဖြစ်နေသော အပေါက်မှာ အချင်းအားဖြင့် ၁ ဒသမ ၅ မီတာ ထက်မနည်း ကျယ်ပြီး အနက် ၂၂ မီတာ (၇၂ ပေ) အထိ ရှိသည်။ ထိုအပေါက်မှာ ကလေးများကို ရှာတွေ့သည့် နေရာနှင့် ချိတ်ဆက်မနေသော်လည်း အလားတူ အခြားထွက်ပေါက်များ ရှိလေမလားဆိုသော မျှော်လင့်ချက်ကို ပိုအားကောင်းစေခဲ့သည်။

နည်းပညာသုံးကိရိယာများဖြင့် ကလေးများ တည်နေရာကို အတိအကျဖော်ထုတ်ပြီး တွင်းတူးမှသာ အဆင်ပြေမည်ဟုလည်း ဘီလ်ဝှိုက်ဟောက်စ်က သုံးသပ်ထားသည်။ ကလေးများနှင့် နည်းပြဆရာ ခိုလှုံနေသည့်နေရာမှာ ကျဉ်းလွန်းသောကြောင့် အတိအကျတိုင်းတာ တူးဆွနိုင်မှသာ ကယ်ဆယ်ရန် လွယ်ကူမည်ဖြစ်သည်။ 

၁၃ ယောက်၏ ၉ ရက်ကြာ ဒရမ်မာသည် အဆုံးမသတ်နိုင်သေး။ ကယ်ဆယ်လွတ်မြောက်ပြီးမှသာ သက်မချနိုင်မည့် အခြေအနေဖြစ်သည်။

Ref : CNN, BBC

  • TAGS