POST TYPE

ARTICLE

အားကျစေချင် နည်းပညာရှင်များ (၇)
30-Jun-2018


ဘီလ်ဂိတ်စ် (Bill Gates) ၏ ငယ်ဘဝ ကြိုးပမ်းမှုများ

ငယ်ရွယ်သည့် သင်္ချာပညာထူးချွန်သူ ဂိတ်စ်တစ်ယောက် ကွန်ပျူတာပရိုဂရမ်ရေးသားခြင်းကိုလည်း ငယ်စဉ်ကတည်းက လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ သူသည် ဟားဗတ်တက္ကသိုလ်က ကျောင်းမပြီးဘဲ ထွက်ခဲ့သည်။ Microsoft ဆိုသည့် ကုမ္ပဏီလေးကို သူငယ်ချင်းများနှင့် စတင်ထူထောင်ခဲ့သည်။ မကြာမီ ဆော့ဖ်ဝဲလ်လောကတွင် ဘုရင်ကြီးတစ်ပါးလို စိုးမိုးလွှမ်းမိုးနိုင်သူဖြစ်သွားသည်။ သူ့အကြောင်းကို ဤမျှသာ အပေါ်ယံအနေနှင့် သိကြသည်။ ထိုသို့သော ဘဝမျိုးသို့ ရောက်လာစေရန် သူငယ်စဉ်ကတည်းက မည်သို့ကြိုးစားအားထုတ်ခဲ့ရကြောင်း သိသူနည်းသည်။

ဂိတ်စ်၏ ဖခင်သည် အမေရိကန်ပြည်ထောင်စု ဆီရက်တဲလ်တွင် ချမ်းသာသည့် ရှေ့နေကြီးတစ်ဦးဖြစ်သည်။ သူ့မိခင်ကလည်း ဘဏ်လုပ်ငန်းရှင်ကြီးတစ်ဦး၏ သမီးဖြစ်သည်။ ဂိတ်စ်သည် ကလေးဘဝကတည်းက အရွယ်နှင့်မလိုက်အောင် ပညာထူးချွန်သော်လည်း ကျောင်းစာကို သိပ်ပြီး စိတ်မဝင်စားသူဖြစ်နေသည်။ ထို့ကြောင့် မိဘများသည့် သူ့ကို အစိုးရကျောင်းက ထုတ်ပြီး ၇ တန်းအဆင့်တွင် Lakeside ရှိ သူဌေးအများစု၏ သားသမီးများကိုထားသော ကျောင်းတွင် ထားခဲ့သည်။ ဆီရက်တဲလ်ကျောင်းတွင် ဂိတ်စ်ရောက်သည့် နှစ်ဝက်ခန့်၌ ကွန်ပျူတာကလပ်ကို ဝင်နိုင်ခဲ့သည်။ 

သူတို့ကျောင်းရှိ ကွန်ပျူတာကလပ်အမည်က The Mothers ဖြစ်သည်။ ကျောင်းရန်ပုံငွေဖြင့် ဝယ်ယူထားသော ကွန်ပျူတာကို ကလေးများအတွက် ငွေကြေးတစ်ခုသတ်မှတ်ပေးပြီး အသုံးပြုနိုင်စေရန် ကျောင်းကစီစဉ်ပေးသည်။ ထိုစဉ်က ပိုက်ဆံချမ်းသာသည့်မိဘများ၏ သားသမီးများသည် တက္ကသိုလ်အထိသွားပြီး ကွန်ပျူတာဆိုသည်ကို သွားသင်ကြသည်။ ကွန်ပျူတာခေတ်ဦးတွင် ပညာရပ်တစ်ခုကို မိမိတို့ ကျောင်းတွင်ရှာနိုင်စေရန် ကျောင်းက ရန်ပုံငွေဖြင့် ဒေါ်လာ ၃၀၀၀ ခန့်ရင်းနှီးပြီး ကွန်ပျူတာကြီးတစ်ခုကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။ အခန်းကျဉ်းလေးတစ်ခုတွင် စတင်တည်ထောင်လိုက်သည့် ကွန်ပျူတာကြီးကို ကျောင်းသားအများ စိတ်ဝင်စားခဲ့ကြသည်။ 

၁၉၆၈ ခုနှစ်ခန့်က ကွန်ပျူတာဆိုသည်မှာ အလွန်ထူးဆန်း အံ့ဩဖွယ်ကောင်းသည့် ပစ္စည်းတစ်ခုဖြစ်သည်။ ၁၉၆၀ ဝန်းကျင်က ကောလိပ်တိုင်းတွင်ပင် ကွန်ပျူတာကို ဝယ်ယူထားပေးနိုင်သည့် ကာလမဟုတ်သောကြောင့် Lakeside  လို ကျောင်းမျိုးတွင် ကွန်ပျူတာဝယ်ထောင်နိုင်သည်ဆိုခြင်းမှာ ဂိတ်စ်လို လူငယ်တစ်ဦးအတွက် ကံကောင်းထောက်မစွာ ရရှိလာသည့် အခွင့်အရေးတစ်ခုဟုဆိုနိုင်သည်။ 

၁၉၆၀ ဝန်းကျင်က ကွန်ပျူတာရှိလည်း ပရိုဂရမ်ဖြင့် လုပ်ဆောင်ရသည်ဖြစ်သောကြောင့် နားလည်သူရှားသည်။ ကျောင်းက ကွန်ပျူတာဝယ်ထားသော်လည်း ကလေးတွေကို ကတ်စနစ်ဖြင့် အသုံးပြုရသည့် ကွန်ပျူတာပရိုဂရမ်အကြောင်း ကောင်းစွာမရှင်းပြနိုင်။ Lakeside တွင် လာပြီး တည်ဆောက်ထားသည့် ကွန်ပျူတာမှာ ASR-33 Teletype အမျိုးအစား ကွန်ပျူတာကြီးဖြစ်သည်။ မိန်းဖရိန်ကွန်ပျူတာကြီးများနှင့် ချိတ်ဆက်ပြီးမှ လည်ပတ်လုပ်ဆောင်နိုင်သည့် အမျိုးအစားဖြစ်သည်။ ထိုစဉ်က မိန်းဖရိန် ကွန်ပျူတာစနစ်များမှာ ဆီရက်တဲလ်မြို့ပေါ်တွင် ထူထောင်ထားသည်။

၁၉၆၅ ခုနှစ်လောက်တွင် အသုံးပြုရသည့် ကွန်ပျူတာစနစ်များမှာ ထိန်းချုပ်ထားသည့် စနစ်ကြီးတစ်ခုမှခွဲဝေပြီး သုံးစွဲခွင့်ပေးခြင်းကို ရယူသုံးစွဲနေရခြင်း ဖြစ်သည်။ ဘီလ်ဂိတ်စ်သည် ၁၉၆၈ ခုနှစ်က ၈ တန်းအဆင့်တွင် ကျောင်းတက်နေသည်။ သူကထိုစဉ်ကတည်းက ကွန်ပျူတာနှင့်သုံးနိုင်ရန် သူ့ကိုယ်ပိုင်ပရိုဂရမ်တစ်ခုကို တီထွင်ရေးသားနိုင်ခဲ့သူဖြစ်သည်။

ကျောင်းသို့ ကွန်ပျူတာ ရောက်လာပြီးကတည်းက ဂိတ်စ်တစ်ယောက် သူ့အချိန်များကို ကွန်ပျူတာအခန်းတွင် အကုန်များလာသည်။ ထိုစက်ပစ္စည်းကြီးကို မည်သို့အသုံးပြုနိုင်သည် ဆိုခြင်းကို ဂိတ်စ်နှင့် အခြားကျောင်းသားအနည်းငယ်တို့သည် သူတို့ဘာသာသူတို့ ဖော်ထုတ်ကြရသည်။ တန်ဖိုးကြီးသော ကွန်ပျူတာကြီးဖြစ်သဖြင့် သူတို့လိုကလေးတွေကို လွှတ်ပေးထားသည့် Lakeside လိုကျောင်းမျိုးက ဆရာများ၏ သဘောထားတွေကလည်း အလွန်လေးစားဖွယ်ရာဖြစ်သည်။ ကလပ်သဘောမျိုးနှင့် ဒေါ်လာ ၃၀၀၀ ရင်းနှီးပေးပြီး ကလေးများတီထွင်နိုင်စေရန် ထူထောင်ပေးနိုင်ခြင်းကပင် အနာဂတ်တွင် တီထွင်သူ လူချမ်းသာကြီးတစ်ယောက်၏ဘဝကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ထိုကျောင်းတွင် ထူထောင်ထားသည့် The Mothers ဆိုသော ကွန်ပျူတာကလပ်အတွက် မိဘများက ငွေအရင်းအနှီးများစွာ ထည့်ဝင်ပေးကြသည်။ ကျောင်းသားများက လွတ်လပ်စွာ အသုံးပြုခွင့်ရကြသည်။ ထိုအချိန်တွင် ဝါရှင်တန်တက္ကသိုလ်ကလည်း C-Cubed (Computer Center Corporation) ဆိုသည့်အဖွဲ့ကို ထူထောင်ပြီး ပရိုဂရမ်မာများကို စုစည်းလိုက်ကြသည်။ ထိုအချိန်က အလွန်နည်းပါးသော ကွန်ပျူတာ ပရိုဂရမ်မာများ စုပေါင်းလုပ်ဆောင်ရန် အကြံထုတ်ကြခြင်းဖြစ်သည်။

ဂိတ်စ်ထက် တစ်တန်းကြီးသည့် ရိုနာဆိုသည့် ကောင်လေး၏ ဖခင်သည် Monique Rona ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ သူက C-cubed အဖွဲ့မှ ပရိုဂရမ်မာများ တီထွင်ထားသည့် ဆော့ဖ်ဝဲပရိုဂရမ်များကို Lakeside ရှိ ကွန်ပျူတာကလပ်တွင် လာပြီးစမ်းသပ်ကြည့်ချင်နေသည်။ ထို့ကြောင့် သူတို့က C-cubed တွင် ကျောင်းအားလပ်ချိန်များ၌ ပရိုဂရမ်များကို လာစမ်းသပ်ရန်ဖိတ်ခေါ်သည်။ ဂိတ်စ်က ကျောင်းလွှတ်တိုင်း C-cubed အဖွဲ့ထံသွားပြီး ပရိုဂရမ်များကိုလေ့လာကာ ကျောင်းတွင် ပြန်လည်စမ်းသပ်သည်။ 

C-cubed အဖွဲ့ကြီးသည် ပျက်သွားသည်။ သို့သော် ဂိတ်စ်နှင့် သူ့သူငယ်ချင်းများသည် ဝါရှင်တန် တက္ကသိုလ်အတွင်းသို့ ချောင်းပေါက်အောင် ဝင်ထွက်ခွင့်များရခဲ့သည်။ သူတို့ကို ISI (Information Sciences Inc.) ကုမ္ပဏီက ထောက်ပံ့ပေးပြီး တီထွင်ထားသည့် ဆော့ဖ်ဝဲများကို ထိုကုမ္ပဏီကယူရန် သဘောတူပြီး လေ့လာစမ်းသပ်ခွင့်များ ပေးလိုက်သည်။

ဂိတ်စ်နှင့် သူ့သူငယ်ချင်းများသည် ၁၉၇၁ ခုနှစ် တွင် ၇ လတိုင် ကွန်ပျူတာကို ရှာဖွေမွှေနှောက်ကြသည်။ သူတို့ နာရီပေါင်း ၁၅၇၅ ကြာအောင် ISI ၏ မိန်းဖရိန်ကွန်ပျူတာကြီးကို အသုံးပြုခွင့်ရခဲ့ကြသည်။ တစ်နေ့လျှင် ၈ နာရီ၊ တစ်ပတ် ၇ ရက် သူတို့ကွန်ပျူတာကို လာသုံးပြီး တီထွင်နေကြခြင်းဖြစ်သည်။ 

ဂိတ်စ်တစ်ယောက် ကွန်ပျူတာအပေါ်တွင် အရူးအမူးဖြစ်နေသလို၊ အားကစားတွေလည်း မလုပ်နိုင်တော့။ ညလည်း ကွန်ပျူတာခန်းထဲက မထွက်။ တစ်ပတ်အတွင်း ရလဒ်တွေထွက်အောင် သူငယ်ချင်းတွေနှင့် ပရိုဂရမ်တွေ ရေးနေကြရသည့်ကာလများ ရှိခဲ့ဖူးသည်။ တစ်ရက် နာရီ ၂၀ ကျော်လုပ်ခဲ့ရသည့်ရက်များရှိကြောင်း ဂိတ်စ်က ပြောပြသည်။ 

ထိုသို့ ပရိုဂရမ်ရူးသွပ်နေချိန်တွင် သူနှင့် စိတ်တူကိုယ်တူလှုပ်ရှားနေသူမှာ ပေါလ်အယ်လင်ဖြစ်သည်။ သူတို့သည် Password တွေကို ခိုးဖောက်နိုင်အောင် ကြိုးစားကြသည်။ သူများတီထွင်ထားသည့် ကွန်ပျူတာစနစ်များကို ဝင်ရောက်လေ့လာနိုင်ရန် အားထုတ်ကြသည်။ သူတို့အသက်တွေက ၁၅ နှစ် ၁၆ နှစ်ခန့်ရှိလာပြီ။ သူများကွန်ပျူတာတွေ ခိုးဖောက်ရင်း မိသွားသောကြောင့် ကန်အထုတ်ခံရသည်များလည်း ရှိခဲ့သည်။ နောက်ဆုံး သူတို့နှစ်ယောက် ဝါရှင်တန်တက္ကသိုလ်တွင် ကွန်ပျူတာအခမဲ့သုံးခွင့်ရအောင် ကြံဆောင်နိုင်ခဲ့သည်။

သူတို့သုံးခွင့်ရသည့် ကွန်ပျူတာမှာ ရူပဗေဒဌာနနှင့် ဆေးပညာဌာနမှ ကွန်ပျူတာများဖြစ်သည်။ သူတို့ တစ်ရက်လျှင် ၂၄ နာရီလောက်အသုံးပြုကြသည်။ မနက် ၃ နာရီ၊ ၄ နာရီလောက်မှ ပြန်ကြသည်။ ဝါရှင်တန်တက္ကသိုလ်ကို အိမ်လိုသဘောထားပြီး သူတို့နှစ်ယောက် ကွန်ပျူတာကို သွားသုံးနေကြခြင်းဖြစ်သည်။ မိဘများကလည်း သူတို့သား မိုးလင်းမှ ပြန်လာသည်ကို စိတ်ပူသည်။ သူတို့ကလည်း နေ့ခင်းအချိန်တွင် ကျောင်းသားများကို ရင်မဆိုင်ချင်သောကြောင့် ကျောင်းလွှတ်ချိန် တစ်ညလုံး ကွန်ပျူတာတွင် သူတို့ဘဝတွေကို မြှုပ်နှံထားလိုက်ကြခြင်းဖြစ်သည်။

ISI ကုမ္ပဏီကို ထူထောင်သူများထဲက ဘတ်ပမ်းဘရုက်ကို နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TRW က ခေါ်သွားသည်။ ဝါရှင်တန်တောင်ပိုင်း Bonnevile Power ဆိုသည့် လျှပ်စစ်ကုမ္ပဏီကြီးနှင့် TRW တို့ လုပ်ငန်းများလုပ်ဆောင်နိုင်ရန် စာချုပ်ကြသည်။ သူတို့တွင် ပရိုဂရမ်မာတွေ အများကြီးလိုအပ်နေသည်။ ထိုခေတ်ကလည်း ပရိုဂရမ်မာ အလွန်ရှားနေချိန်ဖြစ်သည်။ သို့သော် ပမ်းဘရုက်က မည်သူတွေကို သူနှင့်အတူ လက်တွဲလုပ်ဆောင်ရန်ခေါ်ရမည်ကို ကောင်းစွာသိထားသည်။ ISI မိန်းဖရိန်ကွန်ပျူတာတွင် နာရီပေါင်းများစွာ လာရောက်အချိန်ဖြုန်းနေသူများကို သူက ကောင်းစွာသိထားသည်။

ထိုစဉ်က ဂိတ်စ်သည် ကျောင်းအနေနှင့် ကွန်ပျူတာကို သွားရောက်လေ့လာခြင်း မပြုနိုင်တော့။ ကျောင်းနှင့် တက္ကသိုလ်တို့ ပေါင်းစပ်လုပ်နေသည့် လုပ်ငန်းများ ဖျက်လိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် ဂိတ်စ်သည် သူ့ကို ကွန်ပျူတာပရိုဂရမ်သင်ပေးနိုင်မည့်ဆရာကို ထပ်ရှာရသည်။ ဂျွန် နယူတန်ဆိုသူက သူ့ကို ကွန်ပျူတာ ပရိုဂရမ်ရေးနည်းသစ်များ ထပ်သင်ပေးသည်။ ဂိတ်စ်တစ်ယောက် အလယ်တန်းနှင့် အထက်တန်းပြီးဆုံချိန်အထိ ငါးနှစ်တိုင်အောင်ပင် ကွန်ပျူတာနှင့် ထိတွေ့ဆက်ဆံခွင့်မပြတ် ရရှိခဲ့ခြင်းက သူ့ဘဝကို ဘာလုပ်ရမည်ဆိုခြင်းကို ဆုံးဖြတ်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။

ဂိတ်စ်ဘဝကို ပြန်လည်ဆန်းစစ်ကြည့်လိုက်လျှင် သူ့မိဘတွေက ပိုက်ဆံချမ်းသာသည်။ သူ့ကို အစိုးရကျောင်းကထုတ်ပြီး ပုဂ္ဂလိကကျောင်းဖြစ်သည့် Lakeside ကို ပို့နိုင်ခဲ့သည်။ ထိုကျောင်းတွင် ရှားရှားပါးပါး ကွန်ပျူတာရောက်လာသည်။ ကွန်ပျူတာကို ပိုက်ဆံပေးပြီး သင်နိုင်သည့်အထဲတွင် ဂိတ်စ်လည်းပါသည်။ C-cubed နှင့် အဆက်အစပ်ရသည်။ ကွန်ပျူတာကုတ်များကို ရေးခွင့်လေ့လာခွင့်တွေ အပြည့်ရသည်။ အိမ်ကလည်း သူ့ကို နားလည်စွာဖြင့် ခွင့်ပြုထားသည်။ 

ISI က သူ့ကိုကောင်းစွာမွေးထုတ်နိုင်ခဲ့သည်။ သူက သူငယ်ချင်းဖြစ်သူ ပေါလ်အယ်လင်ကို တွေ့ဆုံခဲ့ရခြင်းကလည်း ကံကောင်းသည်ဟုဆိုရမည်။ ဘဝ၏ အကောင်းဆုံးနှင့် အတက်ကြွဆုံးအချိန်များကို သူတို့သည် ကွန်ပျူတာပရိုဂရမ်အပေါ်တွင် ရူးသွပ်ခြင်းဖြင့်သာ အချိန်ကုန်နိုင်ခဲ့ခြင်းက Microsoft ကို လမ်းစပေါ်စေခဲ့ခြင်းဖြစ်ကြောင်း မငြင်းနိုင်ပေ။

လူငယ်ဘဝ၏ အကျိုးရှိသော အချိန်ပေါင်းများစွာကို ဂိတ်စ်က ဘာလုပ်ရမည်ဟု ကောင်းစွာနားလည်ထားသည်။ သူ၏ စွန့်စားအနစ်နာခံပြီး ကြိုးစားလေ့လာခဲ့ခြင်းကပင် သူ့ကို လုပ်ငန်းများ၊ ပညာရှင်များက အသိအမှတ်ပြုလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ 

ဂိတ်စ်သည် ရိုးရိုးအောင်မြင်ခဲ့သူတစ်ယောက်မဟုတ်။ ဘဝတွင် အားထုတ်မှုပေါင်းများစွာနှင့် လူငယ်ဘဝ၏ ပျော်ရွှင်စရာကောင်းချိန်များကို စွန့်လွှတ်ခဲ့ပြီး အနာဂတ်အတွက် စတေးနိုင်ခဲ့သူဖြစ်သည်။ သူက သူ့ဘဝတွင် အောင်မြင်ခဲ့မှုများကို ကံကောင်းအကြောင်းလှသဖြင့်ဟု မည်သည့်အခါကမှ မယူဆခဲ့ပေ။ တစ်ခုခုရယူချင်လျှင် တစ်ခုခုပေးဆပ်ကြရသည်။ အောင်မြင်ချင်သူများ မည်မျှပေးဆပ်နိုင်ခဲ့သနည်း ဆိုခြင်းကို ဂိတ်စ်အား အတုယူပြီး မေးခွန်းထုတ်ကြည့်စေချင်သည်။

E-01

(Ref: Outliners, Malcolm Gladwell)