News

POST TYPE

ARTICLE

နာမည်မကြီးပေမယ့် အန္တရာယ်မသေးတဲ့ရောဂါ
25-Jun-2018

အမျိုးအမည်စုံသော မုန့်ဆိုင်များမှ မိမိကလေးစားချင်တာကို ပိုက်ဆံရှိလျက်နှင့် မကျွေးရတာမျိုး ကြားဖူး၊ ကြုံဖူးပါသလား။

သင့်ကလေးငယ်မှာ မွေးရာပါရောဂါတစ်ခုရှိနေလို့ စားချင်တာကို မကျွေးရ၊ သောက်ချင်တာကို မတိုက်ရတာမျိုး လုပ်နေရတာမျိုး ရှိပါသလား။

မန္တလေးမြို့က မောင်ပြည့်ဘုန်းခန့်ရဲ့ မိခင်ဖြစ်သူမနွယ်နွယ်ဦးကတော့ သူ့သားလေးအတွက် အစားအသောက်ကို ဂရုတစိုက်နဲ့ ရွေးချယ်ကျွေးမွေးနေရတာဟာ သူ့သားလေးတစ်သက်ရှိနေခဲ့ပါပြီ။

သူ့သားလေးမှာ မွေးရာပါ G6PD လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးချို့တဲ့ခြင်းရောဂါကို ခံစားနေရတာဟာ ကလေးမွေးပြီးကတည်းက ဖြစ်သည်။

“ကျွန်မသားလေးမွေးတော့ အသားတွေဝါလို့ စမ်းသပ်ရတယ်” ဟု မနွယ်နွယ်ဦးက ဆိုသည်။

“အဲဒီတော့မှ ဒီရောဂါကို ကြားဖူးတာ” ပြောနေသည်က ခုချိန်အထိ အံ့ဩဟန်မပျောက်သေးသလိုလို။

လူ့ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများစွာ လုပ်ဆောင်နိုင်ရန်အတွက် အင်္ဂါအစိတ်အပိုင်းများစွာမှထုတ်ပေးသည့် အန်ဇိုင်းဟုခေါ်သည့် ဓာတ်ပစ္စည်းများစွာရှိနေသည်။ G6PD (Glucose-6-Phosphate Dehydrogenase)သည်လည်း ယင်းအန်ဇိုင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

G6PD ဆိုသည့် အန်ဇိုင်းသည် ခန္ဓာကိုယ်တွင်ရှိနေသည့် သွေးနီဥများ၏လုပ်ငန်းဆောင်တာများကို ကူညီဆောင်ရွက်ပေးသည်။ အစာအာဟာရများကို စွမ်းအင်အဖြစ်ပြောင်းလဲသည့် လုပ်ငန်းစဉ်တွင် ကူညီပေးသည်။ သွေးနီဥများကို အလွယ်တကူ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။

G6PD ဆိုသည့် အန်ဇိုင်းချို့တဲ့မှုဖြစ်ပါက အထက်ပါလုပ်ငန်းဆောင်တာများ နှေးကွေးသွားနိုင်သည်။ နည်းပါးသွားနိုင်သည်။

သွေးနီဥများကို ကာကွယ်သူနည်းပါးသွားပြီး လွယ်လွယ်ကူကူ ပျက်စီးသွားနိုင်သည့်အတွက် သွေးအားနည်းပါးခြင်းရောဂါ လက္ခဏာများကို ဖြစ်စေသည်။ ချို့တဲ့မှုမြင့်မားပါက သွေးနီဥ ပျက်စီးမှု များပြားနိုင်သည်။ အသက်သေသည်အထိ အန္တရာယ်ရှိသည်။

ကလေးဆယ်ဦးလျှင် နှစ်ဦးတွင် G6PD ဓာတ် ချို့တဲ့မှုရောဂါရှိကြောင်းဆောင်းပါးနှင့် ဆေးပညာဝက်ဘ်ဆိုက်အချို့တွင် ဖော်ပြပါရှိသည်။

တစ်ကမ္ဘာလုံးတွင်တော့ G6PD ဓာတ်ပစ္စည်းချို့တဲ့နေသည့် လူပေါင်းသန်းလေးရာလောက်အထိ ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားစာကြည့်တိုက်က ထုတ်ပြန်ကြေညာထားသည်။

ဒီချို့တဲ့မှုရောဂါသည် အဓိကအားဖြင့် အပူပိုင်းဒေသများတွင် ဖြစ်ပွားမှုပိုမိုများပြားပြီး အာဖရိကနိုင်ငံဖွားများ၊ မြေထဲပင်လယ်ဒေသဖွားများနှင့် အာရှနိုင်ငံဖွားများတွင် အဖြစ်အများဆုံးဖြစ်နိုင်သည်။

မြန်မာနိုင်ငံအနေနှင့် လူဦးရေ၏ ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိဖြစ်ပွားနိုင်ခြေရှိသည်။

“ဒီချို့တဲ့မှုက သူ့ဟာသူနေရင်တော့ ဘာမှမဖြစ်ဘူး။ မတည့်တဲ့ ဆေးတစ်ခုခု၊ အစာတစ်ခုခုကို စားမိတဲ့အချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာတာ” ဟုလည်း ရှင်းပြသည်။

G6PD ဓာတ်ပစ္စည်းသည် သွေးနီဥများကို ကာကွယ်ပေးသည့်အတွက် ယင်းဓာတ်ပစ္စည်းချို့တဲ့ နေသည့်အခြေအနေတွင် ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသည့်မတည့်သည့်ပစ္စည်းများကို ထိန်းချုပ်ကာကွယ်နိုင်သည့်အခြေအနေ လျော့နည်းသွားသည်။

အကာအကွယ်မဲ့သွားသည့် သွေးနီဥများ လွယ်လွယ်ကူကူပင် ပျက်စီးသွားပြီး ပထမဆုံးအနေနှင့် သွေးအားနည်းသွားမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် သွေးနီဥများပျက်ဆီးကာ ဆီးများလည်း နီလာနိုင်သည်။ ကျောက်ကပ်ကို ပိတ်ဆို့ကာ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သည်။

သွေးအားနည်းခြင်းရဲ့နောက်ဆက်တွဲ ပြဿနာများအဖြစ် ခန္ဓာကိုယ်၏ အသားအရောင်က ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ မောခြင်းတို့ ဖြစ်လာမည်။

“ချို့တဲ့မှုရောဂါရှိတဲ့ လူတစ်ယောက်က မတည့်တာစားမိလိုက်ရင် ချက်ချင်းပဲသွေးအားနည်းသွားပြီးတော့ တစ်ကိုယ်လုံးဖြူသွားမှာ။ ဒါဟာ အရေးကြီးဆုံးလက္ခဏာပါပဲ” ဟု ကလေးဆရာဝန်ကြီးက ဆိုသည်။

ရောဂါကို အဆင့်သတ်မှတ်မှုမရှိပေမယ့်လည်း ဓာတ်ပစ္စည်းနည်းပါးမှုပမာဏကိုတော့ အဆင့်ခွဲခြားထားသည်။ ချို့တဲ့မှုရောဂါရှိသည့် တစ်ဦးနှင့် တစ်ဦးက ပမာဏချင်းမတူနိုင်။ အချို့က ရှိရမည့် ဓာတ်ပစ္စည်းပမာဏ၏ သုံးပုံတစ်ပုံ၊ အချို့က ထက်ဝက်နည်းပါးပြီး အချို့အတွက်တော့ သုံးပုံနှစ်ပုံလောက်အထိ နည်းပါးနိုင်သည်။

“သားလေးကတော့ ထက်ဝက်နည်းတာ”လို့ ဆိုလာသူက အသက်တစ်နှစ်ကျော်ကျော်အရွယ်ရှိနေတဲ့ မောင်လူအေး၏ မိခင် မဇာနည်မာန်ဖြစ်သည်။

မောင်လူအေးသည်လည်း မွေးကတည်းကပင် အသားအနည်းငယ်ဝါနေမှုကြောင့် သွေးကိုစစ်ဆေးရာမှ G6PD ဓာတ်ချို့တဲ့နေခြင်းကို သိရှိခဲ့ခြင်းဖြစ်သည်။

မောင်လူအေးမှာ ယင်းရောဂါရှိကြောင်း၊ မျိုးရိုးလိုက်သည့်ရောဂါတစ်ခုဖြစ်ကြောင်း သိသွားကြပြီးနောက် အမျိုးများအနေနှင့် မောင်လူအေးနောက်ပိုင်းမွေးသည့် ကလေးများကို မွေးကတည်းက စစ်ဆေးပေးကြတော့ကြောင်း သိရသည်။

ကလေးငယ်များ G6PD ဓာတ်ပစ္စည်းချို့တဲ့ခြင်းရောဂါ ရှိမရှိကို သွေးကိုဓာတ်ခွဲစမ်းသပ်ရုံနှင့် သိရှိနိုင်သည်။ မတည့်သည့်အစားအစာကို စားမိပြီး ချို့တဲ့ခြင်းရောဂါများဖြစ်ပွားနေချိန်မှာ စစ်မည်ဆိုပါက အဖြေမှန်ထွက်မည်မဟုတ်ဘဲ ကျန်းမာနေသည့် အချိန်မှာသာ စစ်ဆေးသင့်ကြောင်း ကလေးဆရာဝန်အချို့က အကြံပြုကြသည်။

စစ်ဆေးရာတွင်လည်း ချို့တဲ့မှုရှိမရှိနှင့် မည်မျှချို့တဲ့နေသည်ကိုသိရှိရန် စစ်ဆေးခြင်းဆိုပြီး နှစ်ဆင့်ရှိသည်။ တစ်ဆင့်စီသည် ကျပ်ငါးထောင်ကျော်ကျော်သာ ကျသင့်မည်ဖြစ်သည်။

“လူတိုင်းဟာ ဒီရောဂါရှိမရှိ သိထားရင်ကောင်းတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးကြိုသောက်ပြီး ကာကွယ်လို့ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာဆေးမှမပေါ်သေးပါဘူး” ဟု ဆရာဝန်ကြီး ဒေါက်တာ ကျော်မျိုးကဆိုသည်။ 

“ရောဂါရှိတယ်ဆိုတာသိရင် ဘာတွေနဲ့ မတည့်ဘူးဆိုတာသိပြီး ရှောင်နိုင်တယ်။ ဒီရောဂါမှာ ဆောင်ရန်ဆိုတာမရှိဘူး။ ရှောင်ရန်တွေသာရှိတယ်” ဟုလည်း ရှင်းပြသည်။

မန္တလေးမြို့က ကလေးငယ်တစ်ဦး G6PD ချို့တဲ့ခြင်းရောဂါ ဖြစ်ပွားနေတာကို မိဘများက မသိခဲ့ပါ။

ကျောင်းကပြန်လာပြီး အိမ်ရောက်တော့ ပဲကြော်လက်ဖက်သုပ်ထဲက ပဲအကြော်ဆံကို နှိုက်စားမိရာကနေ တစ်ကိုယ်လုံးပြာနှမ်းသွားပြီး သွေးအများအပြားသွင်းလိုက်ရသည်အထိ ဖြစ်ပွားခဲ့သည်။

“ရောဂါရှိမှန်းမသိဘဲ မတည့်တာစားမိလိုက်တယ်။ ဘာဖြစ်မှန်းလည်းမသိဘဲ ဆေးရုံဆေးခန်းအချိန်မီမပို့နိုင်ရင် အသက်သေသည်အထိ ဖြစ်နိုင်တယ်။ သေသွားတာတွေလည်း ရှိခဲ့တယ်” ဟု ပါမောက္ခတစ်ဦးလည်းဖြစ်သူ ဒေါက်တာမျိုးကျော်က ရှင်းပြသည်။

G6PD ချို့တဲ့နေသည့် လူတစ်ဦးသည် ရောဂါရှိကြောင်းမသိဘဲ၊ ရှောင်သင့်သည့်အစားအစာတွေကိုမသိဘဲ မတည့်သည့် အစားတစ်ခု၊ ဆေးတစ်ခုကို စားသုံးမိပါက နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းတို့နှင့် ဆက်နွှယ်နေသည့်အတွက် အချိန်မီဆေးကုသမှုမပေးနိုင်ပါက သေဆုံးသွားနိုင်သည်။

အချိန်မီကုသခြင်းဆိုသည်မှာလည်း သွေးသွင်းပေးရခြင်းဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးများက ဆိုသည်။

သို့သော် အဆိုပါဓာတ်ပစ္စည်းချို့တဲ့မှု အခြေအနေသည် ကူးစက်ရောဂါတစ်ခုမဟုတ်ပေ။ မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်ခုဖြစ်သည်။ အမျိုးသမီးများထက် အမျိုးသားများတွင် အဖြစ်များသည်။ အခြားကူးစက်ရောဂါများကဲ့သို့ တစ်ဦးမှတစ်ဦး ကူးစက်တတ်သည့် ရောဂါတစ်ခုမဟုတ်သည့်အတွက် ရောဂါရှိသူများသည် သာမန်လူများသာဖြစ်ကြသည်။

အသက် ၅ နှစ်ပြည့်ခဲ့ပြီဖြစ်သည့် မောင်ပြည့်ဘုန်းခန့်သည် ဇွန်လပထမတစ်ပတ်မှာပဲ KG တန်းကို မန္တလေးက နာမည်အတော်အတန်ရှိသည့် ကိုယ်ပိုင်အထက်တန်းကျောင်းကို စတင်တက်ရောက်ပညာ သင်ကြားခဲ့သည်။

အစားအသောက် ဆင်ခြင်လွန်းရသည့် မောင်ပြည့်ဘုန်းခန့်၏ မိဘသည် ကလေးကိုကျောင်း၌ ဂရုစိုက်ပေးရန် တောင်းဆိုခဲ့ရာမှ ကျောင်းတစ်ပတ်တက်ပြီးချိန်၌ ကျောင်းကထုတ်ပယ်ခြင်းကို အခြား G6PD ချို့တဲ့နေသည့် ကလေးငယ်တစ်ဦးနှင့်အတူ ခံလိုက်ရသည်။

“ကျွန်မ အဲ့ဒီကျောင်းရောက်သွားပြီး အဲ့ဒါကို ကြားလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျမတတ် ဝမ်းနည်းသွားတယ်” ဟု မောင်ပြည့်ဘုန်းခန့်ရဲ့ မိခင်ဖြစ်သူ မနွယ်နွယ်ဦးက ဝမ်းပန်းတနည်းပြောသည်။

G6PD ချို့တဲ့သည့် ရောဂါသည်များသည် ဆေးအချို့၊ အစားအသောက်အချို့နှင့်ဓာတ်ပစ္စည်း အချို့ကို ရှောင်ရှားကြရသည်။

ငှက်ဖျားဆေးများအချို့ကို ရှောင်ကြရခြင်းဖြစ်သည်။ ငှက်ဖျားဆေးအားလုံးတော့လည်း မဟုတ်ပြန်။ ငှက်ဖျားဆေးများအနက် အချို့နှင့် မတည့်ခြင်းဖြစ်သည်။ Sulfur (ကန့်) ဓာတ်ပါသည့် ဆေးများကိုလည်း အဓိကရှောင်ရှားကြရသည်။

အစားအသောက်အနေနှင့်လည်း တောင်ကြီး ပဲလှော်ကို ရှောင်ရှားကြရန်လိုသည်ဟုဆရာဝန်များက ဆိုသည်။ ပရုတ်လုံးအနံ့ကို ရှူရှိက်မိပါကလည်း ရောဂါလက္ခဏာများပြသလာနိုင်သည်။

ရောဂါရှိသူ တစ်ဦးနှင့်တစ်ဦးသည် ချို့တဲ့မှုအခြေအနေများ မတူကြသည့်အတွက် မတည့်သည့် ပစ္စည်းများကို ရှောင်ရှားရသည့် ပမာဏသည်လည်း မတူပြန်ပေ။

အဆိုပါ ချို့တဲ့မှုရောဂါသည် မွေးကတည်းကပါရှိလာပြီး တစ်သက်လုံးချို့တဲ့မည်ဖြစ်သော်လည်း ဓာတ်မတည့်သည့် အစားအသောက်နှင့် ဆေးဝါးများကို ရှောင်ရှားနိုင်သေးသရွေ့ မည်သည့်လက္ခဏာမှ မပေါ်ပေါက်ဘဲ ကျန်းမာစွာနေထိုင်နိုင်မည့် ရောဂါတစ်ခု ဖြစ်သည်။

“ဆရာဝန်ကပြောထားတဲ့ မတည့်ဘူးဆိုတဲ့ အစားအသောက်တွေကိုတော့ အိမ်ကအရမ်းဂရုစိုက်ရပါတယ်” ဟု မောင်ပြည့်ဘုန်းခန့်၏ မိခင်မနွယ်နွယ်ဦးက ဆိုသည်။

သူ့အနေနှင့် ကလေးစားချင်သည်များကို မတည့်ကြောင်းပြောပြကာ တားမြစ်ခဲ့ရမှု၊ သားငယ်ပူဆာ လွန်းမှုကြောင့် တစ်ခါတစ်ရံ ဆူပူငေါက်ငမ်းကာ တားမြစ်ခဲ့ရသည်ကိုလည်း ညှိုးငယ်စွာ ရှင်းပြသည်။

ဆေးတိုက်ကျွေးရန် ကြုံလာပါကလည်း မိမိသဘောဖြင့် ဆေးကိုဝယ်မတိုက်ဘဲ ဆရာဝန်နှင့်သာ ပြသကုသပေးသည်။ ကလေးမှာချို့တဲ့မှုရောဂါရှိကြောင်းကို ဆရာဝန်ကို အသိပေးသည်။

ယင်းသို့ ဂရုတစိုက်စောင့်ရှောက်နိုင်မှုတွေကြောင့် အသက်ငါးနှစ်အထိရောက်လာသည့် မောင်ပြည့်ဘုန်းခန့်အနေနှင့် ဓာတ်မတည့်မှု တစ်ခါမှမဖြစ်ဖူးခဲ့ပေ။

မနွယ်နွယ်ဝင်းကတော့ သားလေးမွေးကတည်းက ရှောင်ရန်အချက်များကိုရေးထည့်ထားသည့် စာရွက်လေးများကို အိမ်မှာချိတ်ထားကာ သားငယ်ကို ဂရုစိုက်လာခဲ့၊ ဂရုစိုက်နေခဲ့ခြင်းဖြစ်သည်။

မောင်ပြည့်ဘုန်းခန့်နှင့် မောင်လူအေးတို့ ကလေးငယ်နှစ်ဦးကတော့ မိခင်ဖခင်တို့၏ ဂရုတစိုက်စောင့်ရှောက်နိုင်မှုကြောင့် ချစ်သူခင်သူများအကြား အဆော့သန်လွန်းသည့် ချစ်စဖွယ်ကလေးလေးများအဖြစ် ကလေးဘဝကို ဖြတ်သန်းလျက်ရှိပေသည်။

“ကျွန်မပိုက်ဆံအိတ်ထဲမှာလည်း စာရွက်ရှိတယ်။ သားလေးကြီးလာရင်တော့ ဒီစာရွက်ထဲက ဟာလေးတွေကို ဂရုတစိုက်ရှောင်ပြီး ကျွေးမွေးပြုစုသွားမှာ” လို့ မနွယ်နွယ်ဝင်း ပိုက်ဆံအိတ်ထဲကရှောင်ရမည့် အစားအသောက်နှင့် ဆေးဝါးများစာရင်း စာရွက်လေးကို ကြည့်ကာဆိုလေသည်။

ရန်မိုးနိုင်