News

POST TYPE

ARTICLE

ရွေးခွင့်မဲ့သူတို့၏ ဘဝတိုက်ပွဲ
23-Jun-2018



ဆိုနီယာတစ်ယောက် ညစ်ပတ်မှောင်မည်းနေသည့် အခန်းအတွင်း အိပ်ပျော်နေရာ နိုးလာသည်။ သတိထားလိုက်မိသည်က သူ့ဗိုက်ထဲမှထိုးပြီး အောင့်နေသည်။ မကြာသေးမီကမှ သူနှင့်သူ့ခင်ပွန်းတို့ ဆေးခန်းကို သွားပြီး အာထရာဆောင်းရိုက်ထားသည်။ သူ့တွင် ကိုယ်ဝန်ရှိနေမှန်း ထိုနေ့ကမှ သိလိုက်ရသည်။ သူ့ယောက်ျားက ထိုသတင်းကိုကြားလိုက်ရသဖြင့် ဝမ်းမသာသည့်အပြင် သူ့ကိုပင်ရန်မူသည့်အကြည့်ဖြင့် တုံ့ပြန်ခြင်း ခံလိုက်ရသည်။

ယနေ့ သူ့ယောက်ျားက ဆေးခန်းကို ထပ်သွားသည်။ သူပြန်လာသည့်အခါတွင် ဆေးတွေ ပါလာသည်။ သူ့ကို ဆေးတွေ အတင်းသောက်ခိုင်းသည်။ သူ့သဘောမပါဘဲ ကိုယ်ဝန်ကို အတင်းဖျက်ချခိုင်းနေခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ခိုင်းနေခြင်းမှာ သူ့အိမ်ထောင်သည်ဘဝတွင် မထူးဆန်းဟုဆိုသော်လည်း သူ့အတွက် အလွန်ခံစားရခက်သော စိတ်ဝေဒနာ တစ်ခုဖြစ်ခဲ့ရသည်။ 

ပါကစ္စတန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ပြီး ရက်ပေါင်း ၁၂၀ အတွင်း ကိုယ်ဝန်ဖျက်ချခြင်းကို အစ္စလာမ္မစ် အသိုင်းအဝိုင်းက ခွင့်ပြုထားသည်။ သို့သော် တကယ်တန်း ကိုယ်ဝန်ဖျက်ချမည်ဆိုလျှင်လည်း ကျန်းမာရေး ဝန်ထမ်းတွေက လက်ရှောင်နေတတ်ကြသည်က များသည်။ အမျိုးသမီးများအတွက် အမှန်တကယ် ကိုယ်ဝန်ဖျက်ချလိုလျှင် ဆေးသောက်ခြင်းနှင့် ကျေးလက်များတွင် အတင်းအဓမ္မဖျက်ချခြင်းတို့ကို အရပ် လက်သည်များနှင့် လုပ်ကိုင်ကြသဖြင့် အမျိုးသမီးများ၏ ရေရှည်ကျန်းမာရေးကို များစွာ ထိခိုက်ခဲ့ကြရသည်။

၂၀၁၂ ခုနှစ်တွင် ပါကစ္စတန်ရှိ အမျိုးသမီးပေါင်း ၆၂၃,၀၀၀ ဦးခန့်မှာ ကိုယ်ဝန်ဖျက်ချခြင်းများကို အကြောင်းအမျိုးမျိုးနှင့် ခံနေကြရသည်။ ဆိုနီယာသည်လည်း သူ့ခင်ပွန်း၏ အရည်အသွေး ရှိချင်မှရှိမည့် ဈေးပေါပေါ ကိုယ်ဝန်ဖျက်ချသည့် ဆေးများဖြင့် သူ့သဘောဆန္ဒမပါဘဲ ကိုယ်ဝန် ဖျက်ချခိုင်းခြင်းကို ခံနေရသည်။ သူ့ဘဝ သူ့အကြောင်းက ပါကစ္စတန်ရှိ အမျိုးသမီးများဘဝသည် ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းများ၊ သန့်ရှင်းသည့် ဆေးခန်းနှင့် ကုသမှုများ မည်မျှကင်းမဲ့စွာဖြင့် အသက်ရှင်သန်နေရကြောင်း မီးမောင်းထိုးပြလိုက်သလိုဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၏ နိမ့်ပါးသော အမျိုးသမီးများဘဝကို ကယ်တင်ပေးနိုင်သည့် အဖွဲ့အစည်းသည် ၂၀၁၀ ပြည့်နှစ်က စတင်ပြီး ပေါ်ပေါက်လာသည်။ ဆာဘာ အစ္စမေးလ် ထူထောင်ထားသည့် Aware Girls အဖွဲ့သည် ပါကစ္စတန် အမျိုးသမီးများဘဝကို ကယ်တင်ရန်အတွက် အရေးပေါ် ဖုန်းဆက်လိုက်ရုံဖြင့် ရောက်လာကြလိမ့်မည်ဖြစ်သည်။

ဆာဘာ အစ္စမေးလ်သည် Aware Girls အဖွဲ့ ကိုထူထောင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူက အမျိုးသမီးတို့၏ နိမ့်ကျနေသည့်ဘဝများကို လူထုထံရောက်စေရန် အားထုတ်နေသူဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံအမျိုး သမီးတို့ကို သူ့ထံသို့ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအထိ ပညာသွားသင်နိုင်ခဲ့ပြီး Biotechnology ဘာသာရပ်ဖြင့် မာစတာဘွဲ့ကိုလည်း ရထားသည်။ အာရှလူငယ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ထင်ရှားသည့် အမျိုးသမီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး Aware Girls တွင် အုပ်ချုပ်သူ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည်။

“ကျွန်မတို့အဖွဲ့ကို အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့သတင်းတွေ မကြားသေးပါဘူး။ ကျွန်မတို့အဖွဲ့အနေနဲ့ US Aid ရဲ့ အထောက်အပံ့ ခံဖြစ်ဖို့ အရည်အချင်းတွေ ပြည့်မီချင်မှမီမယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပါကစ္စတန်နိုင်ငံက ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကို စနစ်တကျ လုပ်ပေးနေတဲ့နေရာတွေကို ထိခိုက်သွားမှာ စိုးရိမ်တယ်”ဟု ဆာဘာ အစ္စမေးလ်ကဆိုသည်။

အမေရိကန်အစိုးရက US Aid အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ မိသားစုစီမံချက်နှင့် မျိုးဆက်ခြား ကျန်းမာရေး အစီအစဉ်များကို Marie Stopes International ဆိုသော NGO အဖွဲ့အစည်းနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးလျက်ရှိသည်။ ထိုအစီအစဉ်အရ ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီး ၄ ဒသမ ၆ သန်းကို ကိုယ်ဝန်မရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ကိုယ်ဝန်ဖျက်ချခြင်းကိုလည်း စနစ်တကျဖြင့် ၁ ဒသမ ၉ သန်းခန့် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ မိခင်လောင်း ၆၀၀၀ တို့၏ဘဝများကို ဆယ်စုတစ်စုအတွင်း ကယ်တင်နိုင်ခဲ့ကြသည်။

Aware Girls အဖွဲ့ကလည်း Saheli (မိတ်ဆွေ) ဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အခမဲ့ ပညာပေးမှု လုပ်ငန်းများကို လိုက်လံလုပ်ဆောင်ပေးနေသည်။ ကိုယ်ဝန် ဖျက်ချခြင်းဆိုင်ရာ အသိပညာပေးမှုများ၊ သန္ဓေတားခြင်းဆိုင်ရာ အသိပညာများကို လိုက်လံဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ သူတို့ထံ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် အမျိုးသမီးများ၏ ခံစားနေရသည့်ဒုက္ခများကို ကူညီဖြေရှင်းပေးနိုင်ရန် စေတနာ့ဝန်ထမ်း စီစဉ်ပေးထားသည်။

“ကျွန်မတို့ ပထမဆုံး အရေးပေါ်ဖုန်းလိုင်း ဖွင့်ထားတုန်းက လူသတ်သမားတွေလို့ အပြောခံရပါတယ်။ ကိုယ်ဝန် ဖျက်ချပေးတယ်ဆိုတာ လူသတ်တာမှမဟုတ်ဘဲ။ လူတွေက အဲဒီလိုကြီး ထင်နေတာကိုက ကျွန်မတို့အတွက် စိတ်အနှောင့်အယှက်တော့ ဖြစ်စေတာပေါ့”ဟု ဆာဘာကဆိုသည်။

သူတို့ လုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်း ခြိမ်းခြောက်မှုမျိုးစုံကိုလည်း ခံကြရသည်။

“အစပိုင်းမှာ ကျွန်မတို့ကို တစ်လ ဖုန်းအကြိမ် ၃၀ လောက် အခေါ်ခံရတယ်။ ခုဆိုရင် တစ်လကို ဖုန်း နဲ့ခေါ်ပြီး အကူအညီတောင်းနေတာ အကြိမ် ၁၈၀ လောက်ရှိနေပြီ။ ကျွန်မတို့ကို ဖုန်းနဲ့လှမ်းခေါ်ရင် သူတို့ဆီကို သွားလိုက်တယ်။ တစ်ခါကဆိုရင် ကျွန်မတို့ကိုခေါ်တဲ့ အမျိုးသမီးက ကျွန်မတို့ကို သူဟာ တာလီဘန်တစ်ယောက်ဖြစ်ကြောင်း၊ အမျိုးသမီးတွေကို ကိုယ်ဝန် ဖျက်ချပေးတာတွေ၊ တားဆီးပေးတာတွေ လိုက်လုပ်နေမယ့် အစား ယောက်ျားတွေကို လေးစားစွာနေထိုင်ဖို့ ပြောပေးစေလိုကြောင်း လာစည်းရုံးတာတောင် ခံရတယ်”ဟု သူက အတွေ့အကြုံကို ပြောပြရှာသည်။

သူတို့အပေါ် အကြမ်းဖက်သမားတွေ ခြိမ်းခြောက်မှုက ပိုပြီးဆိုးလာသဖြင့် ၂၀၁၄ ခုနှစ်က ၆ လခန့် လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသေးသည်။

အစ္စမေးလ်၏ အရေးပေါ် ဖုန်းလိုင်းကတစ်ဆင့် အကူအညီတောင်းသည့် အစီအစဉ်မှာ WHO အဖွဲ့ကပင် အထောက်အပံ့များ ပေးလာသည်အထိဖြစ် လာသည်။ WHO အဖွဲ့က ကိုယ်ဝန် ၉ လအောက် အမျိုးသမီးများကို မည်သို့ ကိုယ်ဝန်ဖျက်ချပေးရမည်ဆိုသည့် သဘောတရားများကို သူတို့အား လေ့ကျင့်သင်ကြားပေးခဲ့သည်။ ပါကစ္စတန်တွင် အများဆုံး အသုံးပြုနေသည့် ကိုယ်ဝန် ဖျက်ချဆေးမှာ Misoprostol ဆေးဖြစ်သည်။ အစ္စမေးလ်နှင့်အဖွဲ့က ကိုယ်ဝန်ဆောင်များ၏ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကာလနှင့် ဖျက်ချရန်အခြေအနေ ဖြစ်နေသူများအတွက် ပညာပေးမှုများကို လိုက်လံဆောင်ရွက်ပေးပြီး အမျိုးသမီးများ ကိုယ်ကျိုးမနည်းစေရန် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ပေးရင်း အကူအညီတွေ ပေးကြသည်။

“ကျွန်မတို့ကို အများဆုံးခေါ်တဲ့သူတွေကတော့ ပြည့်တန်ဆာတွေနဲ့ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေသူတွေပဲ။ ကျွန်မတို့က သူတို့ပြောတာလောက် နားထောင်ပြီး ကိုယ်ဝန် ဖျက်ချပေးဖို့တော့ မဆုံးဖြတ်ပါဘူး။ ကျွန်မတို့က အသက် ၁၇ နှစ်ကနေ ၅၀ အတွင်း၊ လက်ထပ်ထားတဲ့ အမျိုးသမီးတွေလည်း ဖြစ်ရမယ်။ သားသမီးလည်း မွေးဖွားဖူးရမယ်။ ကလေးများတဲ့ အမျိုးသမီးတွေနဲ့ မိသားစုဝင်တစ်ဦးဦးရဲ့ မုဒိမ်းကျင့်တာကိုခံရပြီး ကိုယ်ဝန်ရှိနေသူတွေဆိုရင် ဖျက်ချပေးပါတယ်”ဟု အစ္စမေးလ်ကဆိုသည်။

သူက ဆမီနာဆိုသည့် ကောင်မလေးတစ်ယောက်၏ ဇာတ်လမ်းကိုလည်း ပြောပြသည်။ ဆမီနာသည် အသက် ၂၁ နှစ် ရှိနေပြီ။ သူ့ကို အစ်ကိုတစ်ဝမ်းကွဲဖြစ်သူက မုဒိမ်းကျင့်လိုက်သဖြင့် ကိုယ်ဝန်ရှိလာသည်။ သူက ဆေးရုံကိုလည်း မသွားရဲဖြစ်နေရှာသည်။ ထိုသို့သော မိန်းကလေးတွေကို အရှက်နှင့်အသက်အတွက် သူတို့ အကူအညီပေးနေရသည်။

၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် ကိုယ်ဝန်ဖျက်ချမှုပေါင်းသည် (လုံခြုံသည်ဖြစ်စေ၊ မလုံခြုံသည်ဖြစ်စေ) ၅၆ သန်းခန့်ရှိခဲ့ကြောင်း WHO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီးပေါင်း ၁၀၀၀ တွင် ၃၅ ဦးသည် ကိုယ်ဝန်ဖျက်ချမှုများကို လုပ်ဆောင်နေကြသည်။ ကိုယ်ဝန်ဆောင်ထားသူ အမျိုးသမီးများ၏ ၂၅ ရာခိုင်နှုန်းခန့်မှာ ကိုယ်ဝန်ဖျက် ချနေကြရသည့်သဘောဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတွေထက်များသည်။ ကမ္ဘာပေါ်တွင် အန္တရာယ်မကင်းစွာဖြင့် ကိုယ်ဝန်ဖျက်ချနေရမှုများ နှစ်စဉ် ၂၅ သန်းခန့်ရှိသည်။ ထိုအရေအတွက်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် အများဆုံးဖြစ်သည်။

အာရှတွင် အန္တရာယ်မကင်းစွာဖြင့် ကိုယ်ဝန် ဖျက်ချမှုတွေက ကမ္ဘာတွင်အများဆုံးဖြစ်သည်။ အာဖရိကနှင့် လက်တင်အမေရိကတို့တွင်လည်း ကိုယ်ဝန်ဖျက်ချမှု ၄ ခုတွင် ၃ ခုသည် မလုံခြုံ ဘေးမကင်းစွာဖြင့် လုပ်ဆောင် နေကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဖျက်ချသောကြောင့် သေဆုံးမှု အများဆုံးနိုင်ငံများမှာ အာဖရိကဖြစ်သည်။ ကိုယ်ဝန်ဖျက်ချမှုကို ပေါ့ပေါ့တန်တန် လုပ်ဆောင်နေခြင်းကြောင့် သေဆုံးနေကြရသည့် မိခင်များမှာ ၄ ဒသမ ၇ ရာခိုင်နှုန်းမှ ၁၃ ဒသမ ၂ ရာခိုင်နှုန်းအတွင်း ရှိသည်။ ကမ္ဘာ့ကိုယ်ဝန်ဖျက်ချမှုတွင် အန္တရာယ်မကင်း၊ မလုံခြုံစွာဖြင့် လုပ်ဆောင်မှု အများဆုံး၏ ထက်ဝက်ခန့်မှာ အာရှတွင်ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချရခြင်းဆိုသည်မှာ အန္တရာယ် မကင်းသည့် စိုးရိမ်စရာ လုပ်ငန်းတစ်ခုမဟုတ်ကြောင်း WHO က ထုတ်ပြန်ထားပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးသောက်ခြင်း သို့မဟုတ် ပြင်ပ လူနာအဖြစ်ပင် အသက်အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်သည်။ သို့သော် နားလည်တတ်ကျွမ်းသူများ၏ ပြုစုစောင့်ရှောက်မှုကို ခံရန်လည်းလိုအပ်သည်။ 

မလုံခြုံသည့်ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ မကျွမ်းကျင်သူများ၏ အကြံပေးမှုများကိုရယူပြီး လုပ်ဆောင်ခြင်း၊ အဆင့်မရှိသော ဆေးမြီတိုများဖြင့် လုပ်ဆောင်ခြင်း၊ တတ်ယောင်ကား အရပ်လက်သည်များနှင့် လုပ်ဆောင်ခြင်းတို့၏ အကျိုးဆက်ရလဒ်များဖြစ်သည်။

ငယ်ရွယ်သည့် မိန်းကလေးများတွင် မသိနားမလည်မှုများကြောင့်ဖြစ်စေ၊ ရက်စက်ယုတ်မာသူများကြောင့်ဖြစ်စေ မလိုအပ်ဘဲ ကိုယ်ဝန်ဆောင်လာရမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်လာလျှင် လူကြီးမိဘများ သိမည်စိုးရိမ်ပြီး ကျိတ်ဖြေရှင်းမှုများကြောင့် အသက်ဘေးကို ထိခိုက်စေသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း သတိပြုကြစေချင်ပါသည်။ လုံခြုံစိတ်ချရသည့် ကိုယ်ဝန်ဖျက်ချမှုများ ဖြစ်ပေါ်လာစေရန်အတွက် တင်းကျပ်ထားသည့် ဥပဒေများကို ဖြေလျှော့ရန်လိုပါသည်။ ကိုယ်ဝန်ဖျက်ချလိုသူတို့အတွက် အခြေအနေ အခွင့်အရေးပေးသည့် ဝန်ဆောင်မှုများ လိုအပ်ပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းမှာ ဈေးနှုန်းများ မတရားပေးနေရသည်ဆိုသော အနေအထားများကိုလည်း ပပျောက်စေရန် စီမံဖန်တီးပေးထားသင့်သည်။ ထို့ပြင် ကိုယ်ဝန်ရှိလိုက်သည်နှင့် မိမိတို့ဘဝ ဝန်းကျင်က အမည်းစက်ကြီးတစ်ခုထင်သလို သတ်မှတ်ဝိုင်းပယ်ထားခြင်းမျိုးကိုလည်း ရှောင်ရှားကြရန်လိုပါသည်။ သူတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် စောင့်ရှောက်မှုများ အပြည့်အဝ ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသင့်သည်။

ပါကစ္စတန်တွင် အစ္စမေးလ်တို့ လုပ်ဆောင်နေသည့် Aware Girls ကဲ့သို့သော အမျိုးသမီးလေးများဘဝ ကယ်တင်ရေး အစီအစဉ်လေးများသည် အလွန် ကောင်းမွန်လှပါသည်။ ယခုဆိုလျှင် သူတို့အဖွဲ့က တစ်ရက်လျှင် ဖုန်း ၂၅၀၀၀ ခန့်အထိ အခေါ်ရပြီး ပြဿနာများကို ကူညီဖြေရှင်းပေးနေရကြောင်း သိရသည်။ သူတို့က နိုင်ငံဥပဒေအရ ၉ ပတ်အောက် ကိုယ်ဝန်များကို ကူညီဖျက်ချပေးသည့်အပြင် တစ်ခါတစ်ရံတွင် ခွဲစိတ်ဖျက်ချနိုင်ရန်အထိ အကူအညီများ လိုက်လံပေးခဲ့သည်။

အစ္စမေးလ်၏ ခံယူချက်က ရှင်းသည်။ သူ့အနေနှင့် ဘာကြောင့် ကိုယ်ဝန်ဖျက်ချချင်ရသည်ဆိုသောအကြောင်း ဇာစ်မြစ်ထက် လက်ရှိကိုယ်ဝန်ဖျက်ချလိုသော အမျိုးသမီး၏ ဘဝအနေအထားက ပိုပြီးအရေးကြီးသည်ဟုဆိုသည်။ သူအဘယ်ကြောင့် ကိုယ်ဝန်ဖျက်ချချင်လောက်အောင် ဖြစ်နေရသနည်းဟု သူတို့က ဆုံးဖြတ်ကြသည်။

“ကျွန်မ တိုက်ခိုက်နေရတာက အမျိုးသမီးတွေဟာ သူတို့ကိုယ်ခန္ဓာကို သူတို့မပိုင်ဘူးဆိုတဲ့သဘောနဲ့ ပြောလာကြတာကိုပဲ။ အမျိုးသမီးတွေရဲ့ဘဝဟာ ကိုယ့်သွေးကိုယ့်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်ပြီး လူသားပီပီ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ မခံယူနိုင်သမျှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”ဟု အစ္စမေးလ်က ဆိုသည်။ ကိုယ့်ဝမ်းဗိုက်ထဲက ကိုယ့်ရင်သွေးကို မည်သူပိုင်သနည်း။

(Ref: The Guardian, Preventing unsafe abortion, World Health Organization)

  • VIA