News

POST TYPE

ARTICLE

လိင်ခွဲခြားမှုနှင့် အိန္ဒိယနိုင်ငံ၏ အပယ်ခံများဘဝ
23-Jun-2018


အိန္ဒိယနိုင်ငံတွင် ယောက်ျားလေးဦးစားပေး စနစ်က သန်းပေါင်း များစွာသော မိန်းကလေးများ မွေးလာလျှင် ယနေ့တိုင်အပယ်ခံများဘဝနှင့် နေထိုင်ကြရသေးကြောင်း အိန္ဒိယအစိုးရကိုယ်တိုင်က ထုတ်ဖော်ဝန်ခံလာခြင်းမှာ အံ့အားသင့်စရာဖြစ်သည်။ ၂၀၁၇-၁၈ စီးပွားရေး စစ်တမ်းတွင်လည်း အိမ်ထောင်ရှင်များအနေနှင့် ယောက်ျားလေး မရမချင်း မွေးနေမှုကြောင့် လူဦးရေ တိုးပွားလာခြင်းများဖြစ်နေရပြီး ယခုအခါ မိန်းကလေးပေါင်း ၂၁ သန်းခန့်မှာ အပယ်ခံများဘဝနှင့် နေထိုင်ကြရသည်ဟု ဆိုထားသည်။

အိန္ဒိယလူ့ဘောင်တွင် ယောက်ျားလေးကိုသာ လိုချင်ကြသည့်ဓလေ့မှာ အရိုးစွဲလာသည်ဟု ဆိုရမည်။ မိန်းကလေး မလိုချင်သောကြောင့် တရားမဝင်သော လုပ်ရပ်များကို လုပ်ဆောင်ကြသဖြင့် လူမသိ သူမသိ ပျောက်ဆုံးသွားကြရသည့် မိန်းကလေးပေါင်း ၆၃ သန်းခန့် ရှိမည်ဟုဆိုထားရာ ကြောက်ဖွယ်ရာ လက်စဖျောက်မှုကြီးများ ဖြစ်နေကြောင်း တွေ့ရသည်။

MOFAPP ၏ အစီရင်ခံစာတွင်လည်း အိန္ဒိယတွင် လက်ရှိ အနေအထားအရ အမျိုးသား ၁၀၇ ဦးတွင် အမျိုးသမီး ၁၀၀ ဦးနှုန်း ရှိသည်ဟုဆိုထားပြီး WHO ၏ အစီရင်ခံတွင် အမျိုးသား ၁၀၅ ဦးလျှင် အမျိုးသမီး ၁၀၀ နှုန်းရှိကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် ပျမ်းမျှအသက် ၅ နှစ်အောက် မိန်းကလေး ၂၃၉၀၀၀ ဦးခန့်သည် နှစ်စဉ် သေဆုံးနေကြရသည်။ လိင်ခွဲခြားဆက်ဆံမှုများနှင့် အပယ်ခံ များအဖြစ်ယနေ့တိုင် သတ်မှတ်ထားကြသောကြောင့် ဖြစ်ကြောင်း The Lancet ဆေးပညာဂျာနယ်သတင်းတွင်လည်း ဖော်ပြထားသည်။ ထိုနှုန်းအတိုင်းဆိုလျှင် ဆယ်စုနှစ်တစ်စုအတွင်း သေဆုံးခဲ့ကြရသော အမျိုးသမီးပေါင်း ၁ ဒသမ ၄ သန်းရှိသည်ဟုဆိုရမည်ဖြစ်သည်။ ထိုအထဲတွင် မမွေးမီကတည်းက မိန်းကလေးမှန်းသိပြီး ဖျက်ချခြင်းခံရသော အရေအတွက် မပါသေးပေ။

“လိင်ခွဲခြားလက်ခံတတ်ခြင်း ဓလေ့များကြောင့် မိန်းကလေးများကို မမွေးဖွားလာမီကတည်းက ဖျက်ချနေမှုများအား မတားဆီးနိုင်ကြပေ။ အချိန်မတိုင်မီ မွေးခြင်း၊ သားလျှော သားပျက်ခြင်းများကြောင့်ဆိုကာ သေဆုံးနေကြရသည့် မိန်းကလေးပေါင်းများစွာ အိန္ဒိယနိုင်ငံတွင်ရှိနေသည်”ဟု သုတေသီခရစ္စတိုဖီ ဂူလ်မိုတိုကပြောကြားသည်။

“လိင်မခွဲခြား တန်းတူညီမျှဆိုတာ ပညာသင်ကြားရေးအတွက် သက်သက်သာ ပြောတာမဟုတ်ဘူး။ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံရေးတွေအတွက်လည်း ပြောနေတာပါ။ မခွဲခြားရေးဆိုတာ စောင့်ရှောက်ပေးရေး၊ ကာကွယ်ဆေးထိုးပေးရေး၊ အာဟာရဖြစ်အောင် ကျွေးမွေးရေးနဲ့ သူတို့ဘဝကို ကယ်တင်ရေး စတာတွေ အားလုံးနဲ့လည်း သက်ဆိုင်နေပါတယ်”ဟု ဂူလ်မိုတိုကဆိုသည်။

“ရာဂျက်စ်သန် ကျေးလက်ဒေသတွေမှာဆိုရင် မိန်းကလေးတွေ မကျန်းမာရင် မိဘတွေကို ဆေးရုံကို မပို့ပေးကြဘူး။ သူတို့အားလုံးက ဆင်းလည်း ဆင်းရဲကြတယ်။ ဒါပေမဲ့ အဲဒီဆင်းရဲပါတယ်ဆိုတဲ့ မိသားစုမှာ သားယောက်ျားလေးတွေ အသည်းအသန် နာမကျန်း ဖြစ်လာရင်တော့ ဆေးရုံကို အပြေးအလွှား ရောက်လာကြတော့တာပဲ” ဟု ရာဂျက်စ်သန်ပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာ နရန်ဒရာ ဂုပ်တားကဆိုသည်။

ထိုအဖြစ်အပျက်များသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ပိုပြီးစွဲမြဲစွာ ကျန်ရှိနေသေးသည်။ ဥတာပရာဒက်ရှ်၊ ဘီဟာ၊ ရာဂျက်စ်သန်နှင့် မာဒယာ ပရာဒက်ရှ်ဒေသများတွင် အသက် ၅ နှစ်အောက် မွေးဖွားလာသည့် မိန်းကလေး အရေအတွက်၏ သုံးပုံနှစ်ပုံခန့် သေဆုံးနေရခြင်းများမှာ သွေးရိုးသားရိုး မဖြစ်နိုင်ဟုဆိုရမည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် မိန်းကလေးများ၏ သေဆုံးနှုန်းက ပိုများနေသည်။ ပညာမတတ်ခြင်း၊ လူဦးရေ ထူထပ် များပြားလွန်းခြင်း၊ မွေးဖွားနှုန်း များလွန်းခြင်းတို့ကလည်း ကျေးလက်ဒေသတွင် အများဆုံး ဖြစ်နေသည်။

ဒေါက်တာ နီရပ်ခမ်းဘော့သည် ဥတာပရာဒက်ရှ် ပြည်နယ်၊ မီရပ်ရှိ ချီရမ်ဂျိဆေးခန်းမှ ကလေးအထူးကုတစ်ဦးဖြစ်သည်။ သူက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။ သုံးနှစ်အရွယ် မိန်းကလေးတစ်ယောက်သည် နျူမိုးနီးယားဝေဒနာ ခံစားနေရသည်။ ရောဂါက အခြေအနေဆိုးသဖြင့် သူက ကလေးကို ဆေးရုံတင်ရန် မိဘများကို ပြောသည်။

“ဒါပေမဲ့ မိဘတွေက ကလေးကို အိမ်ပြန်ခေါ်မယ်ချည်း ပြောနေတယ်။ သူတို့ ကလေးအတွက် အကုန်အကျ မခံနိုင်ဘူးပေါ့။ ဆရာဝန်တွေ တားနေတဲ့ကြားက သူတို့အတင်းကို ပြန်ခေါ်သွားကြတယ်” ခမ်းဘော့ က အကယ်၍သာ ဤနေရာတွင် ယောက်ျားလေးဖြစ်ပါက သူတို့တွင်ရှိတာအကုန် ပေါင်နှံရောင်းချပြီး ကုမည်သာဖြစ်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဆိုသော်လည်း ဆင်းရဲ ချမ်းသာ အလွန် ကွာဟပြီး ဆင်းရဲမှုနှုန်း များနေခြင်းက လိင်ခွဲခြားဆက်ဆံခြင်း ခံနေရမှုများကို ပပျောက်စေရန် မလုပ်ဆောင်နိုင်သည့် အဓိက အကြောင်းတရားကြီး တစ်ခုဖြစ်နေသည်ဟုဆိုသည်။ လွန်ခဲ့သည့် ၃၅ နှစ်အတွင်း ဆန်းစစ်ချက်အရ ဝင်ငွေ အနည်းဆုံး နိုင်ငံစာရင်းတွင် ပါနေပြီး တစ်ရက်လျှင် ပျမ်းမျှဝင်ငွေ ၁ ဒသမ ၉၀ ဒေါ်လာခန့်နှင့် ရပ်တည်နေကြရသူများပြီး လူဦးရေ ၅၈ ရာခိုင်နှုန်းခန့်မှာ တစ်ရက်လျှင် ၃ ဒေါ်လာကျော်သာရရှိပြီး ရပ်တည်နေထိုင်ကြရကြောင်း ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်စစ်တမ်းတွေ ဖော်ပြထားသည်။

ဆင်းရဲခြင်းက လူဦးရေကို ပိုပြီးတိုးပွားစေသည်။ စာမတတ်ခြင်း၊ ကျောင်းမတက်နိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း၊ ဘာသာရေးနှင့် လူမျိုးရေးအပြင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားနေမှုများ ရှိနေခြင်းတို့အပြင် အမျိုးသမီးများကို တန်းတူ အခွင့်အရေးမပေး၊ နေရာမပေး၊ ခွဲခြားဆက်ဆံနေမှုများကြောင့် အမျိုးသမီးများ၏နေရာနှင့် အခန်းကဏ္ဍသည် အိန္ဒိယတွင် ပျောက်သလောက် ဖြစ်နေခဲ့ရသည်။

အိန္ဒိယနိုင်ငံ အမျိုးသမီးများသည် မည်သည့်အနေအထားကို ရောက်နေကြပါသနည်း။ ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သည့် The World Economic Forum’s Global Gender Gap Report 2017  အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၁၄၄ နိုင်ငံအနက် အမျိုးသမီးများကို အခွင့်အရေးပေးမှုတွင် အဆင့် ၁၀၈ နေရာ၌ ရှိနေကြောင်း တွေ့ရသည်။ ၂၀၁၆ ခုနှစ်က အဆင့် ၈၇ နေရာမှ လျှောကျသွားခြင်းဖြစ်သည်။

နိုင်ငံ၏လူမှုရေး သတ်မှတ်ချက်များအရ ယနေ့တိုင် အမျိုးသားများကို ကျော်လွန်နိုင်ခြင်း မရှိစေရန် ခွဲခြားသတ်မှတ်မှုများကို ခံနေရဆဲဖြစ်သည်။ ထို့ကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများတွင် အမျိုးသားများလောက် အခွင့်အရေးတွေ မရခဲ့ကြပေ။

အရှေ့တောင်အာရှတွင် အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံပြီးလျှင် လုပ်ငန်းခွင်များ၌ အမျိုးသမီးအရေအတွက် အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၁၇ စာရင်းအရ အမျိုးသမီးများ လုပ်ငန်းခွင်တွင် ပါဝင်နိုင်မှု နှုန်းထားသည် အသက် ၁၅ နှစ်အထက် ၂၇ ရာခိုင်နှုန်းသာ ရှိသည်။ ထို့ပြင် လုပ်ခကို ထိုက်တန်စွာ မရသည့်နှုန်းမှာ အမျိုးသမီး အလုပ်သမားတွေက ၆၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေပြီး အမျိုးသားများက ၁၁ ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုထားသည်။ နှိုင်းယှဉ်ကြည့်လျှင် အမျိုးသမီးများဘဝ မည်မျှအောက်ကျနောက်ကျဖြစ်နေသည်ကို သိနိုင်သည်။ (ILO 2017)

အမျိုးသမီးများသည် ဝင်ငွေအားဖြင့် ဒေါ်လာ ၂၄၂၄ ရလျှင် အမျိုးသားများက ဒေါ်လာ ၁၀၄၂၈ ခန့်ရနေကြသည်ဟု ILO Global Wage Report (2016-17) တွင် ဆိုထားသည်ကိုကြည့်လျှင် အိန္ဒိယနိုင်ငံတွင် မိသားစုများထဲမှာပင် အဘယ်ကြောင့် ယောက်ျားကိုကြောက်ပြီး မှီခိုနေရသည်ဆိုသည့်အဖြေကို တွေ့နိုင်မည်ထင်ပါသည်။

အိန္ဒိယနိုင်ငံ၏ အမျိုးသမီးများဘဝမှာ အထူး ထိတ်လန့်စရာ ကောင်းလှသည်။ အမျိုးသမီးများကို အပယ်ခံ၊ အနှိမ်ခံ လူရာမသွင်းတတ်သည့် ဓလေ့များကြောင့် နှစ်စဉ် အကြမ်းဖက်ခံရပြီး သေဆုံးနှုန်းများကလည်း မြင့်မားလျက်ရှိသည်။ လိင်ခွဲခြားမှုကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကိုလည်း အမျိုးသမီး အများစုမှာ ရင်ဆိုင်နေကြရရှာသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က မုဒိမ်းမှုပေါင်း ၂၄၉၂၃ မှုဖြစ်ပွားခဲ့ကြောင်း အမျိုးသား ရာဇဝတ်မှု မှတ်တမ်းဌာန (NCRB) က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းတို့အထဲတွင် မိမိတို့ အိမ်နီးချင်းများက ကျူးလွန်သည့် အမှုပေါင်း ၂၄၄၇၀ မှု ပါဝင်နေသည်။ မုဒိမ်းမှု ၉၈ ရာခိုင်နှုန်းခန့်သည် အိမ်တွင်း အိမ်ပ အနီးဝန်းကျင်တွင်သာ ဖြစ်နေသည် ဆိုသဖြင့် မိန်းကလေးများအပေါ် အလေးမထားမှု မည်မျှရှိကြောင်း ခန့်မှန်းနိုင်သည်။

NCRB အစီရင်ခံစာတွင် ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံအတွင်း သတို့သမီးဘက်က သတို့သားဘက်သို့ လက်ထပ်ကြေး ပေးသွင်းနိုင်ခြင်း မရှိသောကြောင့် သတ်ဖြတ်ခဲ့မှုပေါင်း ၈၂၃၃ မှုရှိကြောင်း သိရသည်။ ဓလေ့ထုံးစံအရ အမျိုးသမီးဘက်က အမျိုးသားကို လက်ထပ်ကြေးပေးကာ တင်တောင်းနေရသည့်စနစ်ကို ယနေ့တိုင် ခွင့်ပြုကျင့်သုံးနေခြင်းမှာ အမျိုးသမီးများ၏ အောက်ကျနောက်ကျဘဝကို ဖော်ညွှန်းနေသည်ဟု ဆိုနိုင်ပါသည်။

ထို့ပြင် အမျိုးသမီးတစ်ဦးကို မိသားစုဝင်များသည် ဂုဏ်သိက္ခာအရ သတ်ဖြတ်နိုင်သည်၊ သတ်ဖြတ်လျှင်လည်း ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဖြစ်သည်ဆိုကာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးနေသည့် ဓလေ့ထုံးစံများကလည်း နားမလည်နိုင်လောက်အောင်ဖြစ်သည်။ မိန်းကလေးငယ်တစ်ဦးသည် လက်မထပ်မီ ယောက်ျားလေးတစ်ဦးဦးနှင့် ဖောက်ပြန်ခဲ့လျှင် သတ်ပစ်သည်အထိ မိသားစု၏ဖြေရှင်းနည်းများမှ အမျိုးသမီးများဘဝ မည်မျှနိမ့်ကျနေကြောင်း ဖော်ညွှန်းရာ ရောက်ပါသည်။ ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဆိုသည့် အမျိုးသမီးငယ်များအပေါ် ထင်တိုင်းကျင့်ကြံနေခြင်းမှာ ယနေ့တိုင် အိန္ဒိယနိုင်ငံ ပန်ဂျပ်၊ ဟာယန၊ ဥတာပရာဒက်ရှ်ပြည်နယ်များတွင် ရှိနေဆဲဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး အမျိုးသမီး ၉၀၀ ခန့်မှာ မိသားစုဝင်များက သူတို့သဘောနှင့်သူတို့ စီရင်သတ်ဖြတ်ခြင်း ခံနေကြရရှာသည်။

အိန္ဒိယနိုင်ငံ၏ လိင်ခွဲခြားရေး ပြဿနာမှာ မဟာ ဖိုဝါဒဆိုသည့် ယောက်ျားစိုးမိုးရေးကို အစဉ်အလာအရ အားပေး ကျင့်သုံးခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ထိုသဘောတရားကို အုပ်ချုပ်ရေး၊ ဘာသာရေးတို့တွင်သာမက မိသားစုအမွေ ပိုင်ဆိုင်မှု ထိန်းချုပ်ရေးတို့တွင်ပါ ယောက်ျားများကို အဓိက ထိပ်ဆုံးနေရာပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ မဟာဖိုဝါဒကို အစဉ်အဆက် ကျင့်သုံးခဲ့ခြင်းကြောင့် မိသားစုတွင် ယောက်ျားသည် အိမ်ဦးနတ်၊ အိမ်ဦး ဘုရင်၊ အာဏာရှင်အဆင့်အထိ သက်ရောက်မှုရှိသည်။ အိမ်ထောင်တစ်ခုတွင် အမွေဆိုသည်ကို သားအတွက်သာ သတ်မှတ်ထားပြီး သမီးဆိုလျှင် လက်ထပ်ပေးပြီးလျှင် ယောက်ျားနောက် ထည့်လိုက်ကြသည်သာဖြစ်သည်။ လက်ထပ်ပြီး စွန့်ပစ် လိုက်သလို ခံစားကြရသည်မှာ မိန်းကလေးများသာ ဖြစ်သည်။

အိန္ဒိယဥပဒေတွင် အမျိုးသားရော၊ အမျိုးသမီး ပါ တန်းတူညီမျှ လက်ထပ်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း အမျိုးသားများက သူတို့ဇနီးမယားများကို တစ်ဖက်သတ် ကွာရှင်းပိုင်ခွင့် အခွင့်အရေးများ ရထားကြသည်ကလည်း ထူးဆန်းသည်ဟုဆိုရမည်။ တရားဝင် ခွင့်ပြုထားသည့် လက်ထပ်အသက်မှာ အမျိုးသမီး ၁၈ နှစ်နှင့် အမျိုးသား ၂၁ နှစ်ဖြစ်သည်။ သို့သော် တရားမဝင် ကလေးအရွယ်တွေကို လက်ထပ်ပေးနေမှုများကလည်း ရှိနေဆဲဖြစ်သည်။ ငယ်ငယ်အရွယ်မရောက်သေးသည့် မိန်းကလေးများကို အသက်မည်မျှကြီးသည့် ယောက်ျားကမဆို လက်ထပ်ပေါင်းသင်းခွင့်ပြုထားသည့်၊ သိမ်းပိုက်ခွင့်ပြုထားသည့် ဒေသဓလေ့ထုံးစံများကြောင့်လည်း အသက်ငယ်ငယ်နှင့် အိမ်ထောင်သားမွေး ပြုလုပ်ပေးနေရသော အမျိုးသမီးပေါင်း များစွာကို ပေါ်ထွက်စေခဲ့သော်လည်း ဥပဒေက လက်ပိုက်ကြည့်နေကြရသည်သာဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် စာမတတ်ခြင်းကြောင့် ဖြစ်လာသည့် ပြဿနာများကို တားဆီးခြင်း မပြုနိုင်မှုများထဲတွင် လိင်ခွဲခြားမှုကိုဖြစ်စေသည့် အကြောင်းတရားမှာ အဓိကကျနေကြောင်း တွေ့ရသည်။ အမျိုးသား ၈၂ ဒသမ ၁၄ ရာခိုင်နှုန်း စာတတ်ပြီး၊ အမျိုးသမီးများက ၆၅ ဒသမ ၄၆ ရာခိုင်နှုန်းသာ စာတတ်ကြသည်ဟု ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းတွင် ဖော်ပြထားသည်။ မိန်းကလေးများ ကျောင်းမတက်ရခြင်း၊ ကျောင်းတက်လျှင်လည်း ကျောင်းမပြီးမီ ကျောင်းထွက်ခိုင်းနေခြင်း၊ ပညာကို အမျိုးသားတွေလောက် ဆုံးခန်းတိုင် သင်ကြားခွင့် မရခြင်းများက အမျိုးသမီးများဘဝကို မီးဖိုချောင်ထဲက မထွက်နိုင်အောင် လုပ်ထားသလို ဖြစ်စေခဲ့သည်။

(Ref: CNN, The Guardian, Asia Times, Arabian Business)


  • VIA