POST TYPE
ARTICLE
ခေါင်းလောင်းကြီးခရီးသွားနေသည်
24-Jul-2016
ဘယ့်နှယ်''လွင်မိုး ခရီးသွားနေသည်''ဆိုတဲ့ တီဗီ အစီအစဉ်ပဲ ကြားဖူးပါတယ်။ ဒါက အစီအစဉ်သစ်လားတဲ့။
နို့ ... နေပါဦး ... ခေါင်းလောင်းကြီးဆိုတာ သက်မဲ့ပဲ ဘယ့်နှယ်သူက ခရီးသွားမှာတုံးဟတဲ့။

အဲ့ဒီလိုမျိုး မေးကြမည်က သေချာသည်။
ဟုတ်၏။ ခေါင်းလောင်းကြီးသည် တကယ် ခရီး သွားနေ၏။ ဘယ်လိုသွားသလဲဆိုတော့ နဂါးတွေက ခေါင်းလောင်းကြီးကိုမပြီး ရေကူးသွားကြသတဲ့။
အခုဆို ချင်းတွင်းမြစ်ဘေးက မင်းကင်းနားတောင် ရောက်နေပြီဟု မီဒီယာတွေက ဆိုကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ အမျိုးသမီး အားကစား လောကအတွက်တော့ ဒါက သတင်းကောင်း။
အလို ... ငဗြိရယ် ... မင့်ဒီနေ့ ဘာတွေ လျှောက်ရေးနေတာလဲ။ ခေါင်းလောင်းကြီး ခရီးသွားနေသည် ပြောလို့ပြော၊ အခုလည်း ခေါင်းလောင်းကြီး ခရီးသွားတာနဲ့ မြန်မာ့ အမျိုးသမီး အားကစား လောကအတွက် သတင်းကောင်းဆိုတာ ဘာဆိုင်လို့တုံးတဲ့။
ဆိုင်သပေါ့ဗျာ။ ဟိုး ဒေါပုံမြစ်ဝမှာ ရှိပါတယ် ဆိုတဲ့ ဒီခေါင်းလောင်းကြီးကို ရေကူးပြီး သယ်သွားတယ်ဆိုတာ နဂါးတွေလို့ဆိုတယ် မဟုတ်လားဗျ။
ဒီလောက် အလေးချိန်များတဲ့ ခေါင်းလောင်းကြီးကိုမပြီး ဒေါပုံကနေ ချင်းတွင်းမြစ်အထိ သယ်ပြီး ရေကူးသွားနိုင်တယ်ဆိုတော့ ဒင်းတို့ နဂါးများဟာ ရေကူးအားကစားမှာ နိုင်ငံတကာ စံချိန်တွေ ချိုးနိုင်မယ့် အာဂ ရေကူးသမားတွေ မဟုတ်လားဗျ။
အခုဆို အဲ့ဒီ နဂါးကြီးတွေက ချင်းတွင်းမြစ်ကမ်းဘေးက ခေါင်းလောင်းဆယ်တဲ့ နေရာမှာ အမျိုးသမီးတွေကို ဝင်ပူးနေကြလို့ နဂါးမတွေ ဘောလုံး တစ်သင်းစာ ဖြစ်နေတယ်ဆိုလားပဲ။
ဒီလိုဆိုတော့ အဲ့ဒီ ရေကူးချန်ပီယံ နဂါးတွေ ပူးနေတဲ့ အမျိုးသမီးတွေကို အသာလေး သွားဖမ်း... ပြီးတာနဲ့ အမျိုးသမီး ရေကူး လက်ရွေးစင် အသင်းမှာ ထည့်ပြီး ဆီးဂိမ်း သွားပြိုင်ခိုင်းလိုက်လို့ကတော့ ရွှေတွေချည်း တန်းစီရမှာဗျို့။
ဒါကြောင့် ခေါင်းလောင်းကြီး ခရီးသွားတယ်ဆိုတာ မြန်မာ့ အမျိုးသမီး အားကစား လောကအတွက် သတင်းကောင်းပါလို့။
ခေါင်းလောင်းကြီးကို အခု ဆယ်မယ်ဆိုတာက အရင်မောင်ဗြိရဲ့ ဟီးရိုးကြီး အဘစံ မဟုတ်ပြန်ဘူးဗျ။ အဘစံက သိတဲ့အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြစ်ဝမှာ ခေါင်းလောင်းကို ပြန်ဆယ်မယ်ဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေလည်း လုပ်သေးတယ် မဟုတ်လား။
ပြီးတော့ ရန်ကုန်တိုင်း အစိုးရ ခွင့်မပြုဘူး ဆိုတာနဲ့ ခေါင်းလောင်းဆယ်မယ့် အဘစံလည်း ပြန်ပျောက် သွားတယ်ဗျ။
မောင်ဗြိ ထင်တော့ ထားလိုက်တယ်။ အဘစံတော့ ရန်ကုန်တိုင်း အစိုးရကို စိတ်ဆိုးပြီလို့။
ဒါကြောင့် အဘစံဟာ နဂါးတွေနဲ့ တိုင်ပင်ပြီး ခေါင်းလောင်းကြီးကို ဒေါပုံမြစ်ဝကနေ ချင်းတွင်းမြစ်ထဲကို ထရန်စဖာ ပေးလိုက်တယ် ထင်ရဲ့။
အေးဗျာ ... ခေါင်းလောင်းကြီးခမျာလည်း ဟိုတစ်ခေတ်တစ်ခါက မြန်မာပြည်သားတွေကို လူလိမ်တွေက နိုင်ငံခြား သွားရမယ်လို့ လိမ်ပြီး ပြည်တွင်း လေယာဉ်ပေါ် တင်ပေးလိုက်တဲ့ ကိန်းမျိုး ကြုံနေရှာတာဗျ။
သူ့ခမျာ အစက ပေါ်တူဂီ သွားရမလိုလို၊ ဂိုအာ ဆိပ်ကမ်းကို သွားရမလိုလိုနဲ့ ဒီဒေါပုံမြစ်ဝထဲ ပလုံစီပြီး ပတ်ခွေနေရတာ နှစ်ပေါင်းရာနဲ့ချီ ကြာတယ်ဗျ။
ဟော ... အခုကျပြန်တော့လည်း ကုန်းပေါ် ပြန်တင် ပေးမယ်ဆိုပြီး ချင်းတွင်းမြစ်ထဲ ထပ်ခေါ်သွားကြပြန်ပြီ။
အိမ်း ... ခေါင်းလောင်းကြီးသာ အသက်ရှိလို့ကတော့ သူ့ကို လိမ်တဲ့လူတွေကို ဖိုးတွမ်တီးနဲ့ တရားစွဲလောက်တယ်ဗျ။
ဒါပေမဲ့ဗျာ ... ဒီခေါင်းလောင်းကြီးက ရှိ မရှိသာ မသေချာတာ စန်းပွင့်ချက်ကတော့ အခုခေတ် ရုပ်ရှင်မင်းသားတွေ နားထားပဲ။
ရန်ကုန်မှာ ဆယ်မယ်ပဲပြောပြော၊ ဟိုးအထက် အညာက ချင်းတွင်းမြစ်ကမ်းဘေးမှာ ဆယ်မယ်ပဲ ပြောပြော သူပေါ်လာမယ် ဆိုတာနဲ့ လူတွေမှာ ကမ်းလုံးညွတ် လာကြည့်ကြတာဗျ။
အဲ့ဒီလို လာကြည့်တဲ့အထဲမှာမှ ခေါင်းလောင်းကြီးအတွက် တခုပ်တရ နဂါးစာတွေ ကျွေး၊ နဂါးတွေ ဝင်ပူးတာကလည်း မာတုဂါမ အကြီးအငယ်တွေချည်းဗျ။
လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ကုလားကားထဲက မြွေအကတွေ ကပြီး ခေါင်းလောင်းကြီးကို ကြိုကြတာများလေ သူတို့ ပြောတာတော့ နဂါး ပူးတာပေါ့။ ဒီနဂါးဆိုတဲ့ ငတိတွေကလည်း အမျိုးသမီးပဲ သီးသန့် ဝင်ပူးရမယ်လို့ သူတို့ နဂါးပြည် အခြေခံ ဥပဒေက ပြဋ္ဌာန်းထားလား မသိဘူးဗျို့။
အောင်မယ် ... ဒီတစ်ခါ ချင်းတွင်းမြစ်က ခေါင်းလောင်းဖော် ဇာတ်လမ်းအစက အရင်လို အဘစံ မဟုတ်ဘူးဗျ။
ဘုန်းဘုန်း တစ်ပါးက အိပ်မက်အရ ဖော်တာတဲ့။
မောင်ဗြိ နောက်တစ်ခု စဉ်းစားမိတာက ဘုန်းဘုန်းသာ နောက်တစ်ခါ အိပ်မက်ရင် ခေါင်းလောင်းကြီးဟာ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာကြီး လုပ်မယ့် အဆောက်အအုံအောက်မှာ ရှိနေတာလို့ မက်လိုက်လို့ကတော့ အိုကေပဲဗျ။
ဟုတ်တယ်လေ ... နှစ်ပေါင်း ၆ဝ ကျော် ညှိမရတဲ့ကိစ္စ အဲ့ဒီနေရာအောက်မှာသာ ခေါင်းလောင်းရှိလို့ကတော့ အစိုးရ ခေါင်းဆောင်တွေရော၊ တပ်မတော် ခေါင်းဆောင်တွေရော၊ တိုင်းရင်းသားတွေရော အကုန် နဂါး ဝင်ပူးကုန်မှာ။
အဲ့ဒီအခါကျ မင်းက ပြည်မသားမို့၊ မင်းက တောင်တန်းသားမို့၊ မင်းက တပ်မတော်သားမို့ ခွဲခြားတာတွေ မရှိဘဲ အကုန်လုံး ဒေါင်းနဂါးတို့၊ တပ်နဂါးတို့၊ တိုင်းရင်းသားနဂါးတို့ ဖြစ်ကုန်ပြီမို့ နဂါး အချင်းချင်း ဆွေးနွေးရတာ ပိုလွယ်သွားမယ် ထင်တာပဲ။
အဲဒီ ဘုန်းဘုန်းအိပ်မက်ကို အကောင်အထည် ဖော်ပေးနေတဲ့ လူတွေကလည်း အရင်က အဘစံထက် ကြီးတဲ့ အဘကြီးတွေတဲ့ဗျ။
မောင်ဗြိ စိတ်ဝင်စားတာက ခေါင်းလောင်း ဖော်တဲ့နားမှာ မြင်ရတဲ့ ဟိုးတစ်ခေတ်တစ်ခါက ရှစ်နာရီ တီဗီ သတင်းရဲ့ မင်းသားကြီး နန်းကျ အဘ တစ်ယောက်ပဲဗျ။
အဲ့ဒီ အဘကြီး ပါလာပြီဆိုတော့ မောင်ဗြိဖြင့် လျှော့မတွက်ရဲဘူး။
ဟိုလူကြီးက ဟိုးတစ်ခေတ်တစ်ခါကဆို ချောင်ကြို ချောင်ကြား ပုန်းနေတဲ့ နိုင်ငံရေးသမား မှန်သမျှ ရအောင် ရှာကြံပြီး အင်းစိန်ထောင်မှာ နှစ်ပေါင်း များစွာ ထမင်း စရိတ်ငြိမ်း ကျွေးပြီး ဒါနပြုခဲ့တဲ့ ကုသိုလ်ရှင်ကြီးဗျ။
သူတို့ကို ကလန်ကဆန် လုပ်တဲ့သူဆို တစ်ယောက်ကို နှစ် နှစ်ဆယ်၊ နှစ် ခြောက်ဆယ်စသည်ဖြင့် ထောင်သွင်း ပရဟိတ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးကြီးဗျ။
ဒီလိုလူကြီးက အကွက်ရွှေ့ သိပ်တော်တာဆိုတော့ ခေါင်းလောင်းကြီးကို ရွှေ့ခဲ့တဲ့ နဂါးတွေကလည်း သူ့တပည့်ဟောင်းတွေ ဖြစ်လောက်သဗျ။
အင်းလေ ... သူ့တပည့်တွေကလည်း ဟိုနေရာ ဝင်ပူး၊ ဒီနေရာ ဝင်ပူးတာမျိုးဆို သိပ်ကျွမ်းတာကိုး။
အဲ ... ပြောလို့မှ မဆုံးသေးဘူးဗျို့။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ဒီခေါင်းလောင်း ဖော်နေတဲ့ လူစုလူဝေးကြီးဆီ ရာဇသံလည်း ပေးလိုက်ရော ကမ်းပါးမှာ ပူးနေတဲ့ နဂါးမယ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ဆိုပဲ။
စိတ်ညစ်တယ်ဗျာ ... မောင်ဗြိဖြင့် ဒီဝန်ကြီးချုပ်တွေ လုပ်ပုံနှယ် ဒီတစ်သက် ခေါင်းလောင်းကြီးကို မြင်ရပါ့မလားလို့ စိတ်ပူမိတယ်။
ပင်ပင်ပန်းပန်း ရေကူးသယ်လာရတဲ့ နဂါးတွေခမျာ အခုတော့ ရေကူး ချန်ပီယံကနေ အပြေး ချန်ပီယံ ဖြစ်ကုန်ကြပြီဆိုတော့ဖြင့် ဘယ်လောက် အားနာဖို့ ကောင်းလိုက်လဲ။
တောက် ... ဒီအစိုးရကတော့ဖြင့်ဗျာ။
နဂါးတွေနဲ့ လူတွေ ချစ်ကြည်ရေး ပျက်အောင် သက်သက်လုပ်တာ။
ဟူးဗျာ ... ရေးရင်း ရေးရင်စာက ရောက်ချင်ရာ လျှောက်ရောက်နေတော့တာပဲ။ အင်းလေ ... ခေါင်းလောင်းကြီးအကြောင်း ရေးတာဆိုတော့ ခေါင်းလောင်းကြီး ဓာတ်ကူးသွားတယ်ထင်ပ။
ခုတော့ အိမ်ရှေ့ ပလက်ဖောင်းက ပွင့်နေတဲ့ မြောင်းဖုံးလေးကို သွားရွှေ့ပြီး ပိတ်လိုက်ဦးမယ်ဗျို့။
မတော် ... ခရီးသွားနေတဲ့ ခေါင်းလောင်းကြီးက မောင်ဗြိအိမ်ရှေ့က မြောင်းထဲ ရောက်လာ ဘယ့်နှယ် လုပ်မတုံးဗျ ... နော့။
ဗြိတိသျှကိုကိုမောင်
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019