News

POST TYPE

ARTICLE

ထရမ့်နှင့် ကင်ဂျုံအန်း သမိုင်းဝင်တွေ့ဆုံမှုအပေါ် ပြည်တွင်းမှ နိုင်ငံရေးလေ့လာသူအချို့ ဘယ်လိုမြင်ကြလဲ
13-Jun-2018 tagged as



စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၂ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သမိုင်းဝင်ပထမဦးဆုံးအကြိမ်တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ်ဒေသ နျူလက်နက်ဖျက်သိမ်းရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုသည် ဒေသတွင်း စစ်ရေးတင်းမာမှုများကို လျော့ကျသွားစေနိုင်မည်ဟု နိုင်ငံတကာမှ သုံးသပ်မှုများရှိနေပြီး ပြည်တွင်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့၏ သုံးသပ်ချက်များကို The Voiceသတင်းစာက ဆက်သွယ်မေးမြန်းကာ ကောက်နုတ်ဖော်ပြပါသည်။

ဦးရဲထွန်း (သီပေါ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ

“အခြေအနေကြည့်ရတာတော့ ဒီဆွေးနွေးပွဲက အောင်မြင်လိမ့်မယ်လို့တော့ မှန်းဆရတာပေါ့။ အကြောင်းကတော့ မြောက်ကိုရီးယားခေါင်းဆောင်ကိုယ်၌က သူ့ရဲ့တင်းမာတဲ့ နိုင်ငံရေးအရကော၊ စီးပွားရေးစနစ်တွေအရကော အထီးကျန်ဖြစ်လာတဲ့ အနေအထားကနေပြီးတော့ အပြောင်းအလဲလုပ်ဖို့လိုပြီလို့ ခံစားလာရတယ်။ အဲဒီလို ခံစားလာရတော့ သူ့အတွက်တကယ်လည်း အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမရှိဘူးဆိုရင် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အဆင်သင့်ဖြစ်နေတယ်လို့ ယူဆရတယ်။ ဒီအစည်းအဝေးကလည်း အမေရိကန်က ဘယ်လိုအကူအညီပေးမယ်၊ ဒီရည်ရွယ်ချက်ကို ဘယ်လို အဆုံးထိရောက်အောင် သွားမလဲဆိုတာက အမေရိကန်ဘက်ကပဲ ဆုံးဖြတ်ရမယ့်သဘောဖြစ်နေတယ်။ သူကျွမ်းကျင်ရင် ကျွမ်းကျင်သလိုတော့ ပိုပြီးတော့ မြန်ဆန်မှာပေါ့။ အဲဒီတွေ့ဆုံမှုတွေ အောင်မြင်ရင်တော့ ကျန်တဲ့ခြိမ်းခြောက်မှုတွေက အလိုအလျောက် လျော့သွားမှာပေါ့။ ဒေသတွင်းမှာက အဲဒီစစ်ရေးတင်းမာမှုကိစ္စကြောင့်ပဲ တရုတ်တို့ဘာတို့နဲ့လည်း တင်းမာမှုဖြစ်တာပေါ့။ မြောက်ကိုရီးယားကိစ္စကြောင့်ဆိုတာ မြောက်ကိုရီးယားတစ်ခုတည်းကိုပဲ ပြန်ကြည့်လို့မရဘူး။ နောက်က တရုတ်နဲ့လည်း အဆင်ပြေလို့သာ ဒီလိုလျော့ကျလာတာ။ တရုတ်က ဖိအားပေးလို့ပေါ့။ မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့လည်း နျူကလီးယားဖျက်သိမ်းရေးကို သွားမယ်ထင်တယ်။ အမေရိကန်ကလည်း အဲဒါမရရင် မလျှော့ပေးဘူးလို့ထင်တယ်”

မုံရွာအောင်ရှင် (ဒီလှိုင်းဂျာနယ် အယ်ဒီတာချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူဟောင်း)

“ဒီကနေ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်တွေ့ဆုံပွဲက ကိုရီးယားကျွန်းဆွယ်အတွက်သာမကဘူး၊ အာရှတိုက်တစ်ခုတည်းအတွက်သာမကဘူး။ တစ်ကမ္ဘာလုံးအတွက် အလွန်မင်္ဂလာရှိတဲ့ သတင်းလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်ဖက်လုံးက အစောတုန်းကတော့ တကယ့်အားနဲ့မာန်နဲ့ ရန်စွယ်ငေါငေါ ဖြစ်နေကြတာ။ ဒါကိုပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ပဋိပက္ခဖြစ်ပွားတဲ့သူတွေ၊ မတူခြားနားတဲ့သူတွေက မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုက်ရင် လမ်းစတစ်ခုတွေ့နိုင်တယ်ဆိုတဲ့အတွေးကို ရောက်စေပါတယ်။ နောက်တစ်ခုကတော့ ဒီလိုတွေ့ဆုံညှိနှိုင်းတယ်ဆိုတဲ့ နေရာမှာလည်း နှစ်ဖက်စလုံးရဲ့ အခံပေါ့လေ၊ အခံကလည်းအရေးကြီးတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ငြိမ်းချမ်းလိုတဲ့စိတ်နဲ့ ဆွေးနွေးမှ ငြိမ်းချမ်းတာပေါ့။ မငြိမ်းချမ်းလိုတဲ့စိတ်နဲ့ ဆွေးနွေးရင် မငြိမ်းချမ်းနိုင်ဘူး။ ဒါကလည်း သိသာတဲ့သဘောဆိုတာ ဒီပွဲမှာ တွေ့ရတယ်။ နောက်ဆုံးပြောချင်တာက ကျွန်တော်တို့နိုင်ငံလည်း ဒီကိစ္စကို သင်ခန်းစာယူစေချင်တယ်။ ပဋိပက္ခတွေ တင်းမာမှုတွေဖြစ်နေတဲ့ နိုင်ငံအတွက် နှစ်ဖက်အင်အားစုတွေ၊ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေလည်း အတွေ့အကြုံနဲ့ သင်ခန်းစာယူပြီးတော့ ကိုယ့်နိုင်ငံကောင်းစားဖို့အတွက် လုပ်စေချင်တယ်လို့ ပြောချင်ပါတယ်”

ဦးသန်းစိုးနိုင် (နိုင်ငံရေးဘာသာပြန်စာရေးဆရာ)

“ကျွန်တော့်အမြင်ပြောရရင် ဒါက ကိုရီးယားကျွန်းဆွယ်အရေးအခင်းပေါ့။ ဒီအာရှဒေသ နျူကလီးယားကင်းစင်တဲ့ နယ်မြေတည်ဆောက်ရေးအတွက်တော့ ကောင်းမွန်တဲ့အလားအလာလို့ ကျွန်တော်က မြင်ပါတယ်။ ဒါက ယေဘုယျပြောတာပါ။ ဒါပေမဲ့ ဘယ်လိုသဘောတူညီချက်တွေရပြီးတော့ အဲဒါက ရေရှည်တည်တန့်နိုင်တဲ့ အလားအလာရှိလို့ မေးရင်တော့ ထရမ့်ကော ကင်ဂျုံအန်းကကော တစ်ဦးချင်းစီက ပေါ်ပြူလာ ကစားကွက်တွေ လုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် လမ်းကြောင်းကတော့ ဖြောင့်ဖြောင့်သွားဦးမယ်လို့တော့ ကျွန်တော်မထင်ပါဘူးခင်ဗျ။ ဆိုလိုတာကတော့ ထရမ့်ကလည်း ဒီဆွေးနွေးပွဲမတိုင်ခင်မှာ ကစားကွက်တွေရှိတာရှိသလို ကင်ဂျုံအန်းဘက်ကလည်း ပညာပြတာရှိပါတယ်။ 

အခုလတ်တလော အခြေအနေဟာ အလားအလာတွေအတွက် ကောင်းတဲ့အခြေအနေဆိုပေမယ့် ရေရှည်ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး၊ အရှေ့အာရှဒေသ နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ်တွေအတွက် လျှောက်ရမယ့်ခရီးကတော့ ဝေးသေးတယ်၊ အကွေ့အကောက်တွေ ရှိနိုင်သေးတယ်လို့ ယူဆပါတယ်ခင်ဗျ။ အရှေ့အာရှနဲ့ ကျွန်တော်တို့ အရှေ့တောင်အာရှက တစ်ကြောတည်း တစ်နယ်တည်းဖြစ်တာကြောင့် သက်ရောက်မှုတစ်ခုကတော့ နျူကလီးယားစစ်ပွဲများ ဖြစ်မလားလို့ စိုးရိမ်ရတဲ့ အနေအထားကနေ အခုက သက်ပြင်းလေးတော့ ချနိုင်တဲ့အနေအထားရှိတာပေါ့။ နောက်တစ်ခုက အဲဒီလိုမဖြစ်တောင်မှ အမေရိကန်ဦးဆောင်တဲ့ အင်အားစု တောင်ကိုရီးယားတို့၊ ဂျပန်တို့သူတို့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အပြိုင်အဆိုင်လုပ်နေတဲ့ကိစ္စတွေ ကာလတစ်ခုတော့ ငြိမ်သက်သွားနိုင်တယ်။ ဒီစစ်ရေးလှုပ်ရှားမှုတွေကို ကင်ဂျုံအန်းက ခြိမ်းခြောက်မှုလို့ မြင်နေတော့ ဒါက တင်းမာမှုတွေ လျော့သွားနိုင်တဲ့ အခြေအနေလို့ မျှော်လင့်စရာတော့ရှိပါတယ်ခင်ဗျ”

ဦးသိန်းထွန်းဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“သူတို့က တစ်ကြိမ်တစ်ခါမှ မတွေ့ကြဖူးဘူး။ ဒီတွေ့ဆုံမှုကို မှန်းကြည့်တာက ကောင်းတဲ့အနေအထားလို့ မြင်တယ်။ 

ဒေသတွင်း ပိုပြီး ငြိမ်းချမ်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတယ်ဆိုရင်တော့ ကျွန်တော်တို့က ကြိုဆိုပါတယ်။ သူတို့ရဲ့တွေ့ဆုံမှုတွေက နျူကလီးယားလျှော့ချရေးအတွက်ဖြစ်ဖြစ်၊ စစ်ရေးစစ်ရာကိစ္စတွေ လျှော့ချဖို့ပဲဖြစ်ဖြစ် ဒီတွေ့ဆုံမှုက ငြိမ်းချမ်းရေးကို ဦးတည်မယ်လို့ မျှော်လင့်ပါတယ်”

  • TAGS