News

POST TYPE

ARTICLE

ကုသိုလ်တော်က မင်းသမီး
09-Jun-2018



ကုသိုလ်တော်ဘုရားဝင်းတွင် ပန်းရောင်းရင်း ကျောင်းတက်နေသူယဉ်ယဉ်ချောတစ်ယောက် ယခုနှစ်တွင် ငါးတန်းကိုတက်ရပြီ။ 

ပန်းသည်များကြားတွင် ပုတိုမအမည်ဖြင့် လူသိများသောသူသည် မင်းသမီးဟုလည်း လူသိများသည်။ သို့သော် သူ့ဘဝက ကြားဖူးနေကျ မင်းသမီးတွေနှင့်တော့ကွာလှသည်။ အရွယ်က လူမမည်ဖြစ်သော်လည်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူ။ 

ကုသိုလ်တော်ဘုရားဝင်းအတွင်း ဘုရားဖူးများကို သနပ်ခါးလိမ်းပေးကာ ဝမ်းရေးကို ဖြေရှင်းကြသည့်သူများအနက်မှ တစ်ဦးဖြစ်သည်။ အသက် ၁၂ နှစ် အရွယ်မိန်းကလေးတစ်ဦးလည်းဖြစ်သည်။ 

ပုတိုမ၏ ကျောင်းနာမည်က ယဉ်ယဉ်ချော။ မွေးစအရွယ်က အခြားကလေးများထက်သေးသောကြောင့် အဘွားက ချစ်စနိုးဖြင့် ပုတိုမဟုခေါ်ခြင်းဖြစ်သည်ဟု သူကဆိုသည်။

မန္တလေးတောင်ခြေအနီးတွင်ရှိသော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအတွင်း မြတ်စွာဘုရား ရုပ်ပွားတော်ရှိသည့်ရင်ပြင်ကို ရောက်ပြီးလျှင် ပန်းရောင်အတွဲလေး၊ အစိမ်းရောင်လေး၊ သုံးယောက်တွဲထဲက အဝါရောင်လေး၊ လိမ္မော်ရောင်နဲ့အစ်မကြီး၊ အနီရောင်ဝမ်းဆက်နော် စသဖြင့် အမျိုးသမီးငယ်များ၏ တစ်ယောက်တစ်ပေါက်အော်သံကို ကြားရပါလိမ့်မည်။

ထိုအသံများသည် ဘုရားသို့လာရောက်ဖူးမြော်နေကြ မြို့ခံများအတွက် မဆန်းကြယ်လှ။ သို့သော်တစ်နယ်တစ်ကျေးကလာသည့် ဘုရားဖူးများအတွက် အထူးအဆန်းဖြစ်မိမှာ အမှန်ပင်။ ဘုရားကို ဦးခိုက်ပြီးသည့်နောက် စေတီကိုလက်ယာရစ်လှည့်လည်ပူဇော်တော့မည်ဆိုလျှင် အမျိုးသမီးငယ်များ၏ အော်သံက တစ်မျိုးပြောင်းလဲသွားပါလိမ့်မည်။ ထိုအသံက သနပ်ခါးလိမ်းဦးမလားဆိုသည်ပင်။

ဘုရားဖူးဧည့်သည်က လိမ်းမည်ဟုဆိုလိုက်လျှင် ထိုအမျိုးသမီးငယ်လေးများက သနပ်ခါးဖြင့် သစ်ရွက်ပုံစံ လိမ်းခြယ်ပေးကြသည်။ လိမ်းပြီးပါက မုန့်ဖိုးသဘောပေးကြရသည်။

“တချို့က ၁၀၀ တည်းပေးတာ။ တချို့က ၂၀၀ ပေးတယ်။ စေတနာရှိတဲ့သူကျတော့ ၂၀၀၀ တို့ ၃၀၀၀ တို့ ပေးတယ်”ဟု သနပ်ခါးလိမ်းပေးသူတစ်ဦးဖြစ်သည့် ယဉ်ယဉ်ချောက ဆိုသည်။

အသားရောင်က ညိုတိုတို။ ဝတ်ပုံစားပုံက လူကြီးပုံစံ။ ရင်ဖုံးအင်္ကျီနှင့် လုံချည်ကိုဝတ်ဆင်ထားလေ့ရှိပြီး ဆံပင်နှစ်ဖက်ကိုခွဲထုံးထားကာ ပါးပေါ်တွင် သစ်ရွက်ပုံစံ သနပ်ခါးလိမ်းထားသည်က သူ၏ထူးခြားသည့်အသွင်။

လက်တစ်ဖက်က သနပ်ခါးဘူး၊ သစ်ရွက်ပုံဆွဲရန် တုတ်ချောင်းနှင့် ပိုက်ဆံထည့်သောအိတ်ကိုကိုင်ထားသည်။ ကျန်တစ်ဖက်က ခေါင်းပေါ်ရွက်ထားသည့် ပန်းဗန်းကိုထိန်းထားသည်။ ဒါက ပန်းရောင်းနေသည့်ပုံစံ။

ယဉ်ယဉ်ချော၏အဖေနှင့် အမေက အိမ်ထောင်ကွဲ။ ဖခင်ဖြစ်သူက တစ်မြို့တစ်ရွာမှာနေထိုင်သော်လည်း မိခင်ကတော့ မန္တလေးတစ်မြို့တည်းတွင်ရှိသည်။ သို့သော် သူကတော့ အမေဖြစ်သူ၏မိဘများဖြစ်ကြသော အဘိုးအဘွားတွေနှင့် နေထိုင်သည်။ သူ့ဘဝတွင် အဘိုး၊ အဘွားကိုသာ ခင်တွယ်သည်။

လသားအရွယ်ကတည်းက လက်ဖက်ရည်တိုက်၊ နို့တိုက်ပြီး အဘွားကမွေးခဲ့သည်ဟု ယဉ်ယဉ်ချော၏အဒေါ်က ပြောပြသည်။ ထို့ကြောင့် ယဉ်ယဉ်ချော၏ဘဝတွင် အဘိုး၊ အဘွားကိုသာခင်တွယ်သည်။ ဈေးရောင်း၍ရသမျှငွေကိုလည်း အဘွားကိုသာ ပေးသည်။

ယဉ်ယဉ်ချော၏မူလအလုပ်က ပန်းရောင်းခြင်းဖြစ်သော်လည်း စာအုပ်ဖိုးရစေရန် ဘုရားဖူးများကို သနပ်ခါးလိမ်းပေးရာမှ လက်ရှိတွင် ဝင်ငွေရသော အလုပ်တစ်ခုဖြစ်နေလေပြီ။ တစ်ရက်လျှင် အနည်းဆုံး ကျပ် ၂၀၀၀ မှ ၈၀၀၀ အထိ ရတတ်သည်။

မနက်ဝေလီဝေလင်းအချိန်မှ နေရောင်မရှိသည့်အချိန်အထိ ကုသိုလ်တော်ဘုရားတွင်သာ အချိန်ကုန်ရသည်။ မနက် ၅ နာရီခန့်ဆိုလျှင် အဘိုးအဘွားနှင့်အတူ ဘုရားကိုရောက်ပြီ။ ခရေပန်းပွင့်ချိန် ကဆုန်လမှ သီတင်းကျွတ်လအထိ ဘုရားဝင်းအတွင်း ပန်းကောက်သည်။ အပင်ပေါ်တက်ပြီး ခူးရသည်လည်းရှိသည်။ အဘွားက ပန်းသီပေးသည်။ ပန်းမရသည့်အချိန်မျိုးတွင် ပန်းဒိုင်များမှတစ်ဆင့်ဝယ်ပြီး ပြန်ရောင်းရသည်။

ဆိုင်ကယ်တစ်စီးနှင့် ပန်းသွားဝယ်ခြင်းဆိုင်များသို့ ပန်းခြောက်သွင်းသည့်ကိစ္စသည် အဘိုးဖြစ်သူ၏အလုပ်။

မနက်တစ်ပိုင်းပန်းရောင်းပြီး၍ နေ့လယ်ပိုင်းတွင် ပုတိုမအနေနှင့် ကလေးတို့သဘာဝ ဆော့ကစားလေ့ရှိသည်။ ကစား၍ဝလျှင် ရေချိုးကာ ဘုရားဝင်းအတွင်း အရိပ်ရသောနေရာတွင် ဖျာခင်းကာအိပ်သည်။ အိပ်ရာထလျှင် ဖြီးလိမ်းပြင်ဆင်ပြီး ညနေပိုင်းအတွက် အလုပ်ပြန်စရသည်။ ည ၇ နာရီခန့်တွင် အိမ်ပြန်ကြသည်။ ဒါက ယဉ်ယဉ်ချော၏ နွေရာသီကျောင်းပိတ်ကာလ ဖြတ်သန်းချိန်။

မနက်မိုးမလင်းခင်က အိမ်ကထွက်လာရသော ယဉ်ယဉ်ချောတို့မိသားစုသည် ညအိပ်ချိန်မှသာ အိမ်ပြန်ရောက်သည်။ ထမင်းဟင်းချက်ချိန်မရှိ။ ဝယ်စားရသည်။ အဝတ်လျှော်စရာနေရာနှင့် အချိန်မရှိ။ အလျှော်အပ်ရသည်ဟု ဆိုသည်။

“နှစ်သောင်းခွဲပေးရတဲ့ဝတ်စုံလေး။ တအားလှတယ်။ ပျောက်သွားတယ်။ အခိုးခံရတာလည်းအများကြီးပဲ။ အရင်က သူများကို လျှော်ခိုင်းတာ။ အခုကျ အဒေါ့်ကိုပဲ အလျှော်အပ်တာ”ဟု သူက ဆိုသည်။

ဘုရားဝင်းအတွင်း ပုတိုမဟုခေါ်ကြသော ယဉ်ယဉ်ချောသည် ရုပ်ရှင်မင်းသမီးကဲ့သို့လည်း လူသိများသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်သရုပ်ဆောင်၊ မင်းသား၊ မင်းသမီးများ၊ အဆိုတော်များက ဘုရားသို့ ရောက်သည့်အခါ ပုတိုမကိုသာ သနပ်ခါးလိမ်းခိုင်းကြပြီး ဓာတ်ပုံတွဲရိုက်ကြသောကြောင့်ပင်။

ဓာတ်ပုံရိုက်ခြင်းကို ဝါသနာမပါသော ယဉ်ယဉ်ချောတစ်ယောက် ကမ္ဘောဇဘဏ်ကထုတ်ဝေသော ပြက္ခဒိန်တွင် မော်ဒယ်လ်တစ်ယောက်ကဲ့သို့ပင်။ ထိုပြက္ခဒိန်ကို မြင်ဖူးသော ဘုရားဖူးဧည့်သည်အချို့ကတော့ မင်းသမီးဟု ခေါ်ကြသည်။

နာမည်ကြီးဒါရိုက်တာတစ်ဦး၏ဇာတ်ကားတွင် အဘွားဖြစ်သူနှင့်အတူ သရုပ်ဆောင်ဖူးသည်ဟု ယဉ်ယဉ်ချော၏ အဒေါ်က ပြောပြသည်။ 

“ပုတိုမလိမ်းပေးမှဆိုပြီး လာကြတဲ့သူတွေရှိတယ်။ ပျော်တယ်။ သူတို့တွေ (ပို့စကတ်ရောင်းသူများ) က သူတို့ရွေးထားတာဆိုပြီး သမီးကို half ခိုင်းတာ။ မပေးရင် သမီးဧည့်သည်တွေကို တစ်ယောက်ပြီးတစ်ယောက်လုနေတာ။ ဟေ့ပုတို half နော်တဲ့”ဟု သူ့အခက်အခဲကို ရင်ဖွင့်သည်။

Half ဆိုသည်မှာ တစ်ဝက်ခွဲပေးရခြင်းဖြစ်သည်ဟု ရှင်းပြသည်။ ဧည့်သည်က မုန့်ဖိုး ၅၀၀ ပေးလျှင် ၂၅၀ ပြန်ခွဲပေးရခြင်းဖြစ်သည်။ မပေးချင်သော်လည်း အကြီးနှင့်အငယ်ဖြစ်၍ပေးရသည်။ ကြောက်၍ပေးရသည်။ အနိုင်ကျင့်ခံရသည်ဟု ဆိုသည်။ ပိုက်ဆံရနေသော်လည်း ဒီအလုပ်ကို စိတ်ကုန်နေပြီဟုလည်း ညည်းသည်။

ဘုရားဝင်းအတွင်း သနပ်ခါးလိမ်းပေးသူများအတွက် ဘုရားဂေါပကအဖွဲ့က ကတ်ထုတ်ပေးထားပြီး ခရေပင်ဝိုင်းအနီးတွင်သာလိမ်းပေးရန် နေရာသတ်မှတ်ပေးထားသည်။ ထိုနေရာမှလွဲ၍ အခြားနေရာတွင် လုပ်ခွင့်မရှိ။ 

သတ်မှတ်ထားသောနေရာမဟုတ်ဘဲ လိမ်းခြယ် ပေးသည်တွေ့လျှင် ဈေးရောင်းချခွင့်တစ်လ အပိတ်ခံရသည်။ သနပ်ခါးလိမ်းအဖွဲ့တွင် အမျိုးသမီး ၁၀ ဦးခန့်ရှိရာတွင် ကလေးဆို၍ ယဉ်ယဉ်ချောနှင့် အခြားတစ်ယောက်သာရှိသည်။

“ဘိုးတင်အောင် (ဘုရားဝန်ထမ်း) က အလကားလုပ်ပေးတာ”ဟု သနပ်ခါးလိမ်းအဖွဲ့အတွက် ထုတ်ပေးထားသည့် ကတ်ကလေးကို ကိုင်ကာပြောပြသည်။

ဈေးသည်အမျိုးသမီးများ၏ ပင်မအလုပ်က Bamboo painting postcard ဟုဆိုသော ဝါးဖြင့် ပြုလုပ်ထားသည့် ပို့စကတ်များကို နိုင်ငံခြားသားများအား ရောင်းချခြင်းဖြစ်ပြီး ယဉ်ယဉ်ချောတို့ ရွယ်တူကလေးနှစ်ယောက်က ပန်းရောင်းသည်။ ဈေးလည်းရောင်း သနပ်ခါးလည်းလိမ်းပေးကြသည်။

ကလေးအရွယ်သာရှိသေးသည့် သူ့အနေနှင့် ဝင်ငွေရသည့်အလုပ်ကို လုပ်ကိုင်နေရသော်ငြား အဆင်ပြေသည်တော့မဟုတ်။ သနပ်ခါးလိမ်းသူအချင်းချင်း အငေါက်ခံရ၊ အတိုင်ခံရသည်များရှိသည်။ အကြောင်းပြချက်က သတ်မှတ်ပေးထားသည့်နေရာတွင် သနပ်ခါး မလိမ်းသောကြောင့်ဟု ဆိုသည်။

“ရေချိုးပြီးရင် ဘာအကျင့်မှန်းမသိဘူး။ အိပ်ချင်တာ။ အဲဒါကို သမီးက သနပ်ခါးလိမ်းတာဆိုပြီး လာလာချောင်းကြတာ”ဟု ယဉ်ယဉ်ချောက ရှင်းပြသည်။

သနပ်ခါးလိမ်းပေးသူများရှိသည့် ခရေပင်ဝိုင်းတွင် မလိမ်းပေးဘဲ လူလစ်သည့်နေရာတွင် လိမ်းပေးနေသည်ဟု ထင်မြင်သောကြောင့် သနပ်ခါးလိမ်းသည့် အဖွဲ့မှအမျိုးသမီးများက ဘုရားဝန်ထမ်းကိုတိုင်လေ့ရှိသည်။ 

ထိုဝန်ထမ်းများအနေနှင့် သတ်မှတ်နေရာမဟုတ်သော အခြားနေရာတွင် လိမ်းပေးသည်ကို မျက်မြင်မတွေ့သော်လည်း တိုင်သူရှိသောကြောင့် သတိပေးရသည်က အကြိမ်ကြိမ်။ ထိုအခါမျိုးတွင် ယဉ်ယဉ်ချောအနေနှင့် နေစရာမရှိအောင် ဖြစ်ရသည်။

“မရောင်းရမှာ ကြောက်နေတာ။ ဒီဟာလေးနဲ့ စားနေရတော့ တစ်ယောက်ယောက်က ချောက်တွန်းလိုက်ပြီဆိုရင်ကို ကြောက်နေတာ။ အမေကအစ အေးတာမှလွန်ရော”ဟု အဒေါ်လုပ်သူက ရှင်းပြသည်။

ယခုကျောင်းဖွင့်ရာသီတွင် ငါးတန်းကျောင်းသူကြီးဖြစ်လာခဲ့သည့် ယဉ်ယဉ်ချောသည် အိမ်အနီးရှိ မူလတန်းကျောင်းမှ မိသားစုအလုပ်လုပ်ရာ ကုသိုလ်တော်ဘုရားအနီးရှိ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ရသည်။ ထို့အတွက် သွားရလာရနီးသလို ကျောင်းလာကြိုသည့် အဘိုးအတွက်လည်း အဆင်ပြေသည်ဟု ယဉ်ယဉ်ချော၏အဘွားက ဆိုသည်။

မနက်ကျောင်းမသွားမီနှင့် ကျောင်းမှအပြန်တွင် ကျောင်းစိမ်းဝတ်စုံ၊ ရွှေရောင်နားကပ်လေးနှင့် ပုတိုမကို ကုသိုလ်တော်ဘုရားဝင်းထဲတွင် တွေ့မြင်နိုင်သည်။

“နားကပ်ကအတု၊ ကျောင်းသွားမှာမို့ ဝယ်ဝတ်လိုက်တာ”ဟု ယဉ်ယဉ်ချောက ရိုးသားစွာပြောဆိုသည်။

ရွယ်တူကလေးများနှင့်မတူ လူကြီးများကဲ့သို့ စားဝတ်နေရေးဖြေရှင်းရသည့် ယဉ်ယဉ်ချောအတွက် ကျောင်းဖွင့်ချိန်သည် ကလေးအခွင့်အရေးရခြင်းပင်။ ကျောင်းကပွဲများတွင် ပါဝင်ဖျော်ဖြေခဲ့ဖူးသူ သူ့အနေနှင့် ပညာရေးကဏ္ဍတွင်လည်း သူငယ်တန်း၌ ပညာရည် ထူးချွန်ဆုရရှိသလို တတိယတန်း၌လည်း A အဆင့်ဖြင့် အောင်မြင်သောကြောင့် ဆုယူဖူးသည်။

ဈေးရောင်းရင်း အတန်းပညာသင်ယူနေသာ ယဉ်ယဉ်ချောအနေနှင့် လတ်တလော၌ အနာဂတ်ရည်မှန်းချက်မရှိသေး။ သို့သော် လူကြီးများနှင့်ယှဉ်ပြိုင်ကာ သနပ်ခါးလိမ်းရသည့်အလုပ်မှ ခဏတာရုန်းထွက်ခွင့်ရသော ကျောင်းဖွင့်ချိန်သည် ကလေးတို့သဘာဝ လွတ်လပ်ပျော်ရွှင်ချိန်ပင်။

ကုသိုလ်တော်ဘုရားဝင်းတွင် ပန်းရောင်းရင်း ကျောင်းတက်သူ ယဉ်ယဉ်ချောတစ်ယောက် ပဉ္စမတန်း သင်ရိုးများကို သင်ယူနေပေပြီ။

အေးစုမွန်