News

POST TYPE

ARTICLE

ကျောက်ဖြူနှင့် ရုန်းဖို့ခက်သော တရုတ်အကြွေးနွံ
07-Jun-2018 tagged as



ဘာတေးလ်လင့်တ်နာ ရေးသား၍ ဇေဝင်းနောင်ဘာသာပြန်ဆိုသည်။

ကျောက်ဖြူတွင် တရုတ်က အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်စီမံကိန်းမှာ တန်ဖိုး၊ သတ်မှတ်ချက်နှင့် မဟာဗျူဟာ အရင်းအခံအကြောင်းတရားအရ စိုးရိမ်ပူပန်စရာများစွာရှိနေသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ အဓိကဦးစားပေးမှာ အဘယ်နည်းဆိုခြင်းကို နားလည်ရန်ကြိုးစားရာ၌ တဖျစ်တောက်တောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဘေဂျင်း၏ပါဝင်မှု သို့မဟုတ် လက်ရှိရပ်စဲထားသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံ ရေအားလျှပ်စစ်ဆည်တည်ဆောက်ရေး စီမံကိန်း ပြန်လည်စတင်ရေးကြိုးပမ်းမှုများ သို့မဟုတ် မန္တလေးအနီးရှိ လက်ပံတောင်းတောင်တွင် ဒေသခံများကန့် ကွက်နေသည့်ကြားမှ ကြေးနီတူးဖော်ခွင့်များ ဆက်လက်ရရှိရေးတို့ကို ခဏမေ့ထားနိုင်သည်။ 

ယင်းတို့မှာ မြန်မာနိုင်ငံမှ တရုတ်တကယ်လိုချင်သော အကျိုးစီးပွားဖြစ်သည့်၊ အမေရိကန် ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ ရပ်ဝန်းတစ်ခုလမ်းတစ်ခု စီမံကိန်း (အတိုကောက် OBOR ဟု သုံးသလို ယခင်က BRI ဟုလည်း သုံးသည်။ မူရင်းဆောင်းပါးတွင် BRI ဟု သုံးထားသည်) တွင် အရေးပါသော ချိတ်ဆက်ဆုံမှတ်ဖြစ်လာမည့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ စီးပွားရေးနှင့် မဟာဗျူဟာအရ ထိတွေ့သုံးစွဲနိုင်ခွင့်နှင့်စာလျှင် သာမည အကျိုးစီးပွားများသာဖြစ်သည်။

တရုတ်၏ ရည်ရွယ်မှု ရှင်းလင်းလာချိန်တွင် စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိသည့် ကျောက်ဖြူစီမံကိန်းနှင့် ပတ်သက်သော ပူပန်မှုများ မြင့်တက်လာသလို အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံဆိုသော ဆိပ်ကမ်းတန်ဖိုးမှာ “ရူးသွပ်မိုက်မဲရာကျပြီး အဓိပ္ပာယ်မရှိကြောင်း” မြန်မာအစိုးရ၏ ထိပ်တန်းစီးပွားရေးအကြံပေးဖြစ်သော ရှောင်တာနဲလ်က မကြာသေးမီက ဝေဖန်သုံးသပ်ခဲ့သည်။

ထွက်ပေါ်လာသော သတင်းများအရ ဤစီမံကိန်းကို အစိုးရက ပြန်လည်သုံးသပ်နေသည်ဟု ဆိုသည်။ ကျောက်ဖြူတွင် ဆိပ်ကမ်းဆောက်မည့် အစီအစဉ်ကို အသည်းအသန်လိုအပ်နေသော အခြေခံအဆောက်အဦနှင့် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွန့်စားရမှုများအတွက် တရုတ်အပေါ် ကြွေးတင်ရခြင်းအပေါ် ပူပန်ရကောင်းမှန်းမသိမီ ၂၀၀၇ ခုနှစ်တွင် ပထမဆုံး စတင်ကြေညာခဲ့ခြင်းဖြစ်သည်။ 

ကျောက်ဖြူတွင် လုပ်ငန်းအချို့လုပ်ကိုင်နေသော်လည်း တရုတ်မျှော်မှန်းသော ဧရာမ ရေနက်ဆိပ်ကန်းကြီးသည် နောက်ဆယ်စုနှစ်တစ်ခုကျော်အကြာအထိ ပုံကြမ်းအဆင့်တွင်သာ ရှိသေးသည်ဟု ဆိုနိုင်သည်။

၂၀၁၅ တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Citic Group က စီမံကိန်း ၇၀ ရာခိုင်နှုန်းကို ရယူရန် တင်ဒါအောင်မြင်ခဲ့ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို မြန်မာဘက်ကယူရမည်ဖြစ်သည်။ သို့သော်လည်း နေပြည်တော်မှ ငွေကြေးကျပ်တည်းနေသည့် အစိုးရအနေနှင့် စီမံကိန်းမှ သူ့ရှယ်ယာထည့်ဝင်မှုကို ပေးအပ်ရန်အတွက် ပြင်ပမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ ချေးယူရဖွယ်ရှိသည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားသလို ယင်းငွေအများစုကို တရုတ်ဆီမှပင် ချေးယူရဖွယ်ရှိနေသည်။

ယင်းမှာ အပြင်ပန်းကြည့်လျှင် စစ်ဘက်အုပ်စိုးမှု အထီးကျန်ကာလ ဆယ်စုနှစ်များစွာမှ လွန်မြောက်လာသော နိုင်ငံအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု ရတနာပုံဆိုက်တော့မည်ဆိုသော ယခင်က အမျှော်ကြီးမျှော်ခဲ့ကြသည်နှင့် ကိုက်ညီမှုရှိသည်ဟု ထင်စရာရှိနေသည်။ 

သို့သော်လည်း အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများကို ဟန့်တားထားသော နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကြောင့် စီးပွားရေးမျှော်လင့်ချက်များ လျင်လျင်မြန်မြန် မှေးမှိန် ပျောက်ကွယ်လာချိန်တွင် မြန်မာနိုင်ငံသည် ယခုအခါ တရုတ်၏ “ကြွေးမြီ ထောင်ချောက် သံတမန်ရေး” အတွင်းသို့သာ သက်ဆင်းရမည့် အခြေအနေ ဆိုက်ရောက်လာခဲ့သည်။ ဤသံတမန်ရေးဗျူဟာအောက်တွင် နိုင်ငံများသည် ၎င်းတို့၏ BRI ဆက်စပ်ကြွေးမြီများကို ပေးဆပ်ရန် မစွမ်းသာချိန်တွင် အချုပ်အခြာအာဏာ အညံ့ခံစွန့်လွှတ်ရသော လိုက်လျောမှုမျိုးလုပ်ရန် ဖိအားပေးခံနေကြသည်။ 

သင်ယူလေ့လာစရာ စံနမူနာမှာ သီရိလင်္ကာမှာ ၇ နှစ်သက်တမ်းရှိ ဟမ်ဘန်တိုတာ ဆိပ်ကမ်းဖြစ်သည်။ ကိုလံဘိုအစိုးရသည် စီမံကိန်းအတွက် တရုတ်ထံတင်ရှိသော ကြွေးမြီများကို မဆပ်နိုင်တော့သောအခါ ဆိပ်ကမ်း၏ ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံပိုင် China Merchants Port Holdings လက်ထဲ ထိုးအပ်ရသည့် စာချုပ်တစ်ခု ချုပ်ပေးလိုက်ရသည်။

အလုပ်သမားသမဂ္ဂများနှင့် နိုင်ငံရေးနယ်ပယ်မှ ကန့်ကွက်မှုများကြောင့် တရုတ်ရှယ်ယာမှာ ၇၀ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ ဆိပ်ကမ်းကို သီရိလင်္ကာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဟု ယခုအချိန်ထိ အမည်တပ်ထားသော်လည်း မဟာဗျူဟာကျသည့် ဆိပ်ကမ်းကြီးတစ်ခုလုံးကို ဘေဂျင်းကသာ အချုပ်အခြာအာဏာပိုင် ထိန်းချုပ်နေပြီဖြစ်သည်။

အသွင်တူသည့် လားရာမျိုးကို အာဖရိကမှ ဂျီဘူတီနိုင်ငံလေးတွင်လည်း တွေ့နိုင်သည်။ ထိုနိုင်ငံတွင် ယမန်နှစ် ဩဂုတ်လအတွင်း တရုတ်၏ ပထမဆုံးပြည်ပစစ်စခန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ အာဖရိက ဦးချိုဒေသ (မြေပုံတွင် အရှေ့မြောက်ဘက်သို့ ဦးချိုသဖွယ် ထိုးထွက်နေသည့်နေရာ) တွင် မဟာဗျူဟာကျစွာတည်ရှိသလို ပင်လယ်နီနှင့် ဆူးအက်ဇ် တူးမြောင်းဝင်ပေါက်အနီးတွင် တည်ရှိသည့် သေးငယ်သော ဂျီဘူတီ နိုင်ငံကလေးသည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ တရုတ်က တည်ဆောက် သို့မဟုတ် အဆင့်မြှင့်သည့် ဆိပ်ကမ်းကွင်းဆက်တွင် အရေးပါသော ဆုံချက်တစ်ခုဖြစ်လာခဲ့သည်။

ပြောစရာရှိသည်ကတော့ ဂျီဘူတီနိုင်ငံငယ်ကလေးအတွက် အသည်းအသန်လိုအပ်နေသော နိုင်ငံခြားငွေရရန် တရုတ်ကိုသာမက အခြားနိုင်ငံများအတွက်ပါ ပြည်ပစစ်စခန်းနေရာများ ငှားရမ်းပေးထားရခြင်းဖြစ်ပြီး ယင်းအထဲတွင် အမေရိကန်နှင့် ပြင်သစ်လည်းပါဝင်နေသည်။

သို့သော်လည်း သေးငယ်သော ဖွံ့ဖြိုးဆဲနိုင်ငံကလေးသည် ဆိပ်ကမ်းသစ်၊ အဆိုပါဆိပ်ကမ်းကို အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာနှင့် ချိတ်ဆက်ရန် ရထားလမ်းသစ်၊ လေဆိပ်သစ်သာမက အီသီယိုးပီးယားမှ ရေချိုသယ်သော ပိုက်လိုင်းများ တည်ဆောက်ရန်၊ ဖောက်လုပ်ရန် တရုတ်ဆီမှ ချေးယူခဲ့သည့် များပြားလှသော ငွေကြေးပမာဏကို ပြန်ပေးဆပ်ရတော့မည်ဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်သော စာရင်းဇယားများအရ အဆိုပါ ကြွေးမြီများသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ထက်မနည်းရှိပြီး ယင်းပမာဏကို ပြန်ဆပ်ရန်မှာ ဂျီဘူတီနိုင်ငံအတွက် အိပ်မက်ပင်မက်နိုင်သည့် ကိစ္စမဟုတ်ဟု ကြွေးမြီအလားအလာဆန်းစစ်သည့် လုပ်ငန်းများက သုံးသပ်ထားသည်။

ကာလရှည် မိတ်ဆွေလည်းဖြစ်၊ မဟာမိတ်လည်းဖြစ်သည့် ပါကစ္စတန်လို နိုင်ငံမျိုးတွင်ပင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ချေးငွေများဖြင့် နှောင်ဖွဲ့ထားသည်။ မကြာခဏဆိုသလို တရုတ်ဦးဆောင်သည့် စီမံကိန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံလုပ် ပစ္စည်းများကို ပါကစ္စတန်က ဝယ်ယူရပြီး ယင်းအတွက် တရုတ်၏ တိုးချဲ့ချေးငွေများကိုပင် အသုံးပြုရခြင်းဖြစ်သည်။

ရလဒ်အဖြစ် ပါကစ္စတန်၏ အရပ်ရပ်ကြွေးမြီ ပမာဏသည် အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၉ ဘီလီယံမျှ ရှိလာပြီး ဂျီဒီပီနှင့် အစိုးရကြွေးမြီအချိုးသည် ၇၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ တရုတ်ထံမှ ကနဦးချေးငွေ သုံးပုံနှစ်ပုံခန့်ကို အိန္ဒိယမှ လေ့လာသုံးသပ်သူ မီဟီရာရှာမာ၏ စကားလုံးဖြင့်ပြောရလျှင် “ဝိသမအတိုးနှုန်းကြီးကြီးမားမား”ဟု ဆိုနိုင်သော ၇ ရာခိုင်နှုန်းဖြင့် သက်တမ်းတိုးထားရသည်။ တရုတ်နှင့် ပါကစ္စတန်သည် နီးစပ်သော မဟာမိတ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုလုပ်ရပ်သည် “မိတ်ဆွေအချင်းချင်း လုပ်သည့် ပုံစံမျိုးမဟုတ်ဟု” အဆိုပါ အိန္ဒိယပညာရှင်က သုံးသပ်ထားသည်။

ပါကစ္စတန်တွင် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ နောက်ထပ်ထွက်ပေါက်တစ်ခုဖြစ်သော ဂွါဒါတွင် ဧရာမဆိပ်ကမ်းကြီး တည်ဆောက်ရာတွင် တရုတ်ကုမ္ပဏီများ ပါဝင်နေကြပြန်သည်။ သို့သော်လည်း ကက်ရှ်ဂါကိုရောက်ရန် ကာရာကိုရမ်တောင်တန်းများကို ဖြတ်သန်းပြီး ရှည်လျားခက်ခဲသော လမ်းကြောင်းကို ဖြတ်သန်းရခြင်းကြောင့် မျှော်လင့်ထားသလို အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့ရာတွင် အသုံးပြုနိုင်ပါမည်လားဆိုသည်မှာ သံသယဖြစ်စရာ ကောင်းလှသည်။ လှည့်စားတတ်သော၊ တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်အနေအထားနှင့် ကက်ရှ်ဂါဒေသ၏ ဝေးလံခေါင်းသီမှုကိုပါ ထည့်တွက်လျှင် နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်ပင် အကန့်အသတ်ဖြင့်သာ သုံးနိုင်မည့်နေရာဖြစ်နေသည်။

ဂွါဒါမှ ဆိပ်ကမ်း၏ အရေးပါမှုမှာ သူ့တည်နေရာပင်ဖြစ်ပြီး ထိုနေရာတွင် ဆိပ်ကမ်းရှိခြင်းကြောင့် တရုတ်အတွက် အာရေဗီယန်ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် ခိုင်မာသော ရပ်တည်စရာနေရာ တစ်ခုရသွားစေသည်။ တရုတ်ရော၊ ပါကစ္စတန်ကပါ ယနေ့အချိန်အထိ ငြင်းဆိုထားသည့်တိုင် တရုတ်၏ အဆိုပါဆိပ်ကမ်းသုံးစွဲခွင့်တွင် အနာဂတ်၌ တရုတ်စစ်ရေယာဉ်များ ဆိုက်ကပ်ခွင့်ပါ ပါဝင်လာနိုင်သည်။ ဆိပ်ကမ်းအနီးတွင် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်တစ်ခု တည်ဆောက်ထားသည့်တိုင် ဂွါဒါသာမက ပါကစ္စတန်စင်္ကြံလမ်းကြောင်းဟုခေါ်သော နေရာတစ်လျှောက်သည် စီးပွားရေးအရထက် မဟာဗျူဟာအရ ပိုအရေးပါနေသည်။

အိန္ဒိယသမုဒ္ဒရာသို့ တရုတ်၏ စင်္ကြံလမ်းကြောင်းနှစ်ခုတွင် မြန်မာလမ်းကြောင်းသည် ကုန်သွယ်ရေးအတွက် ပိုအရေးကြီးသလို အနိမ့်ဆုံးအားဖြင့် ရေရှည်မဟာဗျူဟာမြောက်သည့် ဩဇာလွှမ်းမိုးမှုအတွက်လည်း သာတူညီမျှ အရေးပါနေသည်။ အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှု လုံခြုံရေးအတွက် မြန်မာလမ်းကြောင်းကိုလိုအပ်သလို အာဖရိကနှင့် ဥရောပသို့ ကုန်သွယ်ရေးလမ်းကြောင်းများ ချိတ်ဆက်ရန်လည်း လိုအပ်နေသည်။

တရုတ်သည် ပိတ်ဆို့ဟန့်တားခံရနိုင်သည့် အလားအလာရှိသော မလက္ကာရေလက်ကြား ပွိုင့်ကို ရှောင်နိုင်ရန် အရေးပါသော မဟာဗျူဟာ ရှောင်လမ်းဖြစ်သည့် ရေနံနှင့် သဘာဝပိုက်လိုင်းများကို ပါကစ္စတန်ကိုဖြတ်၍ သွယ်တန်းခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားခြင်းဖြစ်သည်။

တရုတ်၏ စွမ်းအင်တင်သွင်းမှု ၈၀ ရာခိုင်နှုန်းမှာ မလေးရှားနှင့် အင်ဒိုနီးရှားအကြားရှိ ကျဉ်းမြောင်းသော မလက္ကာရေလက်ကြားကို ဖြတ်သန်းနေရရာ မလက္ကာရေးလက်ကြားကို အမေရိကန်က ပိတ်ဆို့လိုက်မည့် အနာဂတ်ဖြစ်နိုင်ခြေမျိုးကို တရုတ်က စိုးရိမ်နေသည်။ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ပိုက်လိုင်းများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ မည်ရွေ့မည်မျှပို့လွှတ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း စကတည်းက မလက္ကာရှောင်လမ်းအဖြစ် သွယ်တန်းထားခြင်းဖြစ်သည်ကတော့ သေချာသည်။

တကယ်တမ်းပြောရလျှင် မြန်မာနိုင်ငံကိုဖြတ်၍ မဟာဗျူဟာ စင်္ကြံလမ်းကြောင်း ဖောက်လုပ်မှုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော BRI စီမံကိန်းကို လွှမ်းမိုးသော မူဝါဒပင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် BRI (ခေါ် OBOR စီမံကိန်း) မှာ အာရှပစိဖိတ်ဒေသနှင့် ထိုမှကျော်လွန်သော နေရာအနှံ့တွင် တရုတ်အကူအညီနှင့် ချေးငွေများဖြင့် အခြေခံအဆောက်အဦများ အဆင့်မြှင့်ရန်ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ဘက်ခြမ်း တရုတ်နယ်စပ်တွင် လူလေးယောက်က စက်ဝိုင်းပုံအရာကြီးကို တွန်းနေသော ဧရာမရုပ်တုကြီးတစ်ခု တည်ဆောက်ထားသည်။ ၎င်းတို့၏ စိတ်ပိုင်းဖြတ်ထားပုံရသော မျက်နှာများက တောင်ဘက်သို့ ရည်မျှော်ကြည့်နေကြသည်။ ရုပ်တုကြီးသည် ရူအီလီမြစ်မှ အခြားတစ်ဖက်ခြမ်းရှိ တရုတ်နယ်နိမိတ်ဖြစ်သော ကြယ်ခေါင်သို့ ဦးတည်သော ကွန်ကရစ်တံတားသို့သွားရာ လမ်းပေါ်တွင် တည်ရှိသည်။

ရုပ်တု၏ အောက်ခြေတွင် တရုတ်စာများဖြင့် ရေးထားသည်မှာ “ညီညွတ်ကြ၊ လမ်းထွင်ကြ၊ ရှေ့သို့ ချီကျ”ဟု ပြန်ဆိုနိုင်မည်ဖြစ်သော်လည်း နယ်စပ်ဒေသတွင် နေထိုင်သူအချို့ကမူ ယင်းစာသားများ၏ တကယ့်အဓိပ္ပာယ်မှာ “အရှေ့တောင်အာရှရေ၊ ငါတို့ လာပြီဟေ့”ဟု ဆိုလိုကြောင်း အနက်ဖွင့်ကြသည်။

အဆိုပါရုပ်တု၏ ထူးခြားသော ဝိသေသလက္ခဏာမှာ ရုပ်တုတည်ရှိရာနေရာတွင် ရှိမနေပေ။ မြန်မာပိုင်နက်က လုံးဝနီးပါး ဝိုင်းရံထားသော အကြမ်းဖျင်း နှစ်စတုရန်းကီလိုမီတာသာရှိသည့် ကြယ်ခေါင်ဆိုသော နေရာကလေးတွင်ရှိနေပြီး ထိုနေရာသည် စည်ကားသော ကုန်သွယ်ရေးစင်တာတစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံမှသည် ထို့ထက်ဝေးရာဈေးကွက်များအထိ တံခါးပေါက်တစ်ခုလည်း ဖြစ်နေသည်။ 

သို့သော်လည်း အဆိုပါရုပ်တုကို ၁၉၉၃ ခုနှစ်ကတည်းက အံ့အားသင့်ဖွယ်အမြော်အမြင်မျိုးဖြင့် တည်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က တံတားပင် တည်ဆောက်ကာစရှိသေးပြီး ကြယ်ခေါင်မှာ ကျိုးတိုးကျဲတဲ ဝါးတဲကလေးများရှိသော လယ်ကွင်းတစ်ခုထက် မပိုပေ။ နောင် ၂၅ နှစ်အကြာတွင် အထပ်မြင့် အဆောက်အအုံများ၊ ဇိမ်ခံဟိုတယ်ကြီးများ၊ ပစ္စည်းစုံလင်သော စတိုးဆိုင်များနှင့် တရုတ်နိုင်ငံတစ်လွှားမှ ဝယ်လက်များ လာရောက်ကြသော ဧရာမကျောက်စိမ်းဈေးကြီးရှိရာ နေရာဖြစ်လာပြီဖြစ်သည်။

နံနက်တိုင်းတွင် တရုတ်ကုန်စည်များ တင်ဆောင်လာသော ကုန်ကားယာဉ်တန်းကြီးသည် ကြယ်ခေါင်နယ်စပ်ဂိတ်ကိုဖြတ်ပြီး မြန်မာဘက်ခြမ်းမှ မူဆယ်မြို့သို့ ဝင်ရောက်သွားကြသည်။ သူတို့တွေသည် လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် အခြား မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များသို့ ဦးတည်ကြခြင်းဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော တမူးမြို့အထိပင် ရောက်ရှိကြသည်။

တမူးမှတစ်ဆင့် အဆိုပါကုန်များကို အိန္ဒိယဘက်ခြမ်း မိုရေးသို့ပို့သည်။ မိုရေးမှသည် အင်ဖာ၊ ဒင်မာဖာ၊ ကိုဟီးမားနှင့် ဂူဝါဟာတီထိရောက်သည်။ မြန်မာပြည်သာမက ယခုအခါ အိန္ဒိယ အရှေ့မြောက်ပိုင်းသည်လည်း ဈေးချိုသော တရုတ်ကုန်စည်များ၏ လွှမ်းမိုးခံနေရသည်။

ယင်းမှာ မြန်မာအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်သို့ သွယ်တန်းထားသော ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများ စတင်ရာအရပ်ဖြစ်သလို ကျောက်ဖြူသို့ မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရန် ရည်ရွယ်ထားသည့် နေရာလည်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့သည် ခန့်မှန်းကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ရထားလမ်းတည်ဆောက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်၏ ရည်ရွယ်ချက်များကို ပူပန်ခြင်းနှင့် ကြွေးမြီထောင်ချောက်အလားအလာကို စိုးရိမ်သောကြောင့် သမ္မတဦးသိန်းစိန်လက်ထက် မြန်မာအစိုးရသည် အဆိုပါနားလည်မှု စာချွန်လွှာကို ၂၀၁၄ ဇူလိုင်လ၌ သက်တမ်းကုန်ဆုံးစေခဲ့သည်။ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး သုံးနှစ်အကြာတွင်ဖြစ်သည်။

ထိုစီမံကိန်းရပ်ဆိုင်းလိုက်သည့်အတွက်လည်း ဆည်စီမံကိန်းအတွက် သုံးစွဲပြီးဖြစ်သော အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် တရုတ်တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာဘက်မှ ပြန်ပေးရဖွယ်ရှိသည်။ မြန်မာနိုင်ငံတွင်းမှ ဝေဖန်သူများကမူ တရုတ်သည် ကျောက်ဖြူကိစ္စသူ့စိတ်ကြိုက် ဖြစ်နိုင်ရန် မြစ်ဆုံအတွက် လျော်ရမည့် ကိစ္စကို တည်ကြက်အဖြစ် အသုံးချနိုင်သည်ဟု သုံးသပ်ထားသည်။ 

အလားတူပင် ၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ကိရိယာများဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ချေးငွေတစ်ရပ်မြန်မာကို ပေးခဲ့ဖူးသည်။ သို့သော်လည်း မြန်မာပြည်အခြေစိုက် စီးပွားရေးပညာရှင်တစ်ဦး၏ အဆိုအရဆိုလျှင် ခြူးတစ်ပြားမျှ မြန်မာပြည်ထဲ ရောက်မလာခဲ့။ ယင်းငွေအားလုံးမှ တရုတ်ပစ္စည်းများဝယ်ဖို့သာသုံးခဲ့ပြီး ထိုပစ္စည်းများသည်လည်း အသုံးမတည့်ကြောင်း ပေါ်ပေါက်လာခဲ့သည်။

ယင်းအကြွေးမှာလည်း ဆပ်နေရဆဲဖြစ်သည်။ ထို့ထက် အများကြီးပိုမိုကြီးမားကျယ်ပြန့်သော ကျောက်ဖြူစီမံကိန်းသာ စီစဉ်ထားသည့်အတိုင်း ရှေ့ဆက်မည်ဆိုလျှင် တရုတ်ကလည်း ရှေ့ဆက်နိုင်ရေး မဖြစ်ဖြစ်သည့်နည်းဖြင့်လုပ်ရန် အသင့်ရှိနေပေရာ မြန်မာနိုင်ငံသည် မိမိအကျိုးစီးပွားထက် တရုတ်အကျိုးစီးပွားကိုသာ ဆောင်ကြဉ်းပေးမည့် စီမံကိန်းကြီးတစ်ခုအတွက် တရုတ်ထံတွင် အကြွေးထပ်တင်ရ ဦးတော့မည်ဖြစ်သည်။

ယခုအခါ တာဝန်ရှိသူများက စီမံကိန်း၏ သတ်မှတ်စည်းကမ်းချက်များနှင့် တန်ဖိုးကို ပြန်လည်သုံးသပ်နေသည် ဆိုသော်လည်း၊ တစ်စထက်တစ်စ ကြွေးမြီနွံနစ်လာသော နိုင်ငံအပေါ်တရုတ်က စီးပွားရေးနှင့် မဟာဗျူဟာအရ အခိုင်အမာလွှမ်းမိုးခြေကုပ်ယူပြီးဖြစ်သည်ကို ထည့်တွက်လျှင် အစိုးရအနေနှင့် ရုန်းကန်ညှိနှိုင်းနိုင်စွမ်းရှိမည်လား သို့တည်းမဟုတ် အလွတ်ရုန်းထွက်နိုင်စွမ်းမည်လား ဆိုခြင်းကတော့ မသေချာလှပေ။

Ref: Asia Times, Myanmar risks falling into a China debt trap by Bertil Lintner


  • VIA
  • TAGS