News

POST TYPE

ARTICLE

တူရကီ စစ်အာဏာသိမ်းမှု ဘာကြောင့် မအောင်မြင်သလဲ
23-Jul-2016

ပြီးခဲ့သည့် ရက်သတ္တပတ်တွင်း အန်ကာရာမြို့ လမ်းမများပေါ်တွင် တင့်ကားများ မောင်းနှင်နေချိန် တူရကီမှာ စစ်အေးခေတ် စစ်အာဏာ သိမ်းခံလိုက်ရသည့် ပထမဆုံးသော နေတိုးစစ်အုပ်စုဝင် နိုင်ငံ ဖြစ်လာမည့် ပုံပေါ်နေခဲ့သည်။ သို့သော်လည်း နာရီအနည်းငယ်အတွင်း အခြေအနေအားလုံး ပြောင်းလဲသွားခဲ့သည်။ 

တူရကီသမ္မတ အာဒိုဂန်သည် အာခံသည့် မိန့်ခွန်းတစ်ခု ပြောလိုက်ခြင်းဖြင့် အာဏာသိမ်းမှုကို ခုခံလိုက်သည်။ (အာဒိုဂန်၏ မိုဘိုင်းလ်ဖုန်းမှ ထုတ်လွှင့်မှုကို ရုပ်မြင်သံကြား ရိုက်ကူးပြီး ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်သည်) ယင်းနောက်တွင် တူရကီစစ်တပ် အကြီးအကဲများမှာ အာဏာသိမ်းရန် ကြံစည်မှုတွင် မပါကြောင်း၊ ပုန်ကန်လိုသူများ၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း သတင်းများ ပေါ်ထွက်လာတော့သည်။ စစ်တပ်တွင်းရှိ ပိုမိုအင်အားကြီးမားသည့် အစိတ်အပိုင်းကလည်း အာဏာသိမ်းသမားများကို ပြန်လည်တိုက်ခိုက်လာတော့သည်။ အာဏာသိမ်းမှုသည် အမေရိကန်သမ္မတ အိုဘားမား၏ အသုံးဖြင့်ပြောပါက အငယ်တန်း တက္ကသိုလ်အသင်းလေး တစ်သင်း၏ အာဏာသိမ်းသည့်ပုံစံ  ပေါက်နေခဲ့သည်။

တူရကီနိုင်ငံ သာမကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာ ခြုံကြည့်ပါက အာဏာသိမ်းမှု ပုံစံသည် မြင်တွေ့နေရသည့် ပုံစံအတိုင်းသာ ဖြစ်သည်။ ထို့အပြင် အာဏာသိမ်းသည့်  ကာလအစောပိုင်း လက္ခဏာများကို ကြည့်ပြီးလည်း အောင်မြင်နိုင်ခြင်း ရှိ မရှိကို ခန့်မှန်းနိုင်သည်။

အာဏာသိမ်းပွဲများကို စစ်အေးကာလ နောက်ပိုင်းမှ စတင်ပြီး မြင်တွေ့ရလေ့ သိပ်မရှိတော့ပေ။ ၁၉၇၀ ပြည့်လွန် နှစ်များတွင် နှစ်စဉ် အာဏာသိမ်းမှုပေါင်း ၁၃ ခု ပေါ်ပေါက်ခဲ့သော်လည်း ယနေ့ခေတ်တွင် အာဏာသိမ်းမှု လေးခုခန့်သာ နှစ်စဉ် ပေါ်ပေါက်လျက်ရှိသည်။ ထို့အပြင် အာဏာသိမ်းမှု အောင်ပွဲရနိုင်ခြေမှာလည်း သိသိသာသာ လျော့ကျသွားသည်။ ၁၉၅၀၊ ၆၀ နှင့် ၇၀ ပြည့်လွန် နှစ်များတွင် အာဏာသိမ်းမှု အောင်ပွဲရနိုင်ခြေမှာ ၅၀-၅၀ ရာခိုင်နှုန်း အချိုးရှိရာမှ စစ်အေးခေတ် နောက်ပိုင်းတွင် လေးပုံတစ်ပုံ ရာခိုင်နှုန်းသာ ရှိတော့သည်။  အာဏာသိမ်းပွဲများအပေါ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းသစ်များ၊ နိုင်ငံခြားအကူအညီနှင့် ဝင်ငွေမြင့်လာခြင်း၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်း စသည့် အချက်များကြောင့် လျော့ကျလာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အာဏာသိမ်းမှု အကြိမ်ရေ လျော့ကျသွားသော်လည်း အာဏာသိမ်းပွဲ အောင်မြင်ရာနှင့် ရှုံးနိမ့်ရာ အကြောင်းတရားများမှာ မပြောင်းမလဲ ရှိနေသေးသည်။ အောင်မြင်သည့် အာဏာသိမ်းပွဲများသည် နည်းလမ်းနှစ်ခုအနက် တစ်ခုမဟုတ် တစ်ခုကို လိုက်နာကြသည်။ စစ်အာဏာသိမ်းမှု လုပ်ဆောင်သင့်သည်ဟု စစ်တပ်တွင်း အစဉ်အလာ သြဇာရှိသူများက သဘောတူညီခြင်း သို့မဟုတ် စစ်တပ်တွင်းရှိ အမှုထမ်းများနှင့် အရာရှိများ ပူးပေါင်းပါဝင်လာစေရန် စစ်အာဏာသိမ်းရန် ကြံစည်သူများက စည်းရုံးနိုင်ခြင်း စသည့် အခြေအနေနှစ်ရပ်တွင် အာဏာသိမ်းပွဲ အောင်မြင်လေ့ရှိသည်။

၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းပွဲသည် ပထမနည်းလမ်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ကို ဖယ်ရှားသင့်သည်ဟု အစဉ်အလာရှိသည့် ထိုင်းစစ်ခေါင်းဆောင်များက သဘောတူညီလိုက်သည်နှင့် တစ်ပြိုင်နက် အာဏာသိမ်းပွဲမှာ အောင်မြင်သွားတော့သည်။ ဘန်ကောက်မြို့တော်တွင်းသို့ ညီညွတ်သည့် စစ်အာဏာသိမ်း အရာရှိများ ဝင်ရောက်လာသည့်အခါ မည်သည့်ခုခံမှုမှ မကြုံတွေ့ရပေ။ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် တူရကီဖြစ်စဉ်နှင့် မတူဘဲ ထိုင်းအာဏာသိမ်းပွဲသည် လျင်မြန်ကာ သေချာမှုရှိသည်။

အာဖရိက အာဏာသိမ်းပွဲများမှာမူ ဒုတိယပုံစံကို လိုက်လေ့ရှိသည်။ ၂၀၀၉ ခုနှစ် မာဒါဂါစကာ အာဏာသိမ်းပွဲသည် အလယ်အလတ်အဆင့် စစ်အရာရှိများ၏ အာဏာသိမ်းပွဲအဖြစ် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပြီး လူထုဆန္ဒပြပွဲများ ကြီးမားလာသည့်အခါ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများပါ အုပ်စိုးသူများကို ဆန့်ကျင်လာကြသည်။ လိုင်ဘေးရီးယား ၁၉၈၀ အာဏာသိမ်းမှုကို ကြည့်ပါ ရာထူးနိမ့်သည့် စစ်အာဏာရှိများပါ အာဏာသိမ်းနိုင်ကြောင်း သိနိုင်သည်။ တပ်ကြပ်ကြီး ရာထူးသာ ရှိသည့် ဆန်နျူရယ်ဒိုးက လိုင်ဘေးရီးယား သမ္မတ ဝီလီယံတောဘတ်နှင့် မဟာမိတ်များကို သတ်ဖြတ်ပြီး အစိုးရအဖွဲ့ကို အလျင်အမြန် ဖယ်ရှားခဲ့သည်။

အရေးနိမ့်သွားပြီ ဖြစ်သည့် တူရကီ အာဏာသိမ်းမှုသည် လိုင်ဘေးရီးယားနှင့် မန်ဒါဂါစကာ အာဏာသိမ်းပွဲများထက် ထိုင်းရွေးကောက်ပွဲနှင့် ပိုတူလျက်ရှိသည်။ တူရကီ တပ်မတော်သည် ပရော်ဖက်ရှင်နယ် စနစ်နှင့်အညီ အင်စတီကျူးရှင်းနယ်အလိုက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။ ထို့ကြောင့် သင်းကွဲပုံစံ အာဏာသိမ်းမှုများသည် အရေးနိမ့်မည်မှာ လွန်စွာသေချာလျက် ရှိသည်။  လိုက်ဘေးရီးယားနှင့် မန်ဒါဂါစကာတို့ရှိ အင်အားချည့်နဲ့ကာ အင်စတီကျူးရှင်းနယ်လိုက် ဖွဲ့စည်းထားခြင်း မရှိသည့် အစိုးရအဖွဲ့များ ဖယ်ရှားရေး အတွက်မူ တပ်အင်အား အများစု မလိုပေ။

တူရကီ အာဏာသိမ်းပွဲ အရေးနိမ့်ကျခြင်း အကြောင်းရင်းမှာ လူသိများပြီး အချက်ဖြစ်သည့် စစ်တပ်ခေါင်းဆောင်ပိုင်းတွင် သဘောထားကွဲလွဲမှု ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် အာဏာသိမ်းရန် ကြံစည်သူများနှင့် ပူးပေါင်းရမည့်အစား အုပ်စိုးသူများကိုသာ ဆက်လက်သစ္စာခံခဲ့သည်။ စစ်တပ်တွင်း အုပ်စုကွဲများ ပေါ်ပေါက်လာစေသည့် အာဏာသိမ်းရန် ကြံစည်မှုများသည် အရေးနိမ့်နိုင်ခြေ များသလို တစ်ချိန်တည်းတွင် တပ်ဖွဲ့ဝင်များကြား အပြန်အလှန်  တိုက်ခိုက်မှုများ ပေါ်ပေါက်နိုင်ခြေလည်း များသည်။

ယင်းအချက်များနှင့် ချိန်ထိုးကြည့်ပါက တူရကီ အာဏာသိမ်းရန် ကြံစည်သူများ အမှားလုပ်ခဲ့သည်မှာ သိသာသည်။ အာဏာသိမ်းရန် ကြံစည်သူများမှာ အပျော်တမ်းပုံစံ ပေါက်နေပြီး တွက်ချက်မှု အမှားများ လုပ်ဆောင်ခဲ့ခြင်းမှာလည်း အံ့သြဖွယ် မဟုတ်ပေ။ အာဏာသိမ်းပွဲကို စစ်တပ်တွင်းရှိ အမှုထမ်းများနှင့် အရာရှိများက မည်ကဲ့သို့ တုံ့ပြန်မည်ကို ကြံစည်သူများ စစ်တမ်းကောက်ယူ၍ မရပေ။ လျှို့ဝှက်မှုနှင့် လျင်မြန်မှုအပေါ် အခြေခံလုပ်ဆောင်ရသည့် အာဏာသိမ်းပွဲများသည် သတင်းအချက်အလက် အမှားအယွင်းများနှင့် လုံးထွေးလျက်ရှိကာ ရှေ့အလားအလာကို မှားယွင်းတွက်ဆမိနိုင်ခြေများ ရှိနေသည်။

စစ်တပ်တွင်းရှိ အင်အားစုများနှင့် အခြားသော အင်အားစုများ ဆွဲသွင်းရေးဆိုသည့် အချက်ကို တူရကီ အာဏာသိမ်းရန် ကြံစည်သူများသည် သတိထားမိခဲ့ပုံ ပေါ်နေသည်။ ယင်းအချက်ကြောင့်လည်း စစ်အာဏာသိမ်းပွဲများသည် အဖန်တစ်ရာ ထေနေသည့် မဟာဗျူဟာလမ်းအတိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာသိမ်းပွဲ၏ ပထမဆုံးသော ဥပဒေသမှာ အုပ်စိုးသူများ တုံ့ပြန်ရန် နှေးကွေးနေချိန်တွင် မိုးကြိုးကဲ့သို့သော မြန်နှုန်းဖြင့် တိုက်ခိုက်သွားရန် ဖြစ်သည်။ ထို့ကြောင့်ပင် အခြားသော အာဏာသိမ်းပွဲများကဲ့သို့ပင် မြို့တော်တွင် အာဒိုဂန် မရှိသည့် အချိန်၌ အာဏာသိမ်းပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သမ္မတအဖွဲ့ အလစ်အငိုက် ခံလိုက်ရချိန်တွင် အာဏာသိမ်းပွဲ အောင်မြင်ရန်အတွက် လက်ရှိအာဏာသိမ်းပွဲမှာ ရှောင်လွှဲမရတော့ဆိုသည့် အခြေအနေမျိုး ပေါ်ပေါက်လာစေရန် ဖန်တီးရမည် ဖြစ်သည်။ အာဏာသိမ်းပွဲကာလ အတွင်း အရေးနိမ့်မည့်ဘက်တွင် ပါဝင်မိပါက လွန်စွာ အန္တရာယ်များမည် ဖြစ်သည်။ ထို့ကြောင့်ပင် အာဏာသိမ်းရန် ကြံစည်သူများက တင့်ကားများ မောင်းနှင်ခြင်း၊ မြို့တော်ပေါ် ဖြတ်သန်းပြီး တိုက်လေယာဉ်များ ပျံသန်းပြခြင်းများ လုပ်ဆောင်ခဲ့ကာ အင်အားပြခဲ့ခြင်း ဖြစ်သည်။ အာဒိုဂန်မှာ နှစ်မြုပ်တော့မည့် သင်္ဘောပျက်ပေါ် ရောက်နေခြင်းကြောင့် ပေါ်ပေါက်လာမည့် အာဏာသစ်နှင့် ပူးပေါင်းရန် လိုအပ်ကြောင်း အာဏာသိမ်းရန် ကြံစည်သူများက အချက်ပြလိုရင်း ဖြစ်သည်။ သို့သော်လည်း အာဏာသိမ်းသူများက အာဒိုဂန်ကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့သလို၊ ဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း မထိန်းချုပ်နိုင်ခဲ့ပေ။ လေဆိပ်များနှင့် ဝန်ကြီး ဆက်လက် လုပ်ငန်းလည်ပတ်နေနိုင်ခဲ့သည်။

ယင်းကဲ့သို့သော အခြေအနေများအောက်တွင် အာဒိုဂန်သည် နိုင်ငံကို မိန့်ခွန်းပြောကြားလိုက်ပြီး အာဏာသိမ်းမှုကို ခုခံရန် ပြည်သူများကို တိုက်တွန်းလိုက်သည်။ ပြည်သူများကလည်း လမ်းပေါ်ထွက်ကာ အာဏာသိမ်းမှုကို ခုခံတော့သည်။ စစ်တပ်ခေါင်းဆောင်များမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း သတင်းပေါ်ထွက်လာသည့်အခါ အာဏာသိမ်းသူများဘက်တွင် ပူးပေါင်းလိုသူ ပိုနည်းသွားတော့သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အခြေခံဥပဒေစနစ် ပြန်လည်ထူထောင်နိုင်ရေး အတွက် အာဏာသိမ်းရသည်ဟု ကြားနေရ စကားလုံးများကို အာဏာသိမ်းရန် ကြံစည်သူများ ပြောကြားခဲ့သော်လည်း ၎င်းတို့ အရေးနိမ့်ရန် သေချာနေပြီ ဖြစ်သည်။ အာဏာသိမ်းပွဲ အောင်မြင်စေရေး အဓိကအချက် ဖြစ်သည့် စစ်တပ်တွင်း သဘောတူညီမှု မရရှိခြင်းကြောင့် ဖြစ်သည်။ လိုအပ်သည့်  ညီညွတ်မှု မရှိသလို စစ်တပ်တွင်း အာဏာသိမ်းမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေကြောင်း သိသာလာသည့်အခါ အာဏာသိမ်းရန် ကြံစည်သူများ အောင်ပွဲမရနိုင်တော့ပေ။

ကံဆိုးသည်မှာ အာဏာသိမ်းပွဲ အပြီးတွင် မည်သည့်အရာများ ပေါ်ထွက်လာနိုင်ကြောင်း သမိုင်းသင်ခန်းစာများတွင် ဖော်ပြထားပြီး ဖြစ်သည်။ အာဏာသိမ်းမှု ကြုံတွေ့လိုက်ရသည့် အစိုးရတစ်ရပ်သည် ယင်းအာဏာသိမ်းပွဲကို ပိုမိုအာဏာရှင်ဆန်စွာ တုံ့ပြန်လေ့ ရှိသည်မှာ လွန်စွာခိုင်မာသည့်  နိုင်ငံရေး ဥပဒေတစ်ခု ဖြစ်သည်။ အာဒိုဂန်သည် အာဏာသိမ်းပွဲကို အကြောင်းပြပြီး ဂျာနယ်လစ်များကို ထောင်ချနေမှု၊ အတိုက်အခံများကို ဖိနှိပ်နေမှု၊ တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေမှုများကို ပိုမိုလုပ်ဆောင်လာတော့မည် ဖြစ်သည်။ လက်ရှိတွင်ပင် တရားရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးဝန်ထမ်း ၅၀,၀၀၀ ခန့်မှာ ရာထူးမှ ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ခံနေရသည်။ တူရကီဗိုလ်ချုပ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး ၁၀၀ ကျော် ထိန်းသိမ်းခံနေရပြီး ယင်းမှာ ဗိုလ်ချုပ်အဆင့် တူရကီ စစ်အရာရှိ  အားလုံး၏ သုံးပုံတစ်ပုံ အရေအတွက် ဖြစ်သည်။

ထို့အပြင် လက်ရှိ အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံတွင် နေထိုင်သည့် အာဒိုဂန်၏ ပြိုင်ဘက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဖတ်တူလာဂူလန်က ကြိုးကိုင်ခြင်း ဖြစ်သည်ဟု အာဒိုဂန်က စွပ်စွဲထားသည်။ အာဒိုဂန်နှင့် ဂူလန်တို့ အစောပိုင်း ကာလတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၂၀၀၇ ခုနစ် နောက်ပိုင်းမှ စတင်ပြီး ခွာပြဲသွားခဲ့သည်။ နိုင်ငံတော်အာဏာကို  ထိန်းချုပ်ရန် ကြိုးပမ်းသည်ဟု အပြန်အလှန်စွပ်စွဲပြီး ယင်းကဲ့သို့ သဘောထား ကွဲလွဲသွားခြင်း ဖြစ်သည်။ ၁၉၆၀၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် စစ်အာဏာသိမ်းကာ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သည့် တူရကီ စစ်တပ်သည်လည်း လက်ရှိ  အာဏာသိမ်းပွဲတွင် အပြည့်အဝ ပါဝင်ခဲ့ခြင်း မရှိပေ။ အာဒိုဂန်သည်သာ အာဏာသိမ်းပွဲကို အကြောင်းပြပြီး ဖမ်းဆီး၊ ဖိနှိပ်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် ၆၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်း စစ်အာဏာသိမ်းမှုနှင့် အာဏာ သိမ်းရန် ကြံစည်မှုပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ကာ အာဏာသိမ်းမှုများသည် ပုံစံတစ်မျိုးတည်းသာ ဖြစ်ကြသည်။ သမိုင်းဖြစ်စဉ်ကို လမ်းညွန်အဖြစ် ယူပါက တူရကီ ဒီမိုကရေစီ အနာဂတ် မှောင်မည်းနေပြီ ဖြစ်သည်။

ချမ်းမြေ့
ကိုးကား - Foreign Affairs