News

POST TYPE

ARTICLE

လူဝင်းစကီးနဲ့ ဒန်နီယယ်၊ ခေတ်နှစ်ခေတ်ရဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းချင်း ချိန်ထိုးကြည့်ခြင်း
03-Jun-2018 tagged as



၁၉၉၀ ပြည့်လွန်နှစ်များတွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်နှင့် အိမ်ဖြူတော်အလုပ်သင်ဝန်ထမ်း မော်နီကာလူဝင်း စကီး၏ အရှုပ်တော်ပုံမှာ တစ်ကမ္ဘာလုံးတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး သမ္မတကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချရန် ကြိုးစားသည့်အဆင့်အထိ ရောက်ရှိခဲ့ဖူးသည်။

အပြာကားမင်းသမီး စတုန်မီဒန်နီယယ်နှင့် လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ အရှုပ်တော်ပုံသည် အလားတူသက်ရောက်မှုမျိုး ရှိလာနိုင်သလားဟု မေးစရာဖြစ်ရသည်။

ထရမ့်ကတော့ ၂၀၀၆ တုန်းက ရှုပ်ခဲ့သည်ဆိုသောကိစ္စကို ငြင်းထားသည်။ သို့သော်လည်း ကလင်တန်ဇာတ်ရှုပ်လိုပင် ယခုဇာတ်လမ်းတွင်လည်း ပွေသည်ရှုပ်သည်က ပြဿနာမဟုတ်ဘဲ ဗြောင်လိမ်ဗြောင်စားလုပ်ခြင်းက ပြဿနာဖြစ်နေသည်။ ထိုဖြစ်စဉ်နှစ်ခုတွင် တူညီသည်များရှိသလို ကွဲလွဲချက်ကလည်း အများအပြားရှိနေသည်။ 

ကလင်တန်/လူဝင်းစကီး နောက်ကြောင်းပြန်

“ဒီအမျိုးသမီးနဲ့ ကျွန်တော် လင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမျိုးမရှိပါဘူး” ဟု သမ္မတကလင်တန်၏ ၁၉၉၈ ခုနှစ်က အကျောက်အကန်ခေါင်းတစ်ခါခါ ငြင်းဆိုသောဖြေရှင်းချက်မှာ အမေရိကန်သမ္မတများ၏ အထင်ရှားဆုံး ပြောစကားများထဲမှတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ငြင်းသည့်ပုံစံက တစ်မျိုးကြီးဖြစ်နေသလို ဗြောင်လိမ်ခဲ့ခြင်းလည်းဖြစ်သည်။

သမ္မတသည် အသက် ၂၀ ကျော် အလုပ်သင်ဝန်ထမ်း လူဝင်းစကီးနှင့် ဇာတ်ရှုပ်ခဲ့သည်ဆိုခြင်းကိုနောက်ပိုင်းမှာ အတည်ပြုနိုင်ခဲ့သည်။ လူဝင်းစကီး၏ သူငယ်ချင်းလည်းဖြစ်၊ အလုပ်အတူလုပ်သူလည်းဖြစ်သည့် လင်ဒါထရစ်က လူဝင်းစကီး၏ အသေးစိတ်ဝန်ခံချက်များကို အသံခိုးဖမ်းထားနိုင်ခဲ့သည်။

နောက်ပိုင်းစုံစမ်းစစ်ဆေးမှုများအရ လိမ်လည်ထွက်ဆိုမှုဖြင့် ကလင်တန်ကို စွဲချက်တင်နိုင်ခဲ့သလို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန် အောက်လွှတ်တော်က ကြိုးပမ်းသည်အထိ ဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၁ ရက်ကြာ အထက်လွှတ်တော်စုံစမ်းစစ်ဆေးမှုအပြီးတွင် စွပ်စွဲပြစ်တင်သည့် စွဲချက်အားလုံးမှ လွတ်မြောက်သွားခဲ့သည်။ 

သို့သော်လည်း ကလင်တန်က လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်ပါသည်ဟု တရားစွဲသောအခြားအမျိုးသမီးတစ်ဦးဖြစ်သည့် ပေါ်လာဂျုံးစ်၏အမှုတွင် လူဝင်းစကီးကိစ္စ ကျမ်းကျိန်ပြီး လိမ်လည်ထွက်ဆိုမှုဖြင့် တရားရုံး မထေမဲ့ဖြင့်ပြုမှုဖြင့် ထပ်အစွဲခံခဲ့ရကာ ဒဏ်ငွေ ၉၀၀၀၀ အရိုက်ခံခဲ့ရသည်။ အသက်မွေးဝမ်းကျောင်းအားဖြင့် ရှေ့နေတစ်ဦးဖြစ်သူ သမ္မတကလင်တန်မှာ အာကင်ဆောပြည်နယ်တွင် ရှေ့နေလိုက်ခွင့် ငါးနှစ်အပိတ်ခံခဲ့ရပြီးတရားရုံးချုပ်တွင် ရှေ့နေလိုက်ခွင့်ပါ အပိတ်ခံခဲ့ရသည်။

ထရမ့်/ဒန်နီယယ် နောက်ကြောင်းပြန်

စတုန်မီဒန်နီယယ်ဟူသောအနုပညာအမည်ဖြင့် အပြာကားများတွင် သရုပ်ဆောင်သူ စတက်ဖနီကလစ်ဒ်ဖို့ကသူသည် ထရမ့်နှင့် ၂၀၀၆ ခုနှစ်က နှစ်ဦးသဘောတူလိင်ဆက်ဆံခဲ့ဖူးသည်ဟုစွပ်စွဲထားသည်။ ဂေါက်သီးရိုက်ပြိုင်ပွဲကာလ ဟိုတယ်ခန်းတစ်ခုအတွင်း တစ်ကြိမ်သာဆက်ဆံခဲ့ကြသော်လည်း နောက်ပိုင်းအဆက်အသွယ်မပြတ်ခဲ့ဟု ဒန်နီယယ်ကဆိုသည်။ 

ထရမ့်ဇာတ်ရှုပ်သည်ဆိုသောအချိန်မှာ ဇနီးသည် မယ်လာနီယာက သားဖြစ်သူကို ကိုယ်ဝန်ဆောင်ထားချိန်လည်းဖြစ်ပြီး ထရမ့်ကတော့ မပတ်သက်ခဲ့ဟု ငြင်းထားသည်။

ယခုနှစ်အစောပိုင်းတွင် ထွက်ပေါ်လာသောသတင်းများအရ ၂၀၁၆ သမ္မတရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ ရှေ့နေမိုက်ကယ်ကို ဟင်ကဒန်နီယယ်ကို နှုတ်ပိတ်ခ ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့သည်ဟုဆိုသည်။

ယင်းနောက်ပိုင်းတွင် ထရမ့်၏ ဥပဒေအကြံပေးအဖွဲ့ကိုယ်တိုင်က ရှေ့နောက်မညီသော ကြေညာချက်အမျိုးမျိုး ထုတ်ပြန်နေခဲ့ရာထရမ့် ကိုယ်တိုင်ပင်ဒီကိစ္စကို ဘယ်လောက်သိသလဲဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့ရသည်။ ထရမ့်ရှေ့နေ ကိုဟင်ကိုယ်တိုင်က ဒန်နီယယ်ကိုပိုက်ဆံ ပေးခဲ့သည်ဆိုသောအချက်ကို ဝန်ခံထားသည်။ နောက်ဆုံးဥပဒေအတိုင်ပင်ခံအဖြစ် ငှားရမ်းထားသော နယူးယောက်မြို့တော်ဝန်ဟောင်း ဂူလီယာနီကလည်း ထရမ့်ကိုယ်စားကိုဟင်က ဒန်နီယယ်ကို နှုတ်ပိတ်ခပေးသည့် ရှေ့နေစိုက်ပေးထားသော ပိုက်ဆံကိုထရမ့်က ပြန်ပေးသည်ဆိုသောအချက်ကို မငြင်းပေ။ ဒန်နီယယ်က ဥပဒေအသုံးအနှုန်းအရဆိုလျှင် လျှို့ဝှက်ထားရှိမှုသဘောတူစာချုပ်ဟုခေါ်နိုင်သော နှုတ်ပိတ်စာချုပ်တွင် ထရမ့်ကိုယ်တိုင် လက်မှတ်မထိုးသည့်အတွက် တရားမဝင်ကြောင်း၊ ပယ်ဖျက်ပေးသင့်ကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ထားသည်။ ထို့အပြင်မကြာသေးမီကထရမ့်၏ တွစ်တာတွင် ရေးသားချက်မှာ မိမိကိုအသရေဖျက်ပါသည်ဟုဆိုကာ ဒန်နီယယ်က ထရမ့်ကို အသရေဖျက်မှုဖြင့် ထပ်တရားစွဲပြန်သည်။

ထရမ့် ရှုပ်ခဲ့သည်ထားဦး၊ သမ္မတမဖြစ်မီကကိစ္စသာဖြစ်သည်ဟု ခုခံမှုများလည်းရှိသည်။ ယင်းချေပချက်မှာ မှန်ကန်သော်လည်းမဲဆွယ်ကာလအတွင်း နှုတ်ပိတ်ခပေးသည်ဆိုလျှင် ဒေါ်လာတစ်သိန်းကျော်သောထိုငွေမှာ မဲဆွယ်ရန်ပုံငွေသုံးစွဲခွင့်နှင့် ငြိ၊ မငြိ ပြဿနာရှိလာသည်။ ထရမ့်ကိုယ်စား ရှေ့နေဖြစ်သူက စိုက်ပေးသည်၊ ထိုပိုက်ဆံကို ထရမ့်က သူ့ပိုက်ဆံထဲမှ ပြန်ထုတ်ပေးသည်ဟုဆိုထားသော်လည်း ငွေကြေးအသွားအလာတွင် မဲဆွယ်ရန်ပုံငွေနှင့် တစ်နည်းနည်းပတ်သက်ခဲ့လျှင် ပြည်ထောင်စုဥပဒေကို ချိုးဖောက်ရာရောက်နိုင်သည်။

နောက်တစ်ချက်ကသမ္မတဘယ်သူနှင့်အိပ်အိပ် ကိုယ့်ကိစ္စမဟုတ်ဆိုသော အယူအဆဖြစ်သည်။ သို့သော် ကလင်တန်ကိစ္စကတည်းက လူအများဝေဖန်ကြသည်မှာ သမ္မတတစ်ယောက်သည် ကျမ်းကျိန်ပြီးထွက်ဆိုရာတွင်ပင် လိမ်ချင်တိုင်းလိမ်နေလျှင် တခြားကိစ္စတွေမှာရော မလိမ်နိုင်ဘူးလား ဆိုသည့်ပြဿနာဖြစ်သည်။ 

ထရမ့်ကိစ္စတွင်လည်း ဝေဖန်သူတို့အဓိက ထောက်ပြသည်က ယုံကြည်မှုဆိုင်ရာပြဿနာဖြစ်သည်။ နှုတ်ပိတ်ခပေးရသည်ဆိုသောကိစ္စကို ကြည့်လျှင် ထရမ့်ကို ငွေညှစ်လို့ရနိုင်သည်ဆိုသည့်အချက်ကို တွေ့နိုင်သလို ပြည်ပနိုင်ငံများနှင့် ငွေရေးကြေးရေး ပတ်သက်ဆက်နွှယ်မှုများရှိနိုင်မလားဆိုသည်ကိုပါ စဉ်းစားစရာဖြစ်လာရသည်။

ထရမ့်နှင့် ကလင်တန်တို့၏ မတူညီသောဇာတ်လမ်းတွေမှာ အရေးပါသည့်ကိစ္စက အမျိုးသမီးများအပေါ် အမြင်ဖြစ်သည်။ မော်နီကာလူဝင်းစကီးက သူသည် အင်တာနက်ခေတ်ဦးတွင် ပထမဆုံးတစ်ကမ္ဘာလုံး၏ ဆိုက်ဘာအနိုင်ကျင့်ခံရသည့် အမျိုးသမီးဟုပင် နောက်ပိုင်းမှာ ပြန်ပြောခဲ့ဖူးသည်။ ငယ်ငယ်ရွယ်ရွယ် အလုပ်သင်ဝန်ထမ်းကောင်မလေး၏ ဇာတ်လမ်းမှာ လူအများက မိန်းကလေးဘက်ကိုပဲအပြစ်ဖို့ခဲ့ကြသည်။ သူ့မိသားစုဘဝ အဆင်မပြေဖြစ်ခဲ့သလို စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက်ပင် ကုသမှုခံယူခဲ့ရသည်။ အလုပ်ရဖို့ပင် ခက်သည့်ဘဝမျိုးကို ဖြတ်သန်းခဲ့ရပြီးအများရှေ့မှောက်မှ ၂၇ နှစ်ကြာ ပျောက်ကွယ်သွားခဲ့သည်။

၂၀၁၄ တွင် Vanity Fair မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်နှင့်အတူ လူဝင်စကီး လူမြင်ကွင်းပြန်ရောက်လာသည်။ တွစ်တာလူမှုကွန်ရက်တွင် အနိုင်ကျင့်မှု တိုက်ဖျက်ရေးလှုံ့ဆော်သူတစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။ လူမှုအပြောင်းအလဲအတွက် ရည်ရွယ်ကျင်းပသည့် ပွဲတစ်ပွဲမှာသူ့ကိုဖိတ်ပြီးထားခါမှ ကလင်တန်တက်မည်ဆို၍ သူ့ကို မတက်ခဲ့တော့ကြောင်းကို တွစ်တာမှာ ရေးသားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက သတင်းများကို မဖတ်ခဲ့ရသော ထောင်စုနှစ်ဖွားများအမြင်မှာတော့ လူဝင်းစကီးသည် သဘောကျစရာပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာသလို သူ့အကြောင်း အခုခေတ် သတင်းတင်ဆက်ပုံတွေကလည်း မတူတော့။ လူဝင်းစကီးသည် သမ္မတကြီးကို အပိုင်ချိုင်သော ဆတ်ကော့လတ်ကော့ မိန်းကလေးတစ်ဦးဟု မမြင်ကြတော့ဘဲ အာဏာပါဝါရှိသူများ၏ ဩဇာနှင့် ဆွဲဆောင်နိုင်စွမ်းကို မလွန်ဆန်နိုင်သောမိန်းကလေးများ လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာအလွဲလုပ်ခံရမှု၏ စံနမူနာပြဥပမာတစ်ခုဟု မြင်လာကြသည်။

စတုန်မီဒန်နီယယ်ကတော့ ဒီလိုမဟုတ်။ အပြာကားမင်းသမီးတစ်ယောက်က သမ္မတကိုခုတုံးလုပ်ပြီး နာမည်ကြီးရန်၊ ငွေညှစ်ရန်ကြိုးပမ်းခြင်းဟု အများမြင်စရာရှိသည်။ သို့သော်လည်း ခေတ်ကပြောင်းသွားပြီဆိုတော့ သူ့မှာလည်း ပြောပိုင်ခွင့်ရှိသည်ဆိုသည့်အချက်ကိုတော့ လက်ခံထားကြသည်။ 
ဒန်နီယယ်ကိုယ်တိုင်က သူ့ကိစ္စသည် ယခုနာမည်ကြီးနေသည့် အမျိုးသမီးများ မိမိအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရမှုကို အများသိအောင် ဖွင့်ဟသည့်လှုပ်ရှားမှု MeToo နှင့်မဆိုင်၊ အလိုတူ အလိုပါ ပျော်ပါးခဲ့ခြင်းသာဖြစ်သည်ဟု ဝန်ခံထားသည်။ 

သို့သော်လည်း MeToo သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ဖွင့်ချခြင်းဆိုသည်ထက်ကျယ်ပြန့်ပြီး အမျိုးသမီးများဘက်မှ ပြောပိုင်ခွင့်ရှိမှု၊ အမျိုးသမီးများဘက်မှ ဇာတ်လမ်းအပေါ် ယုံကြည်မှု၊ နားထောင်ပေးမှုများနှင့်ပါ ဆိုင်သည်ဟုယူဆမှုများလည်း ရှိလာခဲ့သည်။

ကလင်တန်အကြောင်း ပြန်ကြည့်လျှင် သူ့သမ္မတသက်တမ်းတစ်လျှောက် အကြီးကျယ်ဆုံး ကိုယ်ရေးကိုယ်တာပြဿနာဟူ၍ လူဝင်းစကီးကိစ္စသာ ပြောစရာရှိသည်။ ထရမ့်ကတော့ သမ္မတနှစ်နှစ်သာ ရှိသေးချိန်အတွင်း ဒန်နီယယ်ကိစ္စမှာ သူကြုံနေရသောပြဿနာပေါင်းစုံအနက်မှ တစ်ခုမျှသာ ဖြစ်သည်။ ထရမ့်ရော ကလင်တန်လို ရှင်ကျန်နိုင်မည်လား။ ဇာတ်လမ်းအလှည့်အပြောင်းတွေက ဘယ်လိုလာမလဲ မသိသေးချိန်မှာပြောဖို့က စောလွန်းနေသည်။

Ref - BBC

  • TAGS