News

POST TYPE

ARTICLE

လမ်းဘေးကလေး
03-Jun-2018 tagged as



ဆာတန်ဒါရှာမာအသက် ၁၃ နှစ်အရွယ်တွင် အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ကိုချခဲ့ရသည်။ အကြမ်းပတမ်းညှဉ်းပန်းသောဖခင်နဲ့ အတူနေမလား၊ ထွက်ပြေးပြီး လမ်းဘေးကလေးဘဝကိုခံယူမလား ဆိုသည်ကိုဆုံးဖြတ်ရခြင်း ဖြစ်သည်။ အိမ်ကထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပြီး နယူးဒေလီရှိ လမ်းဘေးကလေးငါးသောင်းဝန်းကျင်အနက် တစ်ဦးအပါအဝင် ဖြစ်သွားသည်။ လိင်ကုန်ကူးမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ကလေးလုပ်သားပြဿနာများက နယူးဒေလီတွင် အမြင့်ဆုံးရှိနေသည်။ 

ဆာတန်ဒါသည် ယခုအခါ လူကြီးတစ်ယောက် ဖြစ်နေလေပြီ။ သူကြုံတွေ့ခဲ့ရသည့် ဆိုးရွားသော ဇာတ်လမ်းများကို ကိုယ်တိုင်ဖန်တီးသော Operation Change အမည်ရ မှတ်တမ်းရုပ်ရှင်ဖြင့် ပြန်လည်မျှဝေပြောပြနေသည်။ လမ်းဘေးကလေးများအတွက် အမိုးအကာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ပေးသော ပရဟိတအဖွဲ့ဖြစ်သည့် Salaam Baalak Trust အဖွဲ့နဲ့အတူ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားသူများဆောင်ရွက်နေကြပုံကို ကင်မရာများဖြင့် လိုက်လံမှတ်တမ်းတင်ထားသည်။ 

“ကျွန်တော့်အဖေကမိသားစုကို အမြဲတမ်းရိုက်တယ်။ ဘာမှမမှားလည်းရိုက်တာပဲ။ တစ်ရက်တော့ အဖေကအမေ့ကိုရိုက်လိုက်တာ အမေသေသွားတယ်” ဟု ၎င်းက ပြန်လည်ပြောပြသည်။ သူ့အဖေနဲ့ ဆက်နေခဲ့ပြီး တစ်ရက်တော့ တစ်နေကုန်အရိုက်ခံရသည်။ လမ်းဘေးတွင် နေရသည်က အိမ်မှာနေရသည်ထက် ပိုလုံခြုံကြောင်းသူဆုံးဖြတ်လိုက်သည်။ “လမ်းဘေးမှာနေရင် ရဲကပဲရိုက်မယ်၊ ဒါပေမဲ့ တစ်ရက်ကို တစ်ခါနှစ်ခါလောက်ပဲအရိုက်ခံရမယ်။ အဖေ့လိုတော့ တစ်နေကုန် ရိုက်မှာမဟုတ်ဘူး” ဟု ဆာတန်ဒါရှာမာက ပြောကြားသည်။ 

လွတ်မြောက်ဖို့အတွက် ကိုယ့်ဘာသာစီစဉ်လိုက်သည်။ နယူးဒေလီသို့ သွားမည့်ရထားပေါ်သို့ ကောက်တက်လိုက်ခြင်းဖြစ်သည်။ ရထားလက်မှတ်အတွက် ပိုက်ဆံကလည်းမရှိပေ။ ဆာတန်ဒါသည် အိမ်သာခန်းတစ်ခန်းထဲတွင် အထဲကပိတ်ထားလိုက်ပြီး ရှစ်နာရီကြာ ရထားစီးသွားခဲ့သည်။ “ကျွန်တော် တော်တော်ဗိုက်ဆာတယ်။ မောလည်းမောတယ်။ အဖေ့ကိုလည်းကြောက်နေမိတယ်” ဟု ၎င်းက ပြောကြားသည်။ 

လမ်းဘေးတွင် တောင်းရမ်းစားသောက်နေစဉ် လက်ဖက်ရည်ဆိုင်မှလူက အဓမ္မလုပ်အားခိုင်းစေခြင်းကို ပြုလုပ်ခဲ့သည်။ “မင်းအလုပ်လုပ်ပေးရမယ်။ ဒါမှမဟုတ်ရင် ငါရဲကိုဖုန်းဆက်လိုက်မယ်။ ဒါဆိုသူတို့က မင်းကိုထောင်ထဲကိုပို့မယ်” ဟု ခြိမ်းခြောက်ကာ အလုပ်လုပ်ခိုင်းခြင်းဖြစ်သည်။ ဆာတန်ဒါသည် ထိုလူထံမှလည်း ထပ်ပြီးထွက်ပြေးရပြန်သည်။ နောက်ဆုံးတော့ သူယုံကြည်နိုင်မည်ဟုယူဆရသည့် အမျိုးသမီးတစ်ဦးကိုသွားတွေ့သည်။ “အန်တီကမင်းကို အစားအစာ၊ ငွေ၊ ကစားစရာနဲ့ ပညာသင်ပေးမယ်။ ဒါမှမဟုတ် အိမ်ပြန်ချင်တယ်ဆိုရင် အိမ်လိုက်ပို့ပေးမယ်” ဟု ပြောခဲ့သည်။ ဆာတန်ဒါရှာမာသည် အဆိုပါအမျိုးသမီးနှင့် လိုက်သွားရန်အတွက် သဘောတူခဲ့သည်။ ထိုအမျိုးသမီးနှင့် တွေ့ရချိန်တွင် သူထမင်းမစားရသည်မှာ ၁၀ ရက်ရှိလေပြီ။

အမျိုးသမီးသည် လမ်းဘေးကလေးငယ် ဆာတန်ဒါကို Salaam Baalak Trust ဂေဟာကို ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အစားအစာနှင့် အဝတ်အစားများရခဲ့သည်။ ဆာတန်ဒါသည် ယခုအခါ ဂေဟာ၏ အားကိုးရသော စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်နေလေပြီ။ အိမ်ခြေမဲ့ ကလေးငယ်များကို ကူညီစောင့်ရှောက်ရသော အလုပ်များကို မမောနိုင်မပန်းနိုင် လိုက်လုပ်ပေးသည်။ ကလေးများသည် လူကြီးများကိုမယုံကြည်တော့သဖြင့် ထိုအလုပ်က လွယ်လှသည့်အလုပ်မဟုတ်ဟု ဆာတန်ဒါရှာမာက ပြောကြားသည်။ သူကိုယ်တိုင် ထိုသို့ လမ်းဘေးကလေးဖြစ်ဖူးသဖြင့် ဘာကြောင့်ဆိုတာကို သူနားလည်ပါသည်။ 

ဆာတန်ဒါသည် ၎င်း၏ ဇာတ်လမ်းကို အိန္ဒိယပြည်သူများသို့ ဝေမျှကာ အရေးတယူတစ်ခုခုပြုလုပ်ကြရန် တိုက်တွန်းသကဲ့သို့၊ လမ်းဘေးကလေး စောင့်ရှောက်ရေးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးနေသည်။ ဆာတန်ဒါသည် သူတွေ့ဖူးသမျှထဲတွင် သတ္တိအကောင်းဆုံးဖြစ်သည်ဟု Operation Change အဖွဲ့သားကားလို့စ်ပက်ဇ်က ပြောကြားသည်။ ဘဝမှာတွေ့ကြုံခဲ့ရသည်များက သူ့ကိုသတ္တိကောင်းအောင်လုပ်ပေးလိုက်သည်။ မိမိကြုံခဲ့ရသော အနိဋ္ဌာရုံဆိုးများကို ပြန်လည်ဝေမျှပြောပြရင်း လမ်းဘေးကလေးငယ်များအရေးကို လူထုအာရုံစိုက်လာအောင် လုပ်ရသည့် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ်က တကယ်တော့ ဖွင့်ဟပြောပြရန် သတ္တိလိုပါသည်။

သန့်ဇင်စိုး

  • TAGS