News

POST TYPE

ARTICLE

တောင်တရုတ်ပင်လယ်တွင် တရုတ်ဗုံးကြဲလေယာဉ်များတပ်စွဲမှု စိုးရိမ်မိကြောင်း ဖိလစ်ပိုင်ထုတ်ပြန်
22-May-2018
မနီလာ၊ မေ၂၁

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်များ တပ်စွဲမှုအပေါ် အလွန်စိုးရိမ်မိကြောင်း ဖိလစ်ပိုင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် သင့်လျော်သော သံတမန်ရေးဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရိုဒရီဂိုဒူတာတေး၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့်အပတ်က စစ်ရေးလေ့ကျင့် မှုတစ်စိတ်တစ်ဒေသအဖြစ် H-6K ကဲ့သို့သော ဗုံးကြဲလေယာဉ်များသည် တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းအတုများနှင့် ကျောက်တန်းများပေါ်ရှိ လေယာဉ်ကွင်းများပေါ်သို့ဆင်းသက်၊ ပျံတက်မှုများပြုလုပ်ခဲ့ကြောင်း တရုတ်လေတပ်က ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စအပေါ် ဖိလစ်ပိုင်ရှိအတိုက် အခံလွှတ်တော်အမတ်များက ဒေါသတကြီး တုံ့ပြန်ခဲ့သလို အမေရိကန်ကလည်းအငြင်းပွားရေပိုင်နက်သို့ စစ်သင်္ဘောများစေလွှတ်ခဲ့သည်။

တောင်ရုတ်ပင်လယ်ပြင်တွင် တရုတ်ဗုံးကြဲလေယာဉ်များ တပ်ဖြန့်ချထားမှုကို ဖိလစ်ပိုင်အနေနှင့် ကိုယ်တိုင်ကိုယ်ကျ အတည်ပြုနိုင်ခြင်းမရှိကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရီရော့ခ်က ပြောကြားသည်။

“ဒါပေမဲ့သတင်းတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒေသတွင်းငြိမ်းချမ်း ရေးနဲ့တည်ငြိမ်မှုထိန်းသိမ်းရေး အားထုတ်မှုတွေအပေါ်မှာ သက်ရောက်မှုရှိလာမှာကို စိုးရိမ်မိတယ်လို့ ဖော်ပြပါရစေ” ဟု ရော့ခ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “မိမိတို့ပိုင်ဆိုင်ကြောင်း ရပ်တည်ချက်ကို ကာကွယ်ရန် သံတမန်ရေးအရ သင့်လျော်သလို ဆောင်ရွက်လျက်ရှိသလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တရုတ်၏လုပ်ရပ်ကို ပေါ်ပေါ်ထင်ထင်ရှုတ်ချမှုမျိုးမလုပ်ဆောင်ခဲ့ပေ။

တရုတ်နိုင်ငံသည် ပထဝီအနေအထားနှင့် နိုင်ငံတကာရေကြောင်းဥပဒေများအရ တောင်တရုတ်ပင်လယ် တစ်ခွင်လုံးကို ပိုင်ဆိုင်စရာအကြောင်း မရှိသော်လည်း သမိုင်းအစဉ်အလာအရ ပင်လယ်ပြင်တစ်ခွင်လုံးနီးပါး ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။ ယင်းရေလမ်းကြောင်းမှ နှစ်စဉ်ကုန်စည်အမေရိကန်ဒေါ်လာ ၃ ထရီလီယံဖိုး ဖြတ်သန်းသွားလာလျက်ရှိရာ မဟာဗျူဟာ ကျသည့်နေရာဖြစ်သည်။ ရေနံနှင့်ဓာတ်ငွေ့ သယံဇာတများလည်းရှိနေရာ တရုတ်အပြင် တောင်တရုတ်ပင်လယ်ပြင်နှင့် ထိစပ်နေသော ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့သည်လည်း အငြင်းပွားလျက်ရှိသည်။

တရုတ်သည် စပရက်လီကျွန်းစုတွင် ကျွန်းတုခုနစ်ခုတည်ဆောက်ခဲ့ပြီး ယင်းကျွန်းတုများတွင် လေတပ်စခန်းများ၊ ရေဒါစခန်းများ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ တည်ဆောက်ထားသည်။

F-03