News

POST TYPE

ARTICLE

အမုန်းစကားတားဖို့ အသင့်ဖြစ်ပြီလား
23-Jul-2016 tagged as

တိုင်းရင်းသားများ အချင်းချင်း သွေးကွဲစေသော စကားကိုလည်း ဆိုခဲ့ဖူးပြီ။ ဘာသာတရားတစ်ခုနှင့် တစ်ခုအကြား နှိမ့်ချပြောဆိုမှုကိုလည်း ပြောဆိုဖူးခဲ့ပြီ။ ကျား၊ မ ခွဲခြား၍လည်း ဆက်ဆံခဲ့ဖူးပြီ။ 

နောင်တွင် ထိုသို့ပြုခွင့်ရတော့မည် မဟုတ်ချေ။

အကြောင်းမှာ အမုန်းစကားများကို ဟန့်တားရန် အမုန်းစကား (Hate Speech) ဖြန့်ဝေမှု တားဆီးရေး ဥပဒေကို ရေးဆွဲလျက်ရှိပြီ ဖြစ်သည်။ ဥပဒေအမည်က ‘လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီးကာကွယ်ရေးနှင့် မတူကွဲပြားသည့် ဘာသာဝင်များကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဥပဒေမူကြမ်း’။ 

ယင်းသို့ဆိုလျှင် အမုန်းစကားဟူသည် အဘယ်နည်း။ အမုန်းစကား၏ ဆိုးကျိုးများကား အဘယ်နည်း အစရှိသည်တို့ကို ဆန်းစစ်ကြည့်ရန် လိုလာသည်။

“အမုန်းတရားရဲ့ အဓိကအဓိပ္ပာယ်က အကြမ်းဖက်မှုမှာ အဆုံးသတ်စေတဲ့ စကား။ အစပိုင်းမှာတော့ အမုန်းတရားစကား။ အဆုံးပိုင်းမှာတော့ အကြမ်းဖက်မှုနဲ့ အဆုံးသတ်စေတဲ့ မလိုမုန်းထား ပြောစကားပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

အမုန်းစကားဟူသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုကို ရည်ရွယ်၍ ကျား၊ မ၊ တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းနှင့် လိင်ပိုင်းဆိုင်ရာ စသည်တို့ကို အခြေခံ၍ ဥပဒေပ ပြောဆိုမှုတို့ပင် ဖြစ်သည်။ ယင်းသည် နိုင်ငံတကာ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖြစ်သည်။ အချို့သော နိုင်ငံများတွင်မူ အမုန်းစကား ပြောဆိုရာ၌ လက်ဟန်ခြေဟန်ဖြင့် ပြသခြင်း၊ စာဖြင့် ရေးသားခြင်း၊ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများတွင် ဖော်ပြခြင်းတို့လည်း အကျုံးဝင်သည်။ 

အမုန်းစကားများသည် ပြီးခဲ့သည့် ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခတို့တွင် အင်တာပေါ်၌ အကြီးအကျယ် ပျံ့နှံ့ခဲ့သည်။ တစ်ဖွဲ့နှစ်တစ်ဖွဲ့၊ ဘာသာတစ်ခုနှင့်တစ်ခု အကြား မယုံသင်္ကာ ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ရေးသေားပြောဆိုသော အမုန်းစကားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တွေ့ခဲ့ရသည်။ ယင်း၏ အကျိုးဆက်မှာ တည်ငြိမ်မှု ပျက်ပြား၍ မင်းမဲ့စရိုက်ဆန်သော ကိစ္စများ ပေါ်ပေါက်လာပြီး ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ခြင်းပင် ဖြစ်သည်။

ယင်းကိစ္စများ ဖြစ်ပေါ်ပြီးနောက် ဘာသာရေး၊ လူမျိုးရေး မငြိမ်းသော မီးများသည် ရန်ကုန်သို့ ဆက်လက်ပျံ့နှံ့ခဲ့ပြီး မြို့တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားရသည်အထိ ဆိုးရွားခဲ့သည်။ တာမွေမြို့နယ်တွင် မည်သို့မည်ပုံ ဖြစ်ပျက်နေပြီဟူသည် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများမှာလည်း အင်တာနက်ပေါ်တွင်  ပျံ့နှံ့ခဲ့သည်ကို ကြုံတွေ့ခဲ့ရဖူးသည်။ ယင်း၏ အကျိုးဆက်ကြောင့် ဘာသာ၊ လူမျိုး မတူသူများအကြား တစ်ဖက်နှင့် တစ်ဖက် မယုံကြည်စိတ် ပိုမိုမြင့်တက်လာခြင်းပင်။

သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် အမုန်းစကား ဖြန့်ဝေသူများကို အရေးယူမည် ဖြစ်ကြောင်း ကြွေးကြော်ခဲ့သော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

မြန်မာနိုင်ငံသည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂၁)၊ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၃၆၄) တို့တွင် နိုင်ငံသားများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံခဲ့သော်လည်း အရေးယူမှု အပိုင်းတွင် အားနည်းခဲ့သည်။ 

လက်ရှိတွင် ဘာသာရေးနှင့် ပတ်သက်သည့် အမုန်းတရား ပြောဆိုမှုများကို ဘာသာရေးအရ စိတ်နာကျည်းစေမှု ၂၉၅ (က) ဖြင့် သွယ်ဝိုက်အရေးယူနေကြရသည်။ 

“ရာဇသတ်ကြီးမှာလည်း မီးရှို့မှုတွေ ဖြစ်လာအောင် လှုံဆော်တယ်ဆိုရင် ပုဒ်မ ၄၃၆၊ လူသတ်မှုဆိုရင် ပုဒ်မ ၃၀၂ ပေါ့။ အရေးယူတဲ့အပိုင်း ရှိသလို မျက်စိပိတ် နားမကြားတဲ့ အပိုင်းလည်း ရှိတယ်။ တိုင်တဲ့သူ မရှိလို့ဆိုတဲ့ စကားက အင်မတန်မှ တာဝန်မဲ့စွာ ပြောတဲ့စကားပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတွင် ဘာသာရေး အကြောင်းပြ မဲဆွယ်မှုများ၊ ဘာသာရေးကို ခုတုံးလုပ်၍ အမုန်းစကား ဖြန့်ဝေမှုများကို တွေ့ကြုံခဲ့ရသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များက ဆိုကြသည်။ မြန်မာနိုင်ငံတွင် ဘာသာရေး အသုံးချ နိုင်ငံရေး လှုပ်ရှားမှုများမှာ မထူးဆန်းတော့ချေ။

“ရွေးကောက်ပွဲ အကြိုကာလမှာ ကတည်းက ဘယ်ပါတီကို မဲထည့်ပါ။ ဘယ်ပါတီကို မဲမထည့်နဲ့ ဆိုတာမျိုးတွေအထိ လုပ်လာတဲ့အခါကျ ဒါက ဘာသာရေးသက်သက်၊ လူမျိုးရေးသက်သက်ကို ဦးတည်ပြီး လုပ်နေကြတာ မဟုတ်ဘူး။ နိုင်ငံရေ အကျိုးအမြတ်၊ ရည်ရွယ်ချက်တစ်ခု အတွက် လုပ်နေကြတာလို့ အရှင်းဆုံးမြင်တယ်” ဟု ဦးထင်လင်းဦး (Wisdom Villa) က ဆိုသည်။

ဦးထင်လင်းဦးသည် ဘာသာ၊ သာသနာအပေါ် အကြည်ညို ပျက်စေရန် ဟောပြောသည်ဟု ဆိုကာ ထောင်နှစ်နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ 

ပြည်တွင်း၌ အမုန်းစကား ဖြန့်ဝေမှု အားကောင်းခဲ့သကဲ့သို့ ယနေ့ကမ္ဘာတွင်လည်း အမုန်းစကား ဖြန့်ဝေမှုများက ခေတ်စားနေသည်။

ထောင်ပေါင်းများစွာသော ဆီရီးယား စစ်ဘေးဒုက္ခသည်များ ထွက်ပြေးနေရချိန်တွင် မွတ်ဆလင်များ အမေရိကသို့ လာရောက်လည်ပတ်ခြင်းကို ခေတ္တပိတ်ပင်ထားရန် ပြောကြားခဲ့သည့် အမေရိကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်နယ်ထရန့်ကို အမုန်းစကား ဖြန့်ဝေသူဟု အများက ကင်ပွန်းတပ်ကြသည်။ 

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် သတင်းထောက်များ၏ အသက်ကို မကာကွယ်ပေးနိုင်ဟု ပြောဆိုခဲ့သော၊ ရာဇဝတ်ကောင်များကို ရက်စက်စွာ နှိမ်နင်းတတ်သော ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည်လည်း ထို့နည်းအတူ တံဆိပ်ကပ် ခံရသည်။

ပြည်တွင်း၌လည်း အမျိုးသားရေးဝါဒီများ အဖြစ် သမုတ်ခြင်း ခံနေရသည့် ဆရာတော် ဦးဝီရသူ၊ ဦးနေမျိုးဝေတို့သည်လည်း အမုန်းစကား ဖြန့်ဝေသူများအဖြစ် အများက ရှုမြင်ခံကြရသည်။ 
“အမုန်းစကားလို့ ထင်တယ်ဆိုရင် ဖြေရှင်းနိုင်တာတွေ ရှိပါတယ်” ဟု ဦးနေမျိုးဝေက တုံ့ပြန်ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ကမူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမုန်းစကား ပြောဆိုမှုများအတွက် သတင်းစကားတစ်ခု ပါးလိုက်သည်။

လက်ရှိတွင် ပြည်တွင်း၌ အမုန်းစကား ပြောဆိုမှု တားဆီးရေး ဥပဒေကို ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ အမုန်းစကား ဖြန့်ဝေသူများကို ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ သတ္တမအကြိမ်မြောက် နိုင်ငံတာ် သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။ 
“ဥပဒေမူကြမ်းတစ်ခု ရေးဆွဲဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့များကို မန္တလေးတွင် လည်းကောင်း၊ ရန်ကုန်တွင် လည်းကောင်း တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

ပြည်ထောင်စုဝန်ကြီး၏ တာဝန်ပေးချက်အရ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က အမုန်းစကား ဖြန့်ဝေမှု တားဆီးရေး ဥပဒေကြမ်းကို ရေးဆွဲခဲ့သည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို နိုင်ငံသားတိုင်း အပြည့်အဝ ရရှိရေး၊ ဘာသာတစ်ခုနှင့်တစ်ခု အကြား နှိမ့်ချဆက်ဆံမှုကို ကာကွယ်ပေးနိုင်ရေးနှင့် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုမှုကို ကာကွယ်နိုင်ရေးအတွက် ဖြစ်သည်ဟု အဆိုပါ အဖွဲ့ကြီး၏ ဗဟိုအလုပ်အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဥပဒေကြမ်းမှာ ရေးဆွဲပြီး ဖြစ်သည်။ ဥပဒေ ရေးဆွဲရာတွင် စင်ကာပူနိုင်ငံ Maintenance of Religious Harmony Act ၏ ကျောရိုးကိုယူ၍ ရေးဆွဲထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အစ္စလာမ္မစ်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ရှိ ပြဋ္ဌာန်းထားသော ဥပဒေကို ကျောရိုးမယူဘဲ ဘာသာစုံ သဟမျှတစွာ နေထိုင်သည့် စင်ကာပူနိုင်ငံကို အတုယူ၍ ဥပဒေကို ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးကျော်ငြိမ်းက ဆိုသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို သာသနာရေး ဝန်ကြီးဌာနမှ ပညာရှင်များနှင့် ထပ်မံဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ပြီးနောက် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။ လွှတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ပြည်သူများထံမှလည်း အကြံပြုချက်များ ရယူရမည် ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းတွင် အမုန်းစကား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အမုန်းစကား ဖြန့်ဝေမှုအတွက် သတ်မှတ်ချက်နှင့် အရေးယူရန် အချက်များစွာကို ထည့်သွင်းထားပြီး ပြစ်မှုနှင့် ပြစ်ဒဏ်ကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများ စဉ်းစားကြရန် ဖြစ်သည်ဟု ဦးကျော်ငြိမ်းက ဆိုသည်။

အမုန်းစကား ဖြန့်ဝေမှု တားဆီးရေး ဥပဒေသည် ယခုတစ်ကြိမ်မှ ပထမဆုံးအကြိမ် သတင်းထွက်လာခြင်း မဟုတ်ပေ။ အမုန်းစကား ဖြန့်ဝေမှု တားဆီးရေး ဥပဒေကို ပထမဆုံး တင်သွင်းသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဖြစ်သည်။ ရခိုင်အရေးနှင့် မိတ္ထီလာအရေးများအပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က အဆိုပါ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့သော်လည်း အရာမထင်ခဲ့ပေ။ 

ဦးကိုနီသည် တရားလွှတ်တော် အဆောက်အအုံကို ပြည်သူပိုင် ပြန်ဖြစ်ရေး မြန်မာနိုင်ငံရှေ့နေများ အသင်း၏ ၂၀၁၂ ခုနှစ် လှုပ်ရှားမှုမှ တစ်ဆင့် လူသိများလာခဲ့သူ ဖြစ်သည်။

အစိုးရသစ်လက်ထက် အရောက်တွင် ဦးကိုနီသည် အဆိုပါ ဥပဒေကြမ်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ပူးပေါင်းအဖွဲ့ (ဗဟို) ထံသို့ ပေးပို့ခဲ့သည်။ အဆိုပါ အဖွဲ့ကြီးသည် ဦးကိုနီ ပေးပို့လာသည့် ဥပဒေကြမ်းနှင့် ၎င်းတို့ ရေးဆွဲထားသည့် ဥပဒေကြမ်းတို့ကို သာသနာရေး ဝန်ကြီးဌာနထံ တင်ပြမည်ဖြစ်သည်ဟု ဦးကျော်ငြိမ်းက ဆိုသည်။

The Voice မှ မေးမြန်ချက်အရ အမုန်းစကားဖြန့်ဝေမှု ဟန့်တားရေး ဥပဒေ ရေးဆွဲရန် မည်သူမျှ မကန့်ကွက်ခဲ့ကြပါ။ သို့သော်လည်း ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ထောက်ပြကြသည်များ ရှိသည်။ စဉ်းစားချက်များမှာ မြန်မာဘာသာ မဟုတ်သည့် အခြားသော ဘာသာဖြင့် အမုန်းစကား ပြောဆိုမှုကို မည်သို့ ထိန်းကျောင်းမည်နည်း။ အမုန်းစကားဖြန့်ဝေမှု တားဆီးရေး ဥပဒေသည် လူ့အခွင့်အရေးစံကို ထိန်းသိမ်းနိုင်မည်လော။ အရေးကြီးသည်မှာ ဖွဲ့စည်းပုံကို မကျော်လွန်ရန်ပင် ဖြစ်သည်။

အမုန်းစကားများ ဖြန့်ဝေမှုတွင် မြန်မာဘာသာဖြင့် ပြောဆိုရေးသားသည်ကို အလွယ်တကူ သိမြင်ကြားနိုင်သော်လည်း အခြားဘာသာဖြင့် ပြောဆိုရေးသားမှုများကိုမူ သိနိုင်ရန် မလွယ်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားသည်။
“ဥပမာ အထူးသဖြင့် ဘူးသီးတောင် မောင်တောဒေသမှာဆိုရင် ဝတ်ပြုကိုးကွယ်တဲ့အခါမှာ ပြောကြားတဲ့ စကားတွေ အားလုံးက ဘင်္ဂလီ ဘာသာစကားနဲ့ ပြောတာကိုး။ အာရေဗီ ဘာသာစကားနဲ့ ရေးသားဖြန့်ဝေတယ်။ အဲဒါတွေမှာ ဘယ်ဟာတွေက Hate Speech ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို ကျွန်တော်တို့ တိတိကျကျ သိနိုင်တဲ့အစွမ်း ရှိပြီလား။ နောက်တစ်ခါ ကျန်တဲ့တိုင်းရင်းသား ဘာသာစကားထဲမှာရော” ဟု ၎င်းက ဆိုသည်။

အမုန်းစကားဖြန့်ဝေမှု တားဆီးရေးဟု ဆိုလိုက်သည်နှင့် လူ့အခွင့်အရေးစံနှုန်းတစ်ရပ် ဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်က တွဲလျက်ကပ်ပါလာသည်။ အမုန်းစကား ဟန့်တားမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်နှင့် မဆန့်ကျင်ရန်လည်း လိုအပ်သည်။

ထိုပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေတို့နှင့် မဆန့်ကျင်လျှင် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ချက်တို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သည်ဟု ဖော်ပြထားရာရေ သောက်မြစ်ဖွဲ့စည်းပုံကို မကျော်လွန်ရန် အရေးကြီးသည်။

“အမေရိကန်မှာဆို Hate Speech နဲ့ ပတ်သတ်တဲ့ ဥပဒေ မရှိဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ပြောသလိုပဲ လွတ်လပ်စွာ ပြောဆိုခွင့်။ အလံကို မီးရှို့ရင်တောင် ဒီကိစ္စကို အရေးမယူဘူး။ သူက ဒီဘက်အစွန်းပေါ့နော်။ ဥရောပမှာကျတော့ Hate Speech ဥပဒေ ရှိတယ်။ ဒါပေမဲ့ အနက်ဖွင့်တာကို အမျိုးမျိုး ကွဲပြားနေတယ်။ တချို့နိုင်ငံတွေက သိပ်ပြီး တင်းကျပ်လွန်းအားကြီးတယ်။ တချို့နိုင်ငံတွေကျတော့ မျှတတယ်” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

လူ့အခွင့်အရေးစံနှုန်းနှင့် အမုန်းစကားအကြား ခပ်ပါးပါး မျဉ်းလေးသာ ခြားထားပြီး နိုင်ငံများအလိုက် Hate Speech ကို ဖွင့်ဆိုပုံ မတူကြောင်း ၎င်းက ပြောကြားသည်။ အိန္ဒိယကဲ့သို့သော ဒီမိုကရေစီ ဘိုးအေနိုင်ငံတွင်ပင် Hate Speech ကဲ့သို့ ဥပဒေမျိုးသည် နယ်ပယ်များရှိ ကိုးကွယ်ရာအလိုက် အမျိုးမျိုး ကွဲပြားသည်။ 

“ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးခုံရုံးက ပြောတဲ့အထဲမှာ အဓိကအချက်က နားထောင်တဲ့သူ မကြိုက်ရုံနဲ့ Hate Speech လို့ ပြောလို့မရဘူး။ ဘာသာတစ်ခု၊ အယူအဆတစ်ခုကို ဝေဖန်သုံးသပ်တဲ့အမြင်နဲ့ ပြောတာကိုလည်း Hate Speech လို့ ပြောလို့မရဘူး။ ဒီလိုမျိုးတော့ ရှိတယ်” ဟု ၎င်းက သတိထားရမည့် အချက်များကို ရှင်းပြသည်။

မည်သို့ပင်ဖြစ်စေ NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီကမူ အစိုးရတစ်ရပ် အနေနှင့် ဘာသာစကား နားမလည်၍ လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းမှုကို နှောင့်နှေးမနေသင့်ကြောင်း ပြောကြားသည်။
“အစိုးရမင်းများဟာ အာဏာရှိပါတယ်။ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဘယ်စကားနဲ့ပဲပြောပြော ကုလားလိုပြောပြော၊ တရုတ်လိုပြောပြော။ ဗမာလိုပြောရင် နားလည်တယ်။ ခင်ဗျားတို့က ဗလီတွေမှာ အာရေဗီစကားနဲ့ အမုန်းစကားပြောရင် ဘယ်လိုလဲဆိုတော့ ခင်ဗျား အသံဖမ်း။ အာရေဗီစကားတတ်တဲ့ ဗုဒ္ဓဘာသာ အများကြီး ရှိတယ်။ ဘာသာပြန်ခိုင်း၊ ပြီးရင် တရားစွဲ။ သေဒဏ်ပေးလိုက်။ ကျွန်တော် ဆိုလိုတာက အစိုးရက ဘာသာစကား နားမလည်ရင် အစိုးရက အစိုးရ မလုပ်နဲ့တော့ ကျွန်တော် ဒါပဲပြောလိုက်မှာ” ဟု ၎င်းက ဆိုသည်။

“ဖြစ်စေချင်လား၊ မဖြစ်စေချင်ဘူးလား ဆိုတာ စေတနာပဲဗျ” ဟု ၎င်းက ဆက်ပြောလိုက်သေးသည်။

အေးချမ်းသော ဗုဒ္ဓဘာသာဝင်နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားနေသောကြောင့် ကမ္ဘာတွင် လူများစုများသာ နာမည်ပျက်ရပြီး ယင်းအချက်ကို ယခုဥပဒေက ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း ဦးကိုနီက ဆိုသည်။

“မြန်မာပြည်မှာ စိစစ်ကြပ်မတ်မယ်ဆိုရင် နိုင်ငံခြားဘာသာနဲ့ရေးတဲ့ စာတွေဆို သူရဲ့ဘာသာပြန်လိုမျိုး မရှိဘူးဆိုရင် စောင့်ကြည်တဲ့ နေရာမှာလည်း အားနည်းနိုင်တယ်” ဟု ဦးနေမျိုးဝေက ၎င်း၏ အမြင်ကို ထုတ်ဖော်သည်။

ဦးရဲထွဋ်ကမူ ယခုဥပဒေအတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်သင့်ပြီး ယင်းသို့ မဟုတ်ပါက တစ်ဖက်ဖက်ကို ဖိနှိပ်သလို ဖြစ်သွားနိုင်ကာ အခြေအနေ ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးသည်။

မည်သို့ပင်ဆိုစေ ဥပဒေမူကြမ်းက ရေးဆွဲပြီး ဖြစ်သည်။ မကြာမီလပိုင်းအတွင်း ဥပဒေမူကြမ်းလည်း ထွက်နိုင်ဖွယ်ရှိသည်။ လူ့အခွင့်အရေးကို ချိုးဖောက်သော၊ ဘာသာစကားပေါင်းစုံဖြင့် ပြောသည့် အမုန်းစကားကို ထိန်းကွပ်နိုင်သော ဥပဒေဟုတ် မဟုတ်ကိုကား စောင့်ကြည့်ရမည် ဖြစ်သည်။ 

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ဗဟိုအလုပ်အမှုဆောင် ဦးကျော်ငြိမ်းကမူ အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ယခုလို ဆိုသည်။
“ဒါက မွတ်ဆလင်နဲ့ အစ္စလာမ် ဘာသာကို ကာကွယ်တဲ့ ဥပဒေမ ဟုတ်ပါဘူး။ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ဘာသာရော၊ အစ္စလာမ်ဘာသာရော၊ ဟိန္ဒူဘာသာရော ကာကွယ်တဲ့ ဥပဒေပါ” 

ရဲနိုင်ဦး၊ မြတ်နိုးခင်

  • TAGS