News

POST TYPE

ARTICLE

ကမ္ဘာတစ်ဝန်း အလုပ်သမားနေ့ ဆန္ဒပြမှုများပေါ်ပေါက်၊ ငြိမ်းချမ်းစွာ လှည့်လည်မှုများ ရှိသလို ဆူပူအုံကြွမှုများလည်းရှိ
03-May-2018

ဘာလင်၊ ဧပြီ ၂ 

မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့က ကမ္ဘာ့နိုင်ငံ အတော်များများတွင် အလုပ်သမားများနှင့် အစိုးရ အတိုက်အခံများက ချီတက်ဆန္ဒပြခဲ့ကြရာ အချို့သော ဆန္ဒပြပွဲများသည် ဆူပူအုံကြွမှုအသွင် ဆောင်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ခဲ့သော်လည်း အချို့မှာမူ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲပုံစံမျိုးဖြစ်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

မေဒေးဟုခေါ်သည့် အဆိုပါ အလုပ်သမားနေ့ ကမ္ဘာ့မြို့ကြီး အတော်များများတွင် အလုပ်သမားများက ချီတက်ဆန္ဒပြခဲ့ကြသည်။ အချို့ဆန္ဒပြမှုများမှာ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ရာမှ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြသူများက အစ္စတန်ဘူလ်မြို့ရှိ ဗဟိုရင်ပြင်သို့ ချီတက်ကာ အစိုးရကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများက “မေဒေး အဓွန့် ရှည်တည်တံ့စေ”ဟု အော်ဟစ်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ သတင်းများအရ တူရကီရဲတပ်ဖွဲ့က ဆန္ဒပြသူ ၄၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် အထည်ချုပ်လုပ်သား ၂၀၀၀ ကျော်ခန့်က အမျိုးသားလွှတ်တော်ရှိရာသို့ ချီတက်ကာ အလုပ်သမားများ၏ ခံစားခွင့် တိုးတက်ကောင်းမွန်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ သို့သော် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ချီတက်ဆန္ဒပြသူ အထည်ချုပ်လုပ်သားများကို ဟန့်တားခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံတွင်မူ ဆန္ဒပြသူ ၅၀၀၀ ကျော်ခန့်က မြို့တော်မနီလာရှိ သမ္မတရုံးအနီးသို့ ချီတက်ခဲ့ကြပြီး အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ရေးအတွက် တောင်းဆိုခဲ့ကြသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အလုပ်သမားသမဂ္ဂများ ဦးဆောင်မှုဖြင့် ဆန္ဒပြပြည်သူ ၅၅၀၀၀ ခန့်က ချီတက်ဆန္ဒပြကာ သမ္မတ အီမန်နျူယယ်မက်ခရွန်အနေနှင့် အလုပ်သမား မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

စပိန်နိုင်ငံတွင်လည်း မြို့ပေါင်း ၇၀ ကျော်၌ အလားတူ အလုပ်သမားနေ့ ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ မက်ဒရစ်မြို့တွင်မူ “အောင်ပွဲခံဖို့ အချိန်တန်ပြီ”ဟူသောဆောင်ပုဒ်ဖြင့် အလုပ်သမားများက ခံစားခွင့်များနှင့် လူနေမှု အဆင့်အတန်းများ မြင့်မားစေရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဂရိနိုင်ငံ အေသင် အပါအဝင် အခြား ဥရောပနိုင်ငံ အတော်များများတွင်လည်း ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြကြောင်း ဥရောပ မီဒီယာများက ဖော်ပြသည်။ 

ရုရှားနိုင်ငံတွင် အလုပ်သမားသမဂ္ဂများ ဦးဆောင်မှုဖြင့် လူပေါင်းတစ်သိန်း နှစ်သောင်းကျော်ခန့်က မော်စကိုမြို့ လမ်းမများပေါ်တွင် စီတန်းလှည့်လည်ခဲ့ကြသည်။ သို့သော် ယင်းဆန္ဒထုတ်ဖော်မှုသည် အာဏာပိုင်များက စီစဉ်သော ရုရှားအစိုးရ ထောက်ခံရေး လှုပ်ရှားမှုတစ်ရပ်သာ ဖြစ်သည်ဟု သတင်းဌာနများက ဖော်ပြသည်။

စိန့်ပီတာစဘဂ်မြို့တွင်မူ ရုရှားအစိုးရ ဆန့်ကျင်သူ ထောင်ပေါင်းများစွာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ထားမှု အဆုံးသတ်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

F-01