News

POST TYPE

ARTICLE

အာဖဂန်နစ္စတန်၏ မြို့တော်ကဘူးလ်တွင် ဂျာနယ်လစ်များကို ပစ်မှတ်ထားတိုက်ခိုက်သည့် အသေခံဗုံးခွဲမှုများဖြစ်ပွား၊ အနည်းဆုံး ၂၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရ
01-May-2018



ကဘူးလ်၊ ဧပြီ ၃၀

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် တနင်္လာနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ရာ သတင်းစာဆရာများအပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးသွားသည်ဟု အာဖဂန်နစ္စတန်အာဏာပိုင်များက ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ဂျာနယ်လစ်များကိုလည်း ပစ်မှတ်ထားခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် နာမည်ကျော် ပြင်သစ်သတင်းဌာနတစ်ခုဖြစ်သော AFP ၏ ဓာတ်ပုံသတင်းထောက်ချုပ် ရှာမာရိုင်းနှင့် အခြားသတင်းစာဆရာ သုံးဦလည်းပါဝင်ခဲ့သည်။ အာဖဂန် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝါဟစ်မာရော့က အသေခံဗုံးခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးရှိခဲ့ပြီး အချို့မှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း ပြောကြားသည်။ 

ပေါက်ကွဲမှုနှစ်ကြိမ်မှာ မိနစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမတစ်ကြိမ်ပေါက်ကွဲမှုသည် ဂျာနယ်လစ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကဘူဟတ်စ်မတ်က ပြောကြားသည်။ 

“ဗုံးခွဲတိုက်ခိုက်တဲ့ အသေခံအကြမ်းဖက်သမားက သူ့ကိုယ်သူ ဂျာနယ်လစ်ယောင်ဆောင်ခဲ့ပြီး လူအုပ်ကြီးကြားမှာ ဖောက်ခွဲပစ်လိုက်တော့တာ” ဟု ၎င်းက ပြောကြားသည်။ 

လုံခြုံရေးအာဏာပိုင်များကမူ ပေါက်ကွဲမှုနှစ်ခုစလုံးသည် အသေခံဗုံးခွဲမှုများဖြစ်သည်။ ပထမအကြိမ်ပေါက်ကွဲမှု ကြောင့် အနည်းဆုံးလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။ 

ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကဘူဟတ်စ်မတ်က သတင်းစာဆရာများသေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော် ဘယ်နှဦး သေဆုံးသွားသည်ကို အတိအကျမသိနိုင်သေးကြောင်း ပြောကြားသည်။ AFP သတင်းဌာန၏ အတည်ပြုချက်အရ AFP ဓာတ်ပုံသတင်းထောက်ချုပ်နှင့်အတူ iTV သတင်းဌာနမှ ဂျာနယ်လစ်နှစ်ဦးနှင့် Tolo သတင်းဌာနမှ ဂျာနယ်လစ်တစ်ဦးတို့သေဆုံးသွားခဲ့သည်။ 

AFP ဓာတ်ပုံသတင်းထောက်ချုပ် ရှာမာရိုင်းသည် ၁၉၉၆ ခုနှစ်တွင် AFP သတင်းဌာနတွင် မော်တော်ယာဉ်မောင်းအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဓာတ်ပုံသတင်းများရိုက်ကူးခဲ့သည်။ သူသည် ၂၀၀၁ ခုနှစ် အမေရိကန်တို့ အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ချိန်တွင် သတင်းဓာတ်ပုံနှင့် သတင်းဇာတ်လမ်းပေါင်းများစွာ ရေးသားခဲ့သူဖြစ်သည်။ 

ရှာမာရိုင်းသည် ၂၀ဝ၂ ခုနှစ်တွင် AFP သတင်းဌာနတွင် အမြဲတမ်း ဓာတ်ပုံသတင်းထောက်အဖြစ် စတင်ခန့်အပ်ခံခဲ့ရပြီး နောက်ပိုင်းတွင် သတင်းထောက်ချုပ်ဖြစ်လာခဲ့သည်။ 

ယခုလို သတင်းစာဆရာများကို ပစ်မှတ်ထားသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မည်သည့်အကြမ်း ဖက်အုပ်စုကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားမှုမပြုသေးပေ။

F-01