News

POST TYPE

ARTICLE

ကလေးအကြမ်းဖက်ရွာ
13-Mar-2018 tagged as



ဟာဆင်ခန်ဝါလာရွာ၏ အုတ်လမ်းလေးက ကျဉ်းမြောင်းပြီး၊ မည်းမှောင်မှောင်ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ပါကစ္စတန်၊ ပန်ဂျပ်ဒေသ ဤရွာလေးတွင် အဆိုးရွားဆုံးသော ကလေးသူငယ်ဆိုင်ရာ မတရားပြုကျင့်မှုများ ဖြစ်ပွားခဲ့သည်။ ဆင်းရဲသားတွေ အများဆုံးနေထိုင်ပြီး လယ်လုပ်ငန်းဖြင့် အသက်မွေးသည့် ဤရွာကလေးတွင် သမိုင်းတွင်လောက်သည့် ကလေးအကြမ်းဖက် မတရားလုပ်ဆောင်မှုများ ပေါ်ပေါက်ခဲ့သည်။

ဇန်နဝါရီလက အသက် ၇ နှစ်အရွယ် ဇိုင်နဗ်အန်ဆာရီဆိုသည့် ကောင်မလေးကို မုဒိမ်းကျင့်ပြီး အသတ်ခံလိုက်ရသည်။ ရွာနှင့် ကီလိုမီတာ ၂၀ ခန့်အကွာတွင် ကလေး၏အလောင်းကို အမှိုက်ပုံထဲတွင် တွေ့ရှိခဲ့ရသည်။ မိုဟာမက်အလီဆိုသူကို မသင်္ကာမှုဖြင့် ဖမ်းဆီးလိုက်သည်။ သူသည် လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုများနှင့် လူသတ်မှုများကြောင့် စောင့်ကြည့်ခြင်း ခံနေရသူဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလီကို သေဒဏ်စီရင်လိုက်သည်။

အန်ဆာရီ၏ လူသတ်မုဒိမ်းမှုသည် ကာဆာခရိုင်တွင် ယမန်နှစ်အထိ ၁၂ မှုမြောက်ဖြစ်ပွားခဲ့သော အမှုဖြစ်သည်။ ပြည်သူတွေ ပေါက်ကွဲကုန်သည်။ အစိုးရသည် ကလေးများအပေါ် ကာကွယ်နိုင်စွမ်းမရှိဟုဆိုကာ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ အန်ဆာရီသေဆုံးရခြင်းသည် ခန်ဝါလာရွာက လူတွေကို သူတို့ရွာ၏အဖြစ်ကို ပြန်ပြီးသတိရစေလိုက်သည်။

၂၀၁၅ ခုနှစ်က ပါကစ္စတန်နိုင်ငံထုတ် သတင်းစာတစ်စောင်တွင် သတင်းတစ်ပုဒ်ပါလာသည်။ ကလေးပေါင်း ၂၈၀ ကျော်၏ မဖွယ်မရာပုံများကို ဖြန့်ချိရောင်းချနေသည့် ဂိုဏ်းတစ်ဂိုဏ်းအကြောင်းဖြစ်သည်။ ထိုဂိုဏ်းသည် ကလေးများ၏ မဖွယ်မရာပုံများနှင့် မတော်မတရားလုပ်ခြင်း ခံနေရသည့် ဗီဒီယိုများကို ရယူရန်အတွက် ကလေးများနှင့် မိသားစုများကို ခြိမ်းခြောက်ပြီး အကျပ်ကိုင်ကာ လုပ်ဆောင်နေကြသည်ဆိုသည့် သတင်းထွက်လာသည်။

ရဲတပ်ဖွဲ့က ထိုဂိုဏ်းကို ဖမ်းဆီးရာတွင် ဗီဒီယိုအခွေပေါင်း ၄၀၀ ခန့် ဖမ်းဆီးရမိသည်။ ပါကစ္စတန်နိုင်ငံအတွင်း ဖြန့်ချိသည့် ထိုဗီဒီယိုခွေများကို တစ်ခွေလျှင် ပါကစ္စတန်ရူပီး ၅၀ (ဒသမ ၄၅ ဒေါ်လာ) ခန့်နှင့် ရောင်းချနေကြခြင်းဖြစ်သည်။ 

ရွာတွင်ရှိသော ဂိုဏ်းဝင်များကို ဖမ်းဆီးရာတွင် အများစုမှာ ထွက်ပြေးကြသည်။ ထိုအချိန်ကျမှ ရွာသားတွေကလည်း ဖော်ထုတ်ခွင့်ရလာသည်။ အရှက်တွေလည်းရသလို သူတို့ကို တရားမျှတရေးအတွက် စီစဉ်ပေးရန် တောင်းဆိုရဲတော့သည်။ ထိုဂိုဏ်းဝင်များ ဤရွာတွင် လာရောက်စိုးမိုးပြီး ထင်တိုင်း ရမ်းကားနေသည်မှာ ၂၀၀၆ ခုနှစ်ကတည်းက ဖြစ်သည်။ ရွာထဲရှိ စော်ကားခံရသူတစ်ဦးက လူယုတ်မာများသည် ကလေးများကို ဗီဒီယိုရိုက်ကူးခြင်း မပြုလုပ်မီ ဆေးများထိုးပေးကြသည်ဟု ပြောပြသည်။ 

ထိုရွာရှိ ကာမဘီလူးဂိုဏ်းကို လာရောက်ဖမ်းဆီးသည့် ရဲအရာရှိ မာလစ်က ကလေးပေါင်း ၂၈၀ ခန့် အကျူးလွန်ခံထားရသည် ဆိုခြင်းကို ငြင်းဆိုသော်လည်း ဗီဒီယိုအခွေ ၄၀၀ ကိုတွေ့ရှိပြီး၊ ပြစ်မှုကျူးလွန်သူ လူငယ် ၃၅ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း ပြောကြားသည်။ သူက အမှန်တကယ် ကျူးလွန်ခြင်းခံရသည့် ကလေးပေါင်းမှာ ၂၀ ဦးခန့်သာရှိမည်ဟု ဆိုသည်။ 

“သက်သေတွေမရှိဘူးလေ။ ကောလာဟလတွေကို လျှောက်ပြီးအရေးယူလို့မရဘူး”ဟု မာလစ်က ပြောသည်။ 

အန်ဆာရီ ကလေးမုဒိမ်းလူသတ်မှုတွင် DNA ကို တိုက်ဆိုင်စစ်ဆေးပြီးမှ မုဒိမ်းသမားအလီကို သေဒဏ် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မာလစ်က ယခုအမှုတွင် ထိုသို့လုပ်၍ မရကြောင်းပြောသည်။ သူတို့က ဗီဒီယိုအမှုတွင် လူသုံးဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချသည်။ လူ ၁၂ ဦးကို အပြစ်မရှိကြောင်းဆိုကာ လွှတ်လိုက်သည်။ လူတွေက မကျေမနပ်ဖြစ်ကုန်ကြသည်။

ရွာသားတွေက နားလည်းမလည်၊ စကားလည်း မပြောတတ်။ ကျေးရွာလူကြီးကလည်း ဤသတင်းများ ထွက်ပေါ်လာပြီးနောက် ရွာသားများ၏ ပွင့်လင်းစွာ ဖွင့်မပြောရခြင်းအပေါ် ရှင်းပြကြသည်။ အကယ်၍ သူတို့သားသမီးများသာ ဤသို့စော်ကားကျူးလွန်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများကို ပြုလုပ်မှန်းသိလျှင် ရွာကသူတို့ကို ဝိုင်းပယ်ထားလိုက်နိုင်သည့်အပြင် သူတို့ သမီးများကလည်း တစ်သက်လုံး အိမ်ထောင်မပြုနိုင်သည့် အနေအထားကို ရောက်သွားနိုင်သည်။

ထို့ပြင်ရွာသားတွေက ရွာတွင်လာပြီး မတရားလုပ်နေမှုများကို သိသော်လည်း ရဲကို သွားမတိုင်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ရဲတွေကိုယ်တိုင်က ရွာသားတွေကို မတူမတန်သလိုအပြင်၊ ရာဇဝတ်သားတွေလို ဆက်ဆံတတ်ကြသောကြောင့်ဖြစ်သည်။ ရွာသားတွေကိုယ်တိုင်က ရဲနှင့်တရားရုံးများကို ကြောက်သဖြင့် ပတ်သက်မည်ကို စိုးရိမ်ပြီး ငြိမ်နေလိုက်ကြသည်ကလည်း များသည်။

အမှုမှန်ပေါ်ပေါက်စေရန် လိုက်ပြီးမေးတိုင်း ရွာသားတွေက ရှောင်ဖယ်နေကြသည်။ ခန်ဝါလာရွာအမှုကို ရှေ့နေလိုက်ပေးမည့် ဖိုင်ဆယ်နက်ဗီကိုယ်တိုင်က ရွာသားတွေအပေါ် ဖိစီးထားသူများရှိနေသည်ဟု ဆိုထားသည်။ ဥပဒေကြောင်းအရ ခိုင်မာသည့် ထွက်ချက်များ၊ သက်သေများလိုသော်လည်း ရဲတွေက တိုင်တမ်းလိုသူတွေနှင့် အပေးအယူလုပ်ထားမှု တွေရှိနေသည်။ ဤအမှုတွင် ရဲတွေပင် အကျင့်ပျက်ကာ လာဘ်စားထားမှုများနှင့် ပတ်သက်ကောင်း ပတ်သက်နေနိုင်သည်ဟု ဆိုသည်။ 

မီဒီယာတွေကလည်း ခန်ဝါလာကို လာရောက်ပြီး ကျူးလွန်ခြင်းခံရသူများနှင့်လည်းကောင်း၊ ဆွေမျိုးများနှင့်လည်းကောင်း တွေ့ဆုံနိုင်ရန် ကြိုးစားကြသည်။ ထိုအချိန်မှသာ ရွာထဲရှိ ပကတိအဖြစ်များ ပေါ်ပေါက်လာရသည်။ 

မိုဟာမက်ဆိုသူက သူ့သားသည် ဗီဒီယိုရိုက်ကူးရာတွင် ပါဝင်နေမှန်း သူယခုမှသိကြောင်း ပြောရှာသည်။ သူ့သားက အိမ်မှ ပစ္စည်းလေးတွေနှင့် ငွေကိုခိုးတတ်သည်။ ကျောင်းနေပြီး အတန်းထဲတွင် စာတော်သည်။ သူက ဗီဒီယိုလုပ်ငန်းကို စတင်လုပ်ဆောင်နေချိန်ကစပြီး ကျောင်းမသွားတော့ပေ။ သူ့ကို လူတစ်စုသည် ကျောင်းက လာခေါ်သွားတတ်သည်။ ကျောင်းမနေချင်လည်း ဖခင်ကသူ့လျှပ်စစ်ပစ္စည်းဆိုင်တွင် လာပြီး ကူညီလုပ်ကိုင်ပေးရန် ပြောသော်လည်း သူမလာပေ။

မိုဟာမက်က တစ်နေ့တွင် ၁၀ ရက်ခန့် ခရီးထွက်သွားသည်။ သူပြန်လာချိန်တွင် သူ့ဆိုင်၌ ဘာပစ္စည်းမှ မရှိတော့။ သားဖြစ်သူက ဆိုင်ရှိပစ္စည်းများအားလုံးကို ရောင်းလိုက်ပြီး ပိုက်ဆံကို မိခင်အားပေးလိုက်သည်ဟု ပြောသည်။ သူက ဇနီးဖြစ်သူကိုမေးသော်လည်း အဖြေမရ။ သားဖြစ်သူက ဆိုင်ရှိပစ္စည်းအားလုံး၏ ရောင်းရငွေ ဒေါ်လာ ၆၀၀၀ ဖိုးခန့်ကို ဗီဒီယိုရိုက်ကူး ရေးသမားတွေကို ပေးလိုက်ခြင်းဖြစ်သည်။ 

သားဖြစ်သူသည် ထိုအချိန်အထိ မတရား အနိုင်ကျင့်ခံနေရမှန်း သူမသိသေး။ သူ့မီးခံသေတ္တာထဲတွင်ထားသည့် ငွေ ဒေါ်လာ ၂၅၀၀ ခန့်သည်လည်း ပျောက်နေသည်။ သားဖြစ်သူက ထွက်ပြေးနေသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရွာကထွက်သွားပြီး လေးလအကြာတွင် ဖခင်ဖြစ်သူက သူ့သားကို လာဟိုးမြို့ လမ်းဘေး၌ ပြောင်းဖူးဖုတ်ရောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ 

သူက သားဖြစ်သူကို ရွာသို့ပြန်ခေါ်လာသည်။ ရွာရောက်တော့လည်း သူက ထိုဂိုဏ်းဝင်တွေနှင့် ဆက်သွယ်ပြီး ငွေတွေပေးနေပြန်သည်။ သူက အိမ်လည်းမကပ်တော့ ရွာထဲတွင် လျှောက်နေသည်။ တစ်ပတ်ခန့်နေပြီး ပျောက်သွားပြန်သည်။ ရွာထဲတွင် ဗီဒီယိုရိုက်ကူးရေးသမားများနှင့် ကာမဘီလူးဂိုဏ်းကို ဖမ်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် လူတစ်စုက သူ့ဆိုင်ကိုလာပြီး ခြိမ်းခြောက်သည်။ အဖြစ်မှန်များကို တရားရုံးတွင် သွားရောက်အစစ်ခံပါက သတ်ပစ်မည်ဟူ၍ဖြစ်သည်။ 

ကာစင်နှင့်ရှူဂျီဆိုသည့် ၁၇ နှစ်နှင့် ၁၈ နှစ်အရွယ် မောင်နှမ နှစ်ယောက်ကလည်း ဤအမှုတွဲတွင်ပါသည်။ သူတို့နှစ်ယောက်လည်း ရွာကထွက်ပြေးနေကြရသည်။ သူတို့က ကျောင်းထွက်ထားပြီး အလုပ်လုပ်နေကြသည်။ သူတို့ဗီဒီယိုတွေ ထွက်လာပြီးမှ သူတို့ ဤအလုပ်မျိုးကို လုပ်နေကြမှန်း သိကြရသည်။ 

ရှူဂျီသည် ဤအလုပ်ကို ၁၀ နှစ်သမီးကတည်းက လုပ်သည်ဟု ဆိုသည်။ ကောင်လေးနှစ်ယောက်က သူ့ကိုရွာထဲရှိ အိမ်ကြီးတစ်အိမ်ကို ခေါ်သွားသည်။ သူတို့က နှစ်ရက်တစ်ကြိမ် သူ့ကိုလာခေါ်သည်။ သူ့ကို အသက် ၁၀ နှစ်မှ ၁၅ နှစ်တိုင် ထိုအိမ်ကြီးရှိ လူများက အကြိမ်ကြိမ် မုဒိမ်းကျင့်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ သူတို့က အိမ်ကြီးကို ရောက်လာလျှင် လက်မောင်းကို ဆေးထိုးပေးကြသည်။ စကားလည်းမပြောနိုင် အသိလည်းမဲ့နေချိန်တွင် သူတို့ ထင်ရာလုပ်ကြတော့သည်။ 

သူ့ကိုရှာဖွေတွေ့ပြီးနောက် တရားရုံးခေါ်လာကာ သက်သေအဖြစ် ထွက်ဆိုခိုင်းကြသည်။ ကောင်မလေးက ကြောက်နေသည်။ တရားရုံးကလူတွေက အော်ငေါက်နေသဖြင့် သူကြောက်နေခြင်းဖြစ်သည်။ အမှုက ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်နေသည်။ ကောင်မလေးဘက်တွင် ရှေ့နေမရှိ။ အမှုကလည်းမပြီးသေး။

ကာစင်နှင့်ရှူဂျီတို့သည် မောင်နှမများ ဖြစ်ကြသည်။ သူတို့ကို အဖြစ်မှန်မပြောပြကောင်းလားဟုဆိုကာ ဖခင်က ရိုက်သည်။ ကျောင်းမှ ကျောင်းသားများ၊ ဆရာများကလည်း သူတို့ကို လှောင်ပြောင်စရာဟု သဘောထားကြသည်။ လူတွေက သူတို့ကို အပြာမယ်၊ အပြာမင်းသမီးအဖြစ် လှောင်ပြောင်သည်ကို ရှက်ပြီး ထွက်ပြေးနေကြသော်လည်း ဖခင်က တောင်းပန်သောကြောင့် သူတို့ ပြန်လာကြခြင်းဖြစ်သည်။ 

ရွာရှိ အပြာကားရိုက်သည့်အမှုသည် ၂၀၁၅ ခုနှစ်ကတည်းက ရပ်သွားခဲ့ရာမှ အန်ဆာရီ မုဒိမ်းမှုကို သေဒဏ်ပေးလိုက်ရာက ပြန်ပြီးကိုင်တွယ်ကြသည်။ ပြည်သူတွေကလည်း ဖိအားပေးသည်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် လူတွေက တောင်းဆိုကြခြင်းကြောင့် ဖြစ်သည်။ 

အာမင်ဆိုသည့် ကောင်လေးကလည်း အသက် ၁၀ နှစ်သားရှိသေးပြီး ငါးတန်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။ သူ ရှစ်တန်းရောက်သည်အထိ ရွာထဲတွင် မကြာခဏခေါ်ပြီး မတရားကျင့်ခြင်း ခံနေရသည်။ ရှစ်တန်းနှစ်ရောက်မှ သူက လာဟိုးရှိ အစ်မတစ်ဝမ်းကွဲထံ ထွက်ပြေးခဲ့သည်။ သူနှင့် အတန်းဖော်ကလေးများ မကြာခဏအဖမ်းခံရပြီး ဆေးထိုးကာ မတရားအကျင့်ခံကြရကြောင်း သူက ဝန်ခံသည်။ 

တစ်နေ့တွင် ကျောင်းသားတစ်ယောက်ထံမှ ကွန်ပျူတာ memory ကတ်တစ်ခုတွေ့လိုက်ရသည်။ ထိုကတ်ထဲတွင် ဗီဒီယို ၂၅ ကားခန့်ပါသည်။ ထိုကားတွေကို ဖွင့်ကြည့်မှ ကျောင်းရှိ ကလေးအတော်များများသည် မတော်မတရားကျင့်ခြင်းများ ခံနေရကြောင်း သိလာရခြင်းဖြစ်သည်။ အာမင်၏ ဗီဒီယိုကိုလည်း သူ့အစ်ကိုမြင်ပြီး အဖြစ်မှန်ကို သိရှိခြင်းဖြစ်သည်။ 

ရွာရှိရွာသားတိုင်းကလည်း အဖြစ်မှန်ကို ပေါ်ပေါက်စေပြီး တရားခံများကို ဖမ်းမိစေချင်ကြသည်။ သို့သော် ရဲတွေက ထိုအမှုတွင် ပါဝင်ပတ်သက်နေသည်။ သက်သေအဖြစ် ရုံးတော်ကိုလာပြီး မထွက်ဆိုရဲသူတွေ အများကြီးရှိနေသည်။ ကလေးပေါင်းများစွာကတော့ ဗီဒီယိုပေါ်ထွက်ပြီးမှ လူ့ဘောင်အသိုင်းအဝိုင်းတွင် နေထိုင်၍ မရလောက်အောင် အရှက်ရစရာတွေ ဖြစ်နေကြသည်။ 

ကလေးတွေ ပညာသင်ကြားရေးအတွက် အခက်တွေ့ကုန်သည်။ အရွယ်ရောက်ပြီးသူ မိန်းကလေးတွေလည်း အိမ်ထောင်ပြုရန် ယောကျာ်းတွေက ရှောင်သွားသည်။ လူမှုရေးအတွက် အရှက်ရစရာများကို ဂိုဏ်းဖွဲ့ကျူးလွန်သူ ကာမဘီလူးတွေက ကျေးလက်အရောက် လုပ်ဆောင်သည်။ အပြစ်မဲ့သော ကလေးများ ဓားစာခံဖြစ်ကုန်သည်။ သို့သော် ရဲနှင့်ပေါင်းပြီး လွတ်ကုန်သည်။ ရုပ်ရှင်ထဲကအတိုင်းပင်။ ထိုသို့သော အဖြစ်မျိုးရွာများတွင် မဖြစ်ဟု မပြောနိုင်။ အပြစ်မဲ့သူ ရွာသားတို့မှာ မတရားလည်းကြောက်ရ၊ နီးရာဓားလည်းကြောက်ရ အဖြစ်မျိုးပင်။

ကျော်ဗလ
(Ref: Hussain Khanwala: Village scarred by child abuse scandal, Alia Chughtai)



  • TAGS