News

POST TYPE

ARTICLE

အာဖဂန်သမ္မတက တာလီဘန်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်း
01-Mar-2018



ကဘူးလ်၊ ဖေဖော်ဝါရီ ၂၈

ကြိုတင်သတ်မှတ်ချက်များ ပြုလုပ်မထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုတို့ကို တာလီဘန် စစ်သွေးကြွအဖွဲ့အား အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီက ကမ်းလှမ်းလိုက်သည်ဟု DW သတင်းတစ်ရပ်က ဖော်ပြထားသည်။

သမ္မတဂါနီသည် အဆိုပါကမ်းလှမ်းချက်ကို ကဘူးလ်တွင်ပြုလုပ်သော နိုင်ငံတကာဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကြိုတင်သတ်မှတ်ချက် အလျှင်းမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အစိုးရအနေနဲ့ တာလီဘန်ကို ကမ်းလှမ်းပါတယ်”ဟု မစ္စတာဂါနီက ဒုတိယအကြိမ်မြောက် ကဘူးလ်လုပ်ငန်းစဉ် ညီလာခံတွင် ပြောကြားခဲ့သည်။ 

ပထမဦးဆုံးသော ကဘူးလ်လုပ်ငန်းစဉ် ညီလာခံကို ကဘူးလ်တွင် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည်။

အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်တို့၏ ၁၆ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရန်အတွက် နည်းလမ်းများစဉ်းစားခြင်း ညီလာခံကို နိုင်ငံပေါင်း ၂၅ နိုင်ငံမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။ 

အမေရိကန်ဦးဆောင်သော မဟာမိတ်များ တာလီဘန်အစိုးရကို ၂၀၀၁ ခုနှစ်တွင် မဖြုတ်ချခင်က တာလီဘန်အုပ်စုများသည် အာဖဂန်ကို အုပ်စိုးခဲ့ကြသည်။ 

အပစ်အခတ်ရပ်စဲရေးကို လက်ခံကာ ငြိမ်းချမ်းရေးဆွေးနွေးပြီး အစိုးရကို အသိအမှတ်ပြုပါက တာလီဘန်ကိုလည်း ဥပဒေအရအသိအမှတ်ပြုသော နိုင်ငံရေးအစုအဖွဲ့အဖြစ် လက်ခံသွားမည်ဟု အာရှက်ဖ်ဂါနီက ပြောကြားခဲ့သည်။

ယခုညီလာခံသို့ တာလီဘန်များကို ဖိတ်ကြားထားခြင်းမရှိဘဲ၊ တာလီဘန်များဘက်ကလည်း အစိုးရနှင့်တိုက်ရိုက် ဆွေးနွေးမှုများကို ငြင်းဆန်ထားလျက်ရှိသည်။  

F-02

  • VIA