News

POST TYPE

ARTICLE

အိန္ဒိယနိုင်ငံ၏ အပျိုရည်စစ်ဆေးမှု ပြဿနာ
13-Feb-2018


၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က လူတစ်စုသည် အမျိုးသားသုံးဦးကို ရိုက်နှက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ Whats App ပေါ်တွင် Stop the V Ritual ဆိုသည့် လူ့ဘောင် အဖွဲ့အစည်းတွင် အမျိုးသမီးများကိုလေးစားရန် လှုပ်ရှားမှုများ လုပ်ခဲ့ကြသူများအား ဝိုင်းရိုက်ခဲ့ကြခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုကို လုပ်ဆောင်သည့် လူငယ်သုံးဦးကို ကန်ဂျာဘတ် လူမျိုးစုက ဝိုင်းရိုက်ခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံ မြို့ပြနေ ကန်ဂျာဘတ်လူမျိုးစုများသည် အလွန် အစွဲကြီးသူများ ဖြစ်သည်။ ပရာရှန့်၊ ဆော်ရပ်နှင့် တမ်ချင်ကာဆိုသည့် လူငယ်သုံးဦးကို ပူနေးရှိ ပင်ပရီချင်းဝပ်အရပ်တွင် လူ ၄၀ ခန့်က ဝိုင်းရိုက်ခဲ့ကြသည်။ ထို လူငယ်သုံးဦးက ကန်ဂျာဘတ် လူမျိုးစုအတွင်း သတို့သမီးလောင်းများကို အပျိုရည် စစ်ဆေးသည့် အလေ့အထအား ကန့်ကွက်ရာက ဝိုင်းရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ 

ထိုအဖွဲ့အစည်းအတွင်း သတို့သမီးလောင်းကို လက်ထပ်ပြီးသည့်ညတွင် အိပ်ရာပေါ်၌ အဝတ်ဖြူဖြင့် အိပ်စေသည်။ ခင်ပွန်းဖြစ်သူနှင့် ညအိပ်ပြီး အဝတ်စကို နောက်တစ်နေ့တွင် ရွာလူကြီးအဖွဲ့အား တင်ပြရသည်။ သတို့သားက သတို့သမီးဖြစ်သူအား အပျိုစစ်ကြောင်း သက်သေမပြနိုင်လျှင် ရွာလူကြီးများက သုံးညတိုင် ဆက်ပြီးကြိုးစားခိုင်းသည်။ သုံးည ပြည့်၍ အဝတ်ဖြူပေါ်တွင် သွေးစွန်းသည့် အထောက်အထား မပြနိုင်လျှင် ကျေးရွာလူကြီးများက သတို့သမီးကိုရိုက်နှက်ပြီး အပြစ်ပေးသည့်အပြင် ဒဏ်ငွေ သတ်မှတ်ချက်ကိုလည်း ပေးဆောင်ရသည်။ 

ထိုအဖွဲ့အစည်း၏ အပျိုရည် စစ်ဆေးမှုက အမျိုးသမီးများအတွက် အခက်တွေ့စေသည်။ အပျိုရည် စစ်ဆေးသည့်ညတွင် အဝတ်ဖြူပေါ်တွင် သက်သေအဖြစ် သွေးမတွေ့လျှင် အပြစ်ဖြစ်သည်။ သတို့သမီးကို အပျိုရည် ပျက်ခဲ့သလားဟု ဝိုင်းမေးပြီး စစ်ဆေးသည်။ အပျိုရည်ပျက်ခဲ့ကြောင်း ဝန်ခံလျှင် မည်သူနှင့်ဖြစ်ခဲ့ကြောင်း ဝန်ခံရသည်။ 

အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ် ပေးမည့်သူများက Stop the V-Ritual ဆိုသည့်လှုပ်ရှားမှုများကို စတင်လှုပ်ရှားကြသည်။ V ဆိုသည်မှာ (Virginity) ကိုကိုယ်စားပြုပြီး ဆိုရှယ်မီဒီယာများပေါ်တွင် စတင် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြတော့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ကန်ဂျာဘတ် လူမျိုးစုများအတွင်း လုပ်ဆောင်နေသည့် အပျိုရည် စစ်ဆေးခြင်းကို ရပ်တန့်ရန် ဆန့်ကျင်လှုပ်ရှားမှုများ စတင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

အသက် ၂၂ နှစ်အရွယ် အနီတာဆိုသူက လွန်ခဲ့သော ၂ နှစ်ခန့်က သူ့အတွေ့အကြုံကို ပြန်ပြောပြရင်း မျက်ရည်တွေ ကျနေရှာသည်။ သူလည်း ထိုအတွေ့အကြုံကို ခံစားခဲ့ရသူဖြစ်သည်။ သူ့ကိုလည်း အပျိုရည် အတင်း စစ်ဆေးခဲ့ကြသည်။ သူတို့ဇနီးမောင်နှံကို ရွာလူကြီးအဖွဲ့နှင့် မိဘများက ဟိုတယ်တွင် အခန်းတစ်ခု ငှားပေးထားပြီး အပြင်က စောင့်ဆိုင်းနေကြသည်။ သူတို့စစ်ဆေးမှုက စိတ်ပျက်စရာကောင်းသည်။ အဖြူရောင် အဝတ်စတွင် သွေးစလေးတွေ မပြနိုင်ပါက ဝိုင်းရိုက်ခြင်းကို ခံရပေလိမ့်မည်။

အမျိုးသမီးတိုင်း ပထမအကြိမ် လိင်ဆက်ဆံတိုင်း သွေးထွက်ချင်မှ ထွက်မည်ဟု ဒေလီအခြေစိုက် အမျိုးသမီး သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်မကြီး ဆိုနီယာနိုက်က ပြောကြားသည်။ 

“အမျိုးသမီးတွေက အားကစားလှုပ်ရှားမှုများရင် သို့မဟုတ် ကိုယ့်ဘာသာကိုယ် ဖြေဖျောက်မှုတွေများရင် မင်္ဂလာဦးညမှာ ဘယ်လိုမှသွေးထွက်မှာ မဟုတ်ဘူး။ ပြီးတော့ ကြောက်လွန်းလို့ အလုပ်မဖြစ်ရင်လည်း ဘယ်လိုလုပ် သွေးထွက်တော့မှာလဲ”ဟု ဆိုသည်။ 

အနီတာ၏ အဖြစ်အပျက်တွင် ဝန်ခံချက်တစ်ခု ရှိလာပြန်သည်။ သူတို့ သမီးရည်းစား ဘဝကတည်းက လွန်ကျူးမှုတွေ ဖြစ်ထားကြသည်။ ထို့ကြောင့် လူကြီးတွေ အပြင်ကစောင့်ပြီး စစ်ဆေးသည့်အခါတွင် သူတို့ ရင်ထိတ်ခဲ့ကြရသည်။ သူတို့ လူကြီးတွေရှေ့ ရောက်လာပြီး အစစ်ဆေးခံကြသည်။ သူ့သတို့သားလောင်းက လူကြီးတွေကို ဘာမှမစွန်းထင်းသည့် အဝတ်ဖြူကို တင်ပြသည်။ 

လူကြီးတွေက သတို့သားကို “ဖြူစင်သည်ဟု ထင်သလား၊ မဖြူစင်ဟု ထင်သလား”ဟု ဝိုင်းမေးသည်။ အနီတာက သူ့ခင်ပွန်းလောင်းကို သူတို့ဖြစ်ပျက်ခဲ့သည်များအား အမှန်အတိုင်း ဝန်ခံမည်ဟု ထင်ထားသည်။ သို့သော် သူက အဝတ်ဖြူကို လက်ညှိုးထိုးပြနေသည်။ 

“ကျွန်မ ကြက်သေ သေသွားတယ်။ ကျွန်မ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက သူ အတင်းအကျပ် တောင်းဆိုတာနဲ့ လိုက်လျောခဲ့ရတယ်။ သူနဲ့ ကျူးလွန်ခဲ့ပြီးသားဆိုတာ လုံးဝ ထုတ်မပြောခဲ့ဘူး”ဟု အနီတာကဆိုသည်။

ရွာလူကြီးတွေက အနီတာကို မဖြူစင်ကြောင်း ဆုံးဖြတ်ပြီး ထွက်သွားကြသည်။ သူတစ်ယောက်တည်း နောက်ဆုံးငိုပြီး ကျန်ခဲ့ရသည်။ ခင်ပွန်းလောင်းဖြစ်သူကလည်း လူကြီးတွေက အပျိုမစစ်ကြောင်း ဆုံးဖြတ်ပြီး မဖြူစင်ဟု ပြောလိုက်သည်ကို နားလည်မှုဖြင့် လက်ထပ်ရန် မတောင်းဆို။ သူကလည်း ရှောင်ထွက်သွားခဲ့သည်။ ထိုအဖြစ်အပျက်က လူမှုရေးလှုပ်ရှားသူများကို ဒေါသထွက်စေပြီး ရဲစခန်းရောက်ကာ ပြဿနာက ပိုပြီး ကြီးထွားခဲ့ရတော့သည်။ နောက်ဆုံး ဝိုင်းပြီး ဖိအားများပေးသဖြင့် အနီတာကို ပေါင်းသင်းရတော့သည်။

မကြည်ဖြူဘဲ လက်ခံလိုက်ရသည့် အမျိုးသမီးတစ်ဦး၏ ဘဝမှာ အလွန် သနားစရာ ကောင်းလှသည်။ လူမဆန်သည့် ပြုမူဆက်ဆံမှုများ၊ နှိပ်စက်မှုများ၊ လူလိုမထင်သည့် စော်ကားမှုပေါင်းစုံကို သည်းခံပြီး ပေါင်းသင်းနေထိုင်ခဲ့ရရှာသည်။ ပိုဆိုးသည်က သူတို့လင်မယားကို ရွာလူကြီးတွေက ပွဲလမ်းများကို တက်ခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းဖြစ်သည်။ 

“ကျွန်မကိုယ်ဝန်ရှိလာတော့ ပိုဆိုးတယ်။ ကျွန်မ ယောက်ျားကိုယ်တိုင်က ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်လဲလို့မေးတယ်။ ရွာလူကြီးတွေကလည်း သူ့ကို ဖိအားတွေ ပေးနေတယ်”ဟုဆိုသည်။ 

နောက်ဆုံးတွင် သည်းမခံနိုင်သည့်အဆုံး အနီတာသည် မွေးဖွားလာသည့် သားလေးနှင့်အတူ မိဘများ အိမ်သို့ ပြန်လာခဲ့ရတော့သည်။ အပျိုရည်စစ်သည့် ပြဿနာမှာ အဘယ်မျှ ဂယက်ရိုက်သနည်းဆိုသော် အနီတာ၏ညီမဖြစ်သူသည် အစ်မ၏ အပျိုရည်စစ်မှုတွင် ကျဆုံးခဲ့သဖြင့် သူ့ကို တောင်းရမ်းလက်ထပ်မည့် ယောက်ျား ရှာမရတော့ပေ။ 

မိန်းကလေးများ၏ အပျိုရည် စစ်ဆေးမှုကို လူ့ဘောင်အဖွဲ့အစည်းတွင် မရှိစေရန် စတင်ကန့်ကွက်သူမှာ အသက် ၂၅ နှစ်အရွယ် ဗီဗက်တာမီချာကာ ဖြစ်သည်။ သူက အိန္ဒိယလူ့ဘောင် အဖွဲ့အစည်းအတွင်း ခေတ်နောက် ပြန်ဆွဲနေသည့် အယူအဆ ချက်ချင်းရပ်ဟု ဆန့်ကျင်တောင်းဆိုခဲ့သည်။ 

ဗီဗက်ကလည်း ခံစားချက် ရှိထားသည်။ သူ အသက် ၁၂ နှစ်သားအရွယ်က အပျိုရည် စစ်ဆေးသည့် ပွဲတစ်ခုကို တက်ရောက်ခွင့်ရခဲ့ဖူးသည်။ ထိုပွဲတွင် သတို့သမီးကို လူတွေက ဖိနပ်တွေနှင့် ဝိုင်းရိုက်သည့်အဖြစ်ကို မျက်ဝါးထင်ထင် သူ ကြုံတွေ့ခဲ့ရသည်။ ရက်စက်သည့် ထိုစနစ်ကို သူမမေ့။ ထို့ကြောင့် သူ အိမ်ထောင်ပြုသည့်အခါတွင်လည်း သူတို့ဇနီးမောင်နှံသည် အစစ်ဆေးမခံခဲ့သလို၊ သူနှင့် နီးစပ်သူများကိုလည်း ဆန့်ကျင်လှုပ်ရှားရန် စည်းရုံးပြီး လှုပ်ရှားခဲ့ကြသည်။ 

သူက ဆိုရှယ်ကွန်ရက်ဖြစ်သည့် WhatsApp ကတစ်ဆင့် ဆက်သွယ်ပြီး စတင်လှုပ်ရှားသည်။ စစချင်း လူပေါင်း ၆၀ လောက်ရသည်။ သူတို့ အပျိုစစ်ဆေးသည့်ဓလေ့ ရပ်ဆိုင်းပစ် (Stop the V Ritual) ဆိုသည့် လှုပ်ရှားမှုကို စတင် လုပ်ဆောင်ပြီး ရိုးရာဓလေ့ဆိုးကို ဆန့်ကျင်တိုက်ဖျက်ကြသည်။ 

ကန်ဂျာဘတ်လူမျိုးစုများအတွင်း အပျိုရည် စစ်ဆေးခြင်း အလေ့အထကလည်း ခိုင်မြဲအမြစ်တွယ်နေသည်။ လက်ထပ်ပြီးသည့်ညတွင် သတို့သမီး၊ သတို့သားတို့ အိပ်မည့်အခန်းအတွင်း၌ ချွန်ထက် ပြတ်ရှစေမည့်လက်နက်များကို ဖယ်ရှားထားသည်။ သတို့သမီး၏ ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ ရှိ မရှိ စစ်ဆေးကြသေးသည်။ သတို့သမီး ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သွေးထွက်အောင် မပြုနိုင်ရန် ဂရုစိုက်ကြသည်။ 

အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ၊ လွတ်လပ်သော နိုင်ငံအဖြစ် နာမည်ကျော်သည်။ ထိုနိုင်ငံအတွင်း ဤသို့သော အလေ့အထဆိုးက ယနေ့တိုင် အဘယ်ကြောင့် ရှိနေရသနည်း။ အထူးသဖြင့် လူမျိုးစုအတွင်း ခေါင်းဆောင်လူကြီးတွေက အဆိုးဆုံး ဖြစ်သည်။ သူတို့က ကိုယ့်အုပ်စုအတွင်းရှိ မိဘတွေကို ဖိအားတွေပေးသည်။ ယောက်ျားတိုင်းကို ဖွင့်ဖောက်ခြင်း မရှိသည့် ပစ္စည်းကိုသုံးရမှ မြတ်သည်ဆိုသော အလေ့အထများနှင့် သူတို့က ခြိမ်းခြောက်စိုးမိုးထားသည်။ အမျိုးသမီးတွေကို ဖွင့်ဖောက်သည့် ပစ္စည်းတစ်မျိုးအနေနှင့် သုံးနေခြင်းကပင် စော်ကားရိုင်းစိုင်းနေခြင်း ဖြစ်သည်ဟု အမျိုးသမီး အခွင့်အရေး တိုက်ပွဲဝင်နေသည့် ဗီဗက်တို့အုပ်စုက ထောက်ပြဝေဖန်ကြသည်။ 

အပျိုရည် စစ်ဆေးခြင်းမခံဘဲ လူ့ဘောင်အဖွဲ့အစည်းကို ဆန့်ကျင်သူများ ဘဝကလည်း သိပ်ပြီး အနေအထား မကောင်းပေ။ သူတို့ လူမျိုးစု အုပ်စုများထဲက ထွက်ပြေးပြီး အခြားနေရာများတွင် လက်ထပ် ပေါင်းသင်းနေသူများကို လိုက်သတ်သည့် အလေ့အထမျိုးတွေကလည်း ရှိနေပြန်သည်။ ထို့ပြင် သတို့သမီးကို ဖမ်းလာပြီး ကလေး ဖျက်ချခိုင်းခြင်း၊ လက်ဖွဲ့ငွေမရသဖြင့် သောင်းကျန်းပြီး တောင်းဆိုခြင်းများကိုလည်း အဖွဲ့အစည်းများအတွင်း မကြာခဏ ကြုံတွေ့နေကြရသည်။ 

ရွာလူကြီးတွေက မိမိတို့ဓလေ့သည် အမျိုးသမီးတို့၏ ဘဝနှင့် အဆင့်အတန်းကို မြှင့်တင်ပေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် မဟာဖိုဝါဒကို လက်ကိုင်ထားသည့် ယောက်ျားသားများ၏ စိုးမိုးနှိပ်စက်မှုများကို အမျိုးသမီးများသည် ယနေ့တိုင် မရှောင်လွှဲနိုင်မှုက အိန္ဒိယတွင် ရှိနေဆဲဖြစ်သည်။ 

မိန်းကလေးများကို အပျိုရည် စစ်ဆေးခြင်း၊ ကညာမြှေးစစ်ဆေးခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ခေတ်သစ်ဆေးပညာများက ထောက်ပြနေကြပြီဖြစ်သည်။ အမျိုးသမီးများ၏ ကညာမြှေးက အချိန်မရွေး စုတ်ပြတ်သွားနိုင်သည်။ အချို့ဆိုလျှင် ပါပင်မပါလာဟုဆိုသည်။ 

၂၀၁၃ ခုနှစ်က အိန္ဒိယတရားရုံးချုပ်က ထုတ်ပြန်ကြေညာမှုတွင် အမျိုးသမီးများကို လက်ညှိုးဖြင့် အလိုမတူဘဲ စစ်ဆေးလျှင်ပင် ပြစ်မှုမြောက်ကြောင်း ဖော်ပြထားသည်။ အမျိုးသမီးများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သော်လည်း အချို့သော လူမျိုးစုဓလေ့များက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြဆဲဖြစ်သည်။ 

၂၀၁၇ ခုနှစ် ဇွန်လတွင် အာမက်နဂါပြည်နယ်၌ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက အုတ်အော်သောင်းတင်းဖြစ်အောင် စပြီး လှုံ့ဆော်လိုက်တော့သည်။ သူ့ကို ခင်ပွန်းဖြစ်သူက လက်ထပ်သည့်နေ့တွင် အပျိုရည် စစ်ဆေးခန်း ဝင်ခိုင်းသည်။ သို့သော် ကောင်မလေးက ငြင်းဆန်သလို ဖခင်ဖြစ်သူကလည်း သမီးဘက်တွင် ရပ်တည်ပေးသည်။ အရပ်ဓလေ့အရဆိုလျှင် သတို့သမီး ဝတ်ဆင်လာသည့် လက်ဝတ်တန်ဆာများကို သတို့သားက ပိုင်ဆိုင်ခွင့် ရှိသွားသည်။ မည်သို့ဆိုစေ စော်ကားသည့် အလေ့အထကို သူတို့ ဆန့်ကျင်နိုင်ခဲ့ခြင်းကြောင့် အားလုံးသော အမျိုးသမီးများ နိုးကြားလာခဲ့ရသည်။ 

ကမ္ဘာ့ အချို့သော နိုင်ငံများတွင်လည်း အမျိုးသမီးများကို စော်ကားသည် အပျိုရည် စစ်ဆေးခြင်း ဓလေ့များ ထွန်းကားနေသေးသည်။ တူရကီနိုင်ငံတွင်လည်း လက်မထပ်မီ ဆရာဝန်ထံ သွားရောက်စစ်ဆေးရခြင်းများကို တားမြစ်ပိတ်ပင်ခဲ့ရသည်။ အာဖရိက အချို့သော နိုင်ငံများတွင် ယနေ့တိုင် အပျိုရည် စစ်ဆေးသည့် ဓလေ့များ ထွန်းကားနေဆဲဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် လက်နှစ်ချောင်းနှင့် စစ်ဆေးသည့် အလေ့အထကို ခွင့်ပြုထားဆဲဖြစ်သည်။ 

အမျိုးသမီးများကို တန်းတူညီမျှ သဘောမထားနိုင်သေးသည့် လူ့ဘောင် အဖွဲ့အစည်းများတွင် သံသယနှင့် စော်ကားသည့် စစ်ဆေးစမ်းသပ်မှုများ၊ အကြည့်များကို ခံနေကြရဦးမည်သာ ဖြစ်သည်။ 

(Ref: India Today, The Times of India, BBC)