News

POST TYPE

ARTICLE

ရွှေရည်စိမ် လွတ်လပ်ရေး
10-Feb-2018

စိုပြေသာ အာဏာရှိရင် တိုင်းရင်းသားဒေသတွေကို လွတ်လပ်ရေး ပေးလိုက်ပြီ။ ဘာလို့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားနေမလဲ။ ပင်ပန်းတယ်။ ပြဿနာတွေ ဖြစ်တဲ့နေရာတွေကိုကြည့်လိုက်။ ပြည်နယ်တွေမှာချည်းပဲ။ အဲ့တော့ တိုင်းရင်းသားဒေသတွေကို လွတ်လပ်ရေး ပေးလိုက်မယ်။ သူတို့ဘာသာသူတို့ အုပ်ချုပ်ပါစေ ...။ ဒါဆို စိုပြေတို့လည်း ပေါ့သွားမယ်။ 

ရှမ်းပြည်မှာလည်း တိုက်ပွဲတွေက ခဏခဏ။ ကချင်ပြည်မှာလည်း တိုက်ပွဲတွေ အမြဲဖြစ်။ ကရင်နဲ့ မွန်ဘက်ပဲ နည်းနည်းငြိမ်တယ်။ ချင်းလည်း သိပ်မထူး။ အခု ရခိုင်က အဆိုးဆုံးများ ဖြစ်နေမလား မသိဘူး။ ရခိုင်တွေနဲ့လည်း ချရတယ်။ ဘင်္ဂါလီတွေနဲ့လည်း ချရတယ်။ အရေးထဲမှာ ဘင်္ဂါလီတွေကို အနောက်နိုင်ငံတွေက ထောက်ခံနေတော့ ပိုဒုက္ခရောက်။ 

ပြည်နယ်တွေဟာ မြန်မာပြည်ထဲမှာ ရှိတဲ့အတွက် သယံဇာတတွေတော့ ရပါရဲ့။ ဒါပေမဲ့ သယံဇာတထက် ပြဿနာက ပိုများနေသလိုပဲ။ ပြီးတော့ လူ့အသက်တွေ သေတာလည်း မနည်းဘူး။ 

သမိုင်းအဆက်ဆက်ကို ပြန်ကြည့်လိုက်။ တိုင်းရင်းသားဒေသတွေကို ထိန်းချုပ်ထားတာ မကောင်းဘူးဆိုတာ တွေ့ရမယ်။ အနော်ရထာခေတ်အစမှာ မြန်မာပြည်က သေးသေးလေး။ အဲ့သေးသေးလေးကို အုပ်ချုပ်ရင်းနဲ့ ချမ်းသာလာတယ်။ တိုင်းပြည်က ချမ်းသာတော့ ထမင်းဝဝ စားနိုင်တယ်။ ထမင်းဝဝစားတော့ အားတွေရှိ။ အားတွေရှိတော့ အခြားနိုင်ငံတွေကို လိုက်သိမ်း။ ဒီတော့ မြန်မာပြည်ကြီး ကျယ်လာတာပေါ့။ 

ဒါပေမဲ့ ကြာကြာမထိန်းနိုင်ဘူး။ နောက်ပိုင်းကျတော့ ပြိုကွဲတာပဲ။ အစိတ်စိတ် အမြွှာမြွှာဖြစ်။ 

မြန်မာတွေ နယ်မြေ ပြန်ကျဉ်းသွားပြန်ရော။ နယ်မြေပြန်ကျဉ်းတော့မှ အလုပ်တွေ ကြိုးစားလုပ်ရင်း အင်အား ပြန်ရှိလာပြန်ရော။ ဒီလိုနဲ့ တပင်ရွှေထီးတို့၊ ဘုရင့်နောင်တို့ခေတ်တွေ ပြန်ရောက်ပြီး တစ်တိုင်းပြည်လုံး ပြန်သိမ်းနိုင်။ နောက်တော့ ပြန်ပြိုတာပဲ။ မြို့ပြနိုင်ငံလေးတွေ အများကြီးဖြစ်။ နောက်ဆုံးမှာ အလောင်းဘုရား ဦးအောင်ဇေယျက ပြန်စုပြီး ပြန်တိုက်။ အခြားဒေသတွေကို ထိန်းချုပ်လာနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ပြိုကွဲတာပဲ။ အင်္ဂလိပ်လက်အောက်တောင် ရောက်သွားသေးတယ်။ 

အဲ့ဒါတွေကို သင်ခန်းစာ ယူရမယ်ဆိုရင် ဗမာတွေဟာ အခြားတိုင်းရင်းသားဒေသတွေကို ထိန်းချုပ်ထားတာ မကောင်းဘူး။ ကြာကြာ မထိန်းနိုင်ဘူး။ ဒီတော့ ကြာရင်ပြိုကွဲမှာပဲ။ အခုတောင် မြန်မာအစိုးရဟာ တစ်တိုင်းပြည်လုံးကို ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ ခေတ်အခြေအနေက သီပေါမင်း ပါတော်မူခါနီးကလိုပဲ။ ဟိုက ထကြွလိုက်၊ ဒီက ထကြွလိုက်နဲ့။ 

သူတို့ကို တိုက်ခိုက်နေရတော့ တိုင်းပြည်ကိုလည်း ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူး။ စစ်စရိတ်ကလည်း ကုန်သေးတယ်။ ဒေသဖွံ့ဖြိုးရေးလည်း မလုပ်နိုင်ဘူး။ တိုင်းရင်းသားဒေသတွေမှာတင် တိုးတက်အောင် မလုပ်နိုင်တာလားဆိုတော့ မဟုတ်ဘူး။ ဗမာတွေနေတဲ့ ပြည်နယ်တွေမှာလည်း မလုပ်နိုင်ဘူး။ ဧရာဝတီကလမ်းတွေဟာ ရှမ်းပြည်က လမ်းတွေလောက်တောင် မကောင်းရှာဘူး။ 

တိုင်းရင်းသားဒေသတွေကို ထိန်းချုပ်ထားဖို့အတွက်လည်း မြန်မာတွေမှာက မကျွမ်းကျင်ဘူး။ အင်္ဂလိပ်တွေ အုပ်ချုပ်သွားတုန်းက တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်တာ ရှားတယ်။ ပုန်မကန်ကြဘူး။ အခု ဗမာတွေ အုပ်ချုပ်မှပဲ ဟိုက ပုန်ကန်ရတာနဲ့၊ တောခိုရတာနဲ့။ 

ဒါကြောင့်မို့ စိုပြေသာ အာဏာရှိကြည့်။ ပြည်နယ်တွေ အကုန်လုံးကို လွတ်လပ်ပေးမယ်။ 

အဲ့ဒါဆို အေးပြီ။ ရခိုင်ကိစ္စလည်း ပူစရာမလို တော့ဘူး။ ရခိုင်တွေ၊ ကိုယ်ဟာကိုယ် ဘင်္ဂါလီတွေနဲ့ ချကြတော့။ နိုင်ငံတကာတပ်တွေ ဝင်လာတော့လည်း စိုပြေတို့နဲ့ မဆိုင်တော့ဘူး။ ရခိုင်ကိစ္စ ရှင်းသွားတာနဲ့တင် တော်တော် ခေါင်းပေါ့သွားမှာ...။ 

ကချင်တို့၊ ရှမ်းတို့လည်း သူတို့ဘာသာ အုပ်ချုပ်ပါစေတော့။ အဲ ... ဒါပေမဲ့ ကျောက်စိမ်းတွင်းတို့၊ ပတ္တမြားတွင်းတို့ကိုတော့ စိုပြေတို့ ထိန်းချုပ်မှာပေါ့လေ။ ရခိုင်ကိုလည်း မြေကိုပဲပေးမယ်။ ပင်လယ်တော့ မပေးဘူး။ ပင်လယ်ထဲမှာ ဂက်စ်တွေ၊ ရေနံတွေ ရှိတယ်မဟုတ်လား။ ပြီးတော့ ငါးလည်းရှိသေးတယ်။ 

နောက်ပိုင်း ကချင်မှာလည်း အချင်းချင်း ချချင် ချကြပါစေ။ ရှမ်းမှာဆိုလည်း ပိုဆိုးမှာ။ အခုတောင် အချင်းချင်း ချနေကြတာ။ မချရင်လည်း ချအောင် မြှောက်ပေးရမှာပဲ။ 

သူတို့ အဲ့လိုချနေတုန်းမှာ စိုပြေက ဗမာတွေကို အုပ်ချုပ်မယ်။ ဗမာတိုင်းတွေဘက်မှာက အစကတည်းက ပြဿနာ သိပ်မရှိတော့ အေးဆေးပဲ။ အဲ့တော့ ကောင်းကောင်းအုပ်ချုပ်နိုင်။ ကောင်းကောင်း အုပ်ချုပ်တော့ စီးပွားရေး တိုးတက်၊ ချမ်းသာ၊ ထမင်းဝဝ စားနိုင်မယ်။ ထမင်းဝဝ စားတော့ အားတွေရှိမယ်။ 

အဲ့လို ချမ်းသာလာတဲ့ တစ်နေ့မှာတော့ စောစောက လွတ်လပ်ရေး ပေးလိုက်တဲ့ ပြည်နယ်တွေကို ပြန်သိမ်းမယ်။ ဟုတ်တယ်လေ။ ချမ်းသာနေမှတော့ ဘာလုပ်မလဲ။ အခု အမေရိကန်လိုပေါ့။ ဟိုနိုင်ငံကိုချလိုက်။ ဒီနိုင်ငံကို ဆော်လိုက်နဲ့။ စိုပြေတို့ ချမ်းသာရင်လည်း အမေရိကန်လိုပဲ ကမ္ဘာမှာ လေကျယ်မှာပေါ့။ 

တိုင်းရင်းသားဒေသတွေကလည်း သူတို့အချင်းချင်း ချနေတာနဲ့တင် စိုပြေတို့ကို ပြန်ချနိုင်မှာမဟုတ်ဘူး။ အားတွေလည်း ရှိမှာမဟုတ်ဘူး။ အဲ့တော့မှ အေးအေးဆေးဆေး အုပ်ချုပ်ပေတော့ပဲ။ ဒီကြားထဲမှာတောင် ကိုစိုပြေကြီးတို့ရယ် ...။ လွတ်လပ်ရေး မယူတော့ပါဘူး၊ ပြန်အုပ်ချုပ်ပါတော့လို့တောင် လာပြောချင်ပြောဦးမယ်။ ဗမာတွေမှာလည်း အဲ့စိတ်ရှိတယ်လေ။ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးယူတာ စောသွားတယ်။ ယူကို မယူသင့်ဘူးဆိုတဲ့ လူမျိုးတွေရှိတယ် မဟုတ်လား။ 

ဒီကြားထဲမှာ ခုနက လွတ်လပ်ရေး ပေးလိုက်တဲ့ ပြည်နယ်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတွေက ဝင်သိမ်းချင်လည်း သိမ်းလောက်တယ်။ အဲ့ဒါဆိုရင် ကုလသမဂ္ဂမှာ ဒီနယ်မြေတွေဟာ မြန်မာပိုင်ပါဆိုပြီး တောင်းဆိုမယ်။ မရရင် ... ကုလသမဂ္ဂကို လာဘ်ထိုးမယ်။ ချမ်းသာပြီးကိုး ...။ 

အိန္ဒိယတို့၊ တရုတ်တို့ သိမ်းသွားရင် ပိုတောင် ကောင်းသေးတယ်။ သူတို့က တိုးတက်အောင်လုပ်မှာပဲ။ အဆောက်အအုံတွေ ဆောက်မှာပဲ။ အဲ့ဒါဆို ဗမာတွေ မြန်မာပြည်လုပ်ပြီး အုပ်ချုပ်တဲ့အချိန်ကျရင် သိပ်မပင်ပန်းတော့ဘူး။ ဒီထက်မက ချမ်းသာရင်တော့လည်း ထိုင်းတို့၊ တရုတ်တို့ကိုပါ လျှောက်သိမ်းပစ်လို့ ရသေးတယ်။ 

ဒါကြောင့် စိုပြေ အာဏာရှိရင် ...။ အာဏာရှင် ဖြစ်ရင် ...။ ပထမဆုံး တိုင်းရင်းသားဒေသတွေကို လွတ်လပ်ရေး ပေးမယ်။ ဒါကြောင့် တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်ရေး လိုချင်ရင် စိုပြေ ရွေးကောက်ပွဲ ဝင်ရင် မဲပေးကြပါ။ 

လွတ်လပ်ရေးပေးပြီးရင် စိုပြေတို့ ဗမာပြည်ကို တိုးတက်အောင် လုပ်မယ်၊ ချမ်းသာအောင် လုပ်မယ်။ သူများတွေလို စင်ကာပူထက်သာအောင် မလုပ်ဘူး။ အမေရိကထက်သာအောင် လုပ်ပစ်မယ်။ အမေရိက ထက်သာပြီဆိုရင်တော့ ...။ ခုနက လွတ်လပ်ရေး ပေးလိုက်တဲ့ ပြည်နယ်တွေကို ပြန်သိမ်းပေးမယ်။ အဲ့ဒါကြောင့် ဗမာတွေလည်း စိုပြေ့ကို မဲပေးကြပါ။ 

လာမယ့်ရွေးကောက်ပွဲမှာ တွေ့ကြတာပေါ့လေ ...။ 

စိုပြေ