News

POST TYPE

ARTICLE

အိန္ဒိယတွင် ခင်ပွန်းဖြစ်သူက တင်တောင်းကြေးမရ၍ ဇနီး၏ ကျောက်ကပ်ကို ခိုးယူ
09-Feb-2018



ဒေလီ၊ ဖေဖော်ဝါရီ ၈

အိန္ဒိယနိုင်ငံတွင် ခင်ပွန်းဖြစ်သူက မရသေးသော တင်တောင်းကြေး (မင်္ဂလာပွဲ အတွက် ဇနီးဖြစ်သူက တင်တောင်းရသော ပိုက်ဆံ)ကို ရယူရန်အတွက် ညီဖြစ်သူနှင့် ပူးပေါင်းကြံစည်ကာ ကျောက်ကပ်ကို ခိုးယူခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အနောက်ဘင်ဂေါနယ်မှ အမျိုးသမီး၏ ခင်ပွန်းသည် လွန်ခဲ့သော ၂ နှစ်က သူမ၏ဇနီး ဗိုက်အောင့်ဝေဒနာ ခံစားနေရသည့်အချိန်တွင် အူအတက်ရောင် ခွဲစိတ်ကုသမှုကို စီစဉ်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

ထို့နောက် ၂၀၁၇ တွင် အခြားရောဂါနှင့်ပတ်သက်၍ ဆေးစစ်မှုနှစ်ကြိမ် ပြုလုပ်ရာမှ ကျောက်ကပ်တစ်ဖက်မရှိတော့ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူမ၏ခင်ပွန်းသည် မရသေးသော တင်တောင်းကြေးကို မကြာခဏ တောင်းခံခဲ့သည်ဟု ဇနီးဖြစ်သူက စွပ်စွဲထားသည်။

အိန္ဒိယနိုင်ငံတွင် သတို့သမီးဘက်မှ သတို့သားထံ ဓလေ့ထုံးစံအရ ပေးရသော တင်တောင်းကြေးကို ၁၉၆၁ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ပြီးဖြစ်သည်။

ယခုအမှုတွင် နစ်နာသူရီတာဆာကာက သူမသည် တင်တောင်းကြေးပြဿနာကြောင့် အိမ်တွင်း နှိပ်စက်ညှဉ်းပန်းမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသည်ဟု မီဒီယာများသို့ ပြောကြားသည်။

“ကျွန်မရဲ့ ခင်ပွန်းက ကာလကတ္တားက ပုဂ္ဂလိကဆေးခန်းတစ်ခုကို ခေါ်သွားပြီး ရောင်နေတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားလိုက်ရင် ကောင်းသွားလိမ့်မယ်လို့ အဲဒီကဆရာဝန်နဲ့ ခင်ပွန်းက ပြောခဲ့ပါတယ်။ ပြီးတော့ ကာလကတ္တားမှာ ခွဲစိတ်ခဲ့တာကို ဘယ်သူ့ကိုမှ မပြောနဲ့လို့ ခင်ပွန်းက ပြောပါတယ်”ဟု ရီတာကာဆာက ရှင်းလင်းပြောဆိုကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာက ရေးသားထားသည်။

လအတန်ကြာပြီးနောက် သူမသည် နေထိုင်မကောင်း ဖြစ်လာသောကြောင့် ဆရာဝန်တစ်ဦးထံ သွားရောက်ပြသရာမှ စကင်ရိုက်ကြည့်သောအခါ ညာဘက်ကျောက်ကပ် မရှိတော့ကြောင်း တွေ့ရှိခဲ့ပြီး ရောဂါကို အတည်ပြုရန်အတွက် ဒုတိယအကြိမ် ဆေးစစ်မှု ထပ်မံပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

“ခွဲစိတ်ကုသမှုအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ ယောကျာ်းက တောင်းဆိုခဲ့တာကို အခုမှ သဘောပေါက်သွားတယ်။ သူလိုချင်နေတဲ့ တင်တောင်းကြေးကို ကျွန်မမိသားစုဘက်က မပေးနိုင်လို့ ကျွန်မကျောက်ကပ်ကို သူက ရောင်းစားလိုက်တာပါပဲ”ဟု သူမက ပြောကြားသည်။

ရဲမှူး အူဒေးရှန်ကာဂို့ရှ်က “ဒါမျိုး လုပ်စားနေတဲ့ဂိုဏ်းနဲ့ ပတ်သက်မှုရှိတယ်လို့ သံသယရှိပါတယ်။ လူသားအတွင်းကလီစာနဲ့ အစိတ်အပိုင်းများ အစားထိုးကုသမှုဆိုင်ရာ အက်ဥပဒေအရ ဒီအမှုကို မှတ်ပုံတင်စာရင်း သွင်းထားပါတယ်။ တရားခံသုံးဦးကိုလည်း သတို့သမီးအပေါ် နှိပ်စက်မှု၊ သတ်ဖြတ်ရန် ကြိုးစားမှုတွေနဲ့ စွဲချက်တင်ထားပါတယ်”ဟု ပြောကြားသွားသည်။

F-04