News

POST TYPE

ARTICLE

အာနန္ဒာဘုရား ခြောက်နှစ်ကြာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးဆုံး
မန္တလေး၊ ဖေဖော်ဝါရီ ၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားကြီးကို အိန္ဒိယနိုင်ငံမှ ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

“အာနန္ဒာဘုရားကို ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ရေးထိုးပြီးတော့ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှာ လုပ်ငန်းစတယ်။ သူတို့ဘတ်ဂျက်နဲ့လုပ်တဲ့ လုပ်ငန်းတွေတော့ ပြီးသွားပါပြီ။ ဒါပေမဲ့လည်း ပြုပြင်ထားတဲ့အပေါ်မှာ စောင့်ကြည့်ပြီးတော့ လိုအပ်တာလေးတွေ ဖြည့်ဖို့တော့ရှိမယ်”ဟု ၎င်းက ပြောဆိုသည်။

အာနန္ဒာဘုရားကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် အပေါ်ထပ် ရေပိတ်လွှာပြုလုပ်ခြင်း၊ ပစ္စယာအပေါက်ဖာထေးခြင်း၊ အတွင်းနံရံ လိုဏ်ပတ်လမ်းရှိ ထုံးသင်္ကန်းများဖုံးလွှမ်းနေသည့် နံရံဆေးရေးပန်းချီများ ပြန်ဖော်ခြင်း၊ ဘုရားအပြင်ဘက်ရှိ သဲကျောက်ပြား ရင်ပြင်ကြမ်းခင်း ဖာထေးခြင်း၊ ဘုရားအပြင်ဘက် ရေညှိတက်နေသည့် ပန်းခတ်တစ်ဆူလုံးကို ကြေးချွတ်ခြင်း၊ တံတိုင်းတွင်ကပ်တွယ်နေသော ရေညှိများကို တိုက်ချွတ်ခြင်း၊ ဘုရားအရှေ့ဘက်တွင် ဥယျာဉ်တစ်ခု ပြုလုပ်ခြင်းလုပ်ငန်းများ ပါဝင်ခဲ့သည်။

အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံရှိ Archaeological Survey of India မှ ပညာရှင်များ လာရောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ၂၀၁၂ -၂၀၁၃ ခုနှစ်မှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အထိ စီမံကိန်းကာလ ခြောက်နှစ်ကြာမြင့်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

M-05