News

POST TYPE

ARTICLE

တအာင်း-ပလောင်နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

TNLA နှင့် RCSS အဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တရားဝင် ပဏာမတွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုတိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့်နမ့်ဆန်မြို့နယ် နယ်စပ်ကြား တောဖယ်ကျေးရွာနှင့် ကိုက်တိုင် (ကြက်သေ) ကျေးရွာကြားတွင် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီမှစတင်၍ တစ်နာရီခွဲကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

RCSS တပ်ဖွဲ့ဝင်များက TNLA တပ်ရှိရာသို့ ဆက်လက်ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းလာရာမှ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်သည့်နေရာသည် ယခင်က တအာင်း-ပလောင်အဖွဲ့ (TNLA) ထိန်းချုပ်ထားသည့် ဒေသဖြစ်ကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် ယင်းဒေသမှTNLA တပ်များ ပြန်လည်ဆုတ်ခွာသွားချိန်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က ပြန်လည်ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း RCSS တပ်မှူးတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ရက်က ဖြစ်တဲ့နေရာမှာပဲ ပြန်ဖြစ်တာပေါ့။ အခု ဒီနေရာ ဒီတောင်ကုန်းကို ပြန်ပြီးလာတိုက်ခိုက်လို့ဖြစ်တာ”ဟု အဆိုပါ RCSS တပ်မှူးက ဆိုသည်။

တအာင်း-ပလောင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က တရုတ်-မြန်မာ နယ်စပ်တစ်နေရာတွင် ပထမအကြိမ် တရားဝင် ပဏာမတွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်ဖွဲ့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဖြေရှာနိုင်ရန် ဆွေးနွေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နှစ်ဖက်အပစ်အခတ်ရပ်စဲမှု ပြုလုပ်နိုင်ရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများ အဖြေရှာနိုင်ရန် အဆင့်မြင့် ခေါင်းဆောင်များအကြား ဆက်လက်ဆွေးနွေးသွားရန် သဘောတူကြောင်း ထုတ်ပြန်ခဲ့သည်။

တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အစိုးရနှင့်အပစ်ရပ် သဘောတူထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး “ဝ” တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ (FPNCC) တွင်လည်း ပါဝင်နေသည့် အဖွဲ့ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တွင် ပါဝင်သည့်အဖွဲ့ ဖြစ်သည်။

RCSS/SSA အဖွဲ့သည် NCA စာချုပ်ကို လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် ရှမ်းမြောက်သို့ တပ်စခန်းများကို ရွှေ့ပြောင်းနေသည့်အတွက် ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း TNLA အဖွဲ့က ထုတ်ပြန်ထားသည်။

J-08