News

POST TYPE

ARTICLE

ဘင်္ဂါလီဒုက္ခသည်စခန်းမှ လုပ်ဇာတ်များ
06-Feb-2018

ဟန်နာဘိခ်ျရေးသားပြီး ဇေဝင်းနောင်ဘာသာပြန်ဆိုသည်

မူရင်းဆောင်းပါးရှင် ဟန်နာဘိခ်ျသည် ယခင်က တိုင်းမဂ္ဂဇင်း၏ အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲဖြစ်ပြီး ၂၀၁၇ မှစပြီး နယူးယောက်တိုင်းမ် သတင်းစာ၏ ဘန်ကောက်အခြေစိုက် အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲ ဖြစ်လာခဲ့သူဖြစ်သည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရပါ ဝေဖန်ထိုးနှက်လေ့ရှိသူ ဖြစ်သည်။ မကြာသေးမီက ဘင်္ဂါလီဒုက္ခသည်အရေးကို အထူးသတင်းရယူနေသူဖြစ်သည်။ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်တို့ ထွက်ပြေးသော ဘင်္ဂါလီတို့၏ ပြောစကားများကိုသာ အခြေပြုပြီး ဝေဖန်သော ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သူဖြစ်သည်။ ယခုဆောင်းပါးတွင်မူ အဖော်မပါ အရွယ်မရောက်သေးသော ဒုက္ခသည်များအကြောင်း သတင်းယူရာမှ ဘင်္ဂါလီဒုက္ခသည်အချို့၏ ဖြစ်စဉ်ချဲ့ကားပြောဆိုမှုများ၊ ထိုးဇာတ်၊ လုပ်ဇာတ်ဆင် ပြောဆိုမှုများတွေ့ရှိခဲ့ရပုံကို ဖော်ထုတ်ရေးသားထားသည်။အမေရိကန်မှ ဩဇာကြီး သတင်းစာကြီးတစ်စောင်တွင် ဘင်္ဂါလီအချို့၏ လုပ်ဇာတ်များအကြောင်း ဖွင့်ချဖော်ပြထားမှုမှာ ဆောင်းပါးရှင်ဘိခ်ျ၏ လေသံပြောင်းလဲမှုဟုသာ ဆို၍မရဘဲ ဩဇာကြီး နယူးယောက်တိုင်းမ်သတင်းစာ၏ အာဘော်အပြောင်းအလဲလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။ ထို့ထက် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရလျှင် ပြည်တွင်းက မည်သို့ရှင်းပြသည်ဖြစ်စေ လက်မခံဘဲ တစ်ဖက်သတ် ဝေဖန်ပြစ်တင်မှုများသာ လုပ်ဆောင်ခဲ့သော အမေရိကန်နှင့် အနောက်ကမ္ဘာ၏ မူဝါဒသည် မြန်မာနိုင်ငံကို တရုတ်နှင့်နီးကပ်သွားစေရန် တွန်းပို့ပေးသလိုသာ ဖြစ်စေမည်ဆိုသည့် အချက်ကို လက်ခံလာသည်နှင့်အမျှ အမေရိကန်၏ မူဝါဒပြောင်းလဲလာမည်လော၊ ဖြစ်စဉ်၏ ဘက်နှစ်ဖက်စလုံးကို မျှတစွာ ရှုမြင်လက်ခံလာမည်လောဆိုသည့် အချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းလာပြီဖြစ်ပါသည်။ ယင်းအချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်၏ အင်တာဗျူးတွင် မြင်တွေ့ခဲ့ရသလို ယခုဆောင်းပါးတွင်လည်း တစေ့တစောင်း တွေ့နိုင်မည်ဖြစ်ပါသည်။
အယ်ဒီတာ

ငယ်ရွယ်သော ညီအစ်မလေးယောက်သည် ပူးကပ်ထိုင်နေကြသည်၊ အတူရှိနေကြသော်လည်း အထီးကျန်ဖြစ်နေကြသည်။

သူတို့ပြောပြသည့် သူတို့ဇာတ်လမ်းက ဒရာမာဆန်လွန်းလှသည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင် သူတို့အိမ်ကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ချိန်မှာ သူတို့အမေ သေဆုံးသွားခဲ့သည်။ ဖခင်ဖြစ်သူမှာ တရားဝင်ထိန်းသိမ်းခံစဉ် ပျောက်ဆုံးသွားသော သေပြီဟုယူဆရသော ဘင်္ဂါလီ မွတ်ဆလင် ထောင်ပေါင်းများစွာအနက်မှ တစ်ဦးဖြစ်သည်။

အသက် ၁၂ နှစ်၊ ၈ နှစ်၊ ၅ နှစ်၊ ၂ နှစ်သာရှိကြသေးသည့် ထိုညီအစ်မများသည် တစ်နည်းနည်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံနိုင်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော သူတို့ဦးလေးဖြစ်သူက သူ၏ ဆာလောင်နေသော သားသမီး တစ်ပြုံတစ်မကြီးနှင့်အတူ ထိုညီအစ်မလေးဦးကို စောင့်ရှောက်ထားသည်။

“ကျွန်မမိဘတွေ မြန်မာပြည်မှာ အသတ်ခံခဲ့ရတယ်။ သူတို့ကို အရမ်းသတိရတာပဲ”ဟု အကြီးမကြီး ဂျန်ကူဘီဂမ်က ဆိုသည်။

ဒုက္ခသည်စခန်းများသို့ မိသားစုဝင်များမပါဝင်ဘဲ ရောက်ရှိလာသော ကလေးများအကြောင်း ကျွန်မ (မူရင်းဆောင်းပါးရှင် ဟန်နာဘိခ်ျ) သတင်းယူနေခြင်းဖြစ်သည်။ ဦးလေးဖြစ်သူကို ငွေကြေးထောက်ပံ့ပေးထားသော အပြည်ပြည်ဆိုင်ရာ ပရဟိတအဖွဲ့တစ်ခုက ကျွန်မကို ထိုကလေးများနှင့် တွေ့ပေးခြင်းဖြစ်သည်။

တစ်နာရီအတွင်း ကျွန်မမှတ်စုစာအုပ်မှာ စိတ်နှလုံးထိခိုက်စရာ ပြောစကားများနှင့် ပြည့်နှက်သွားသည်။ ထိုအထဲမှာ အနည်းငယ်သာ မှန်ကန်မှုရှိခဲ့သည်။

သုံးရက်ကြာ သတင်းယူအပြီးတွင်တော့ အမှန်တရားက ပေါ်ထွက်လာသည်။ မိန်းကလေးများကို စောင့်ရှောက်ထားသည်ဆိုသော ဆိုယုဒ်ဟိုစိန် ဆိုသူမှာ တကယ်တမ်းတွင် ထိုမိန်းကလေးများ၏ အဖေအရင်းဖြစ်နေသည်။ သူ့မှာဇနီးသုံးယောက်ရှိသည်၊ နှစ်ယောက်က ဘင်္ဂလားဒေ့ရှ်တွင်ဖြစ်ပြီး တစ်ယောက်က မြန်မာနိုင်ငံတွင်ဖြစ်သည်ဟု နောက်ဆုံးမှာ သူဝန်ခံခဲ့သည်။ ယခုကလေးများမှာ မြန်မာနိုင်ငံရှိ သူ၏အငယ်ဆုံးဇနီးက မွေးသူများဖြစ်သည်။

မည်သည့် ဒုက္ခသည်စခန်းတွင်မဆို အဖြစ်ဆိုးများသည် လူသုံးကုန်ပမာ အသုံးတည့်လှသည်။ အကူအညီပေးရေးအဖွဲ့များက အလိုအပ်ဆုံးသူများကို အဓိကထား ကူညီလိုကြရာ မိဘမဲ့ ညီအစ်မလေးယောက် ဇာတ်လမ်းသည် ပိုင်ဆိုင်မှုများ မည်ကာမတ္တမျှသာ ဆုံးရှုံးခဲ့သော မိစုံဖစုံမိသားစု တစ်ခုထက်ပိုပြီး တန်ဖိုးရှိသည်။

အကူအညီပေးရေးအဖွဲ့များက ဖြန့်ဖြူးပေးသော ကယ်ဆယ်ရေးပစ္စည်းများ ရရှိရေး ယှဉ်ပြိုင်ရန်အတွက် ဒုက္ခသည်များသည် မွေးစကလေး ရင်ခွင်ပိုက်ထားသော အမျိုးသမီးများကို အသုံးချရမည်မှန်း သင်ယူနားလည်ထားကြသည်။ ငိုကြွေးနေသော ကလေးများကို ရှေ့ဆုံးသို့ ထိုးတင်ပေးကြသည်။

ယင်းနည်းလမ်းများသည် သဘာဝရှင်ကျန်ရေး နည်းဗျူဟာ တစ်မျိုးသာဖြစ်သည်။ မိသားစုအစာဝဖို့ရာ မည်သူမဆို ဒီလိုနည်းသုံးလာနိုင်သည်။

သို့သော်လည်း မဟုတ်မဟတ် ဇာတ်လမ်းများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီတို့အပေါ် ကျူးလွန်ခဲ့သောဆိုသော လူသတ်၊ မုဒိမ်းကျင့်၊ ကျေးရွာများမီးရှို့ခြင်းဆိုသော အမှန်တကယ်ကြုံခဲ့ရသော အဖြစ်ဆိုးများ၏တန်ဖိုးကို ကျဆင်းစေသည်။ (ယင်းမှာ မူရင်းရေးသားသူ အမြင်သာဖြစ်သည်)။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆသလို လူမျိုးရေးရှင်းလင်းမှု မဟုတ်ဘဲ ပြည်ပကျူးကျော်သူများ၏ လှည့်ဖြားမှုသာ ဖြစ်သည်ဆိုသော မြန်မာအစိုးရ၏ သဘောထားအမြင်ကို ယင်းသို့သော ဖွဲ့နွဲ့အမွှမ်းတင်ထားသည့် ဇာတ်လမ်းများက အထောက်အကူပင် ပြုနေသည်ဆိုရမည်။

မြန်မာနိုင်ငံဘက်မှ တရားဝင်ပြောဆိုကြသည့် ဇာတ်လမ်းအရဆိုလျှင် ဘင်္ဂါလီ မွတ်ဆလင်များသည် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုး ဝင်လာသူများသာဖြစ်သည်။ အဆိုပါ မွတ်ဆလင် အမျိုးသားများက ဇနီးအများအပြားယူကြရာ ဘင်္ဂါလီတို့သည် မြန်မာနိုင်ငံ၏ လူများစု ဗုဒ္ဓဘာသာဝင်များထက် မျိုးပွားနှုန်း ပိုမိုမြန်ဆန်နေသည်ဟူ၍ ဖြစ်သည်။

ဤပြောဆိုချက်ကို တန်ပြန်ရန် အထောက်အထား တပုံတပင်ရှိသည်။ ဒေသတွင်းမှ မွတ်ဆလင်အခြေချမှုသည် မျိုးဆက်နှင့်ချီပြီး ရှိနေသည်။ ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာအချိုးသည် ပြီးခဲ့သည့် ရာစုနှစ်ဝက်အတွင်း သိသိသာသာ ပြောင်းလဲမသွားခဲ့။

သို့သော်လည်း ဘင်္ဂါလီတို့ နေထိုင်ခဲ့ရာဒေသတို့ ဝင်ရောက်ခွင့်ကို မြန်မာအစိုးရက ကန့်သတ်ထားသလို ထိပ်တန်းကုလသမဂ္ဂ တာဝန်ရှိသူများ (ယန်ဟီးလီကို ဆိုလိုပုံရသည်) ကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပင် မပေးတော့ရာ ရက်စက်ကြမ်းကြုတ်မှုများ၏ လက်ဆုပ်လက်ကိုင် သက်သေအထောက်အထား စုဆောင်းရန် စုံစမ်းစစ်ဆေးသူများနှင့် ဂျာနယ်လစ်များအတွက် မဖြစ်နိုင်တော့ပေ။ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဆိုသော ကိစ္စကို စုံစမ်းရန်ကြိုးပမ်းခဲ့သော ရိုက်တာသတင်းဌာနမှ ဒေသခံ သတင်းထောက်များသည်လည်း ယခုအခါ အကျဉ်းကျနေကြသည်။

ထို့ကြောင့်ပင်လျှင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများမှ ၎င်းတို့၏ စိတ်ဓာတ်ဒဏ်ရာတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြနိုင်သော ထိခိုက်ခံစားရသူများကို မေးမြန်းရသည်က ပိုမိုလွယ်ကူနေခြင်းဖြစ်သည်။ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်မှ လတ်လတ်ဆတ်ဆတ် သေနတ်ဒဏ်ရာသည် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ခဲ့ကြောင်း သက်သေတစ်ခုဖြစ်သည်။

တစ်ဦးချင်းစီ၏ ပြောစကား ကိုးကားဖော်ပြမှုတိုင်းအတွက် အနည်းဆုံး နောက်ထပ် လူတစ်ဒါဇင်လောက်၏ ပြောစကားများ ကျွန်မမှတ်စုစာအုပ်ထဲတွင် ကျန်သေးသည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း ကျွန်မတို့ သတင်းတိုင်းကိုလွှမ်းမိုးသည့် သတင်းထောက်တစ်ယောက်တွင် လိုအပ်သော သံသယထားမှုမှာ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကျူးကျော်စော်ကားမိသလိုပင် ဖြစ်လာသည်။ မုဒိမ်းကျင့်ခံရကြောင်း သူစိမ်းတစ်ယောက်ကို ဖွင့်ပြောပြနေသည့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို သူ့ဇာတ်လမ်းက သံသယဖြစ်စရာကောင်းသည်ဟု သွားပြောမိလျှင် သူဘယ်လိုခံစားရပါမည်နည်း။

သို့သော်လည်း ပြည်ပမီဒီယာများတွင် ကိုးကားဖော်ပြထားသော ဘင်္ဂါလီများ၏ ဇာတ်လမ်းများထဲတွင် မဟုတ်မမှန်ဟု ကျွန်မသိထားသောကိစ္စများ တွေ့နေရသည်။ ၎င်းတို့၏ ဇာတ်လမ်းများသည် အချို့ဖြစ်စဉ်များတွင်ဆိုလျှင် အရမ်းလှုံ့ဆော် ဖမ်းစားနိုင်လွန်းနေပြီး မဟာဒုက္ခ မုန်တိုင်းကျသလို ဖြစ်နေသည်။

ယင်းမှာ လွန်ခဲ့သော ငါးလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် ဘင်္ဂါလီ ၇ သိန်းနီးပါး ကြုံခဲ့ရသော အတိဒုက္ခတို့မှာ အရေးမကြီးလှဟု လျှော့တွက်ရန် အကြောင်းပြချက်တော့ မဟုတ်ပေ။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့်နှစ်က တစ်လအတွင်း သတ်ဖြတ်ခံခဲ့ရသူ ဘင်္ဂါလီ ၆၇၀၀ ခန့်အထိ ရှိသည်ဟုဆိုသည်။ ယင်းကိန်းဂဏန်းသည်ပင် နည်းကောင်းနည်းနေနိုင်သည်ဟု ထိုအဖွဲ့က ဆိုသည်။

လေးရက်တာ သတင်းယူမှုအတွင်း ၉ နှစ်အရွယ် နော်ရှက်ဒ်ဆိုသော ကောင်လေးတစ်ယောက်ကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ ကျွန်မမှတ်စုစာအုပ် ထဲမှာ သူ့အိမ်ပုံ၊ သူ့မိဘများကို မြန်မာစစ်သားများက ကြိုးဆွဲချသတ်သည့် သစ်ပင်ပုံများ သူဆွဲပြသည်။

ဒီ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ကူးဖို့ သူဖက်တွယ်လာခဲ့ရသည့် ဂါလန်ပုံးပုံပါဆွဲပြသည်။ သူ့ညှပ်ဖိနပ်ကို နွယ်ကြိုးတွေနှင့်ခါးမှာချည်ပြီး ယူလာခဲ့သည်ဟု ဆိုသည်။ ထိုညှပ်ဖိနပ်က သေသွားသည့်သူ့ အမေထံမှရတာဟု ပြောပြသည်။ ထိုဖိနပ်တစ်ရန်ကို တစ်ချက်လှည့်ကြည့်ပြီး နော်ရှက်ဒ်က ရှိုက်ကြီးတငင် ငိုနေသည်။

သို့သော်လည်း သူ့ဇာတ်လမ်းက ရှေ့နောက်မညီ။ နော်ရှက်ဒ်က သူ ခရစ်ကတ်ကစားနည်းကို ကြိုက်သည်ဟု ဆိုသည်။ ခရစ်ကတ်က ဘင်္ဂလားဒေ့ရှ်မှာ လူကြိုက်များသော်လည်း မြန်မာနိုင်ငံမှာ ကစားသူမရှိ။ သူ့ အဘိုးအဘွားတွေလည်း စစ်တပ်ကသတ်လို့ သေသည်ဟု အစောပိုင်းမှာ ပြောသည်။ နောက်ပိုင်းကျတော့ သူ့ဘာသာသေတာဆိုပြီး ဖြစ်သွားပြန်သည်။

သူထွက်ပြေးလာသည်ဆိုသောရွာမှ ဒေသခံများကိုလည်း စခန်းမှာတွေ့သည်။ သူတို့ဆီက သိရသမျှဆိုလျှင် ထိုရွာမှာ ဘယ်သူမှ အသတ်မခံခဲ့ရ၊ သစ်ပင်မှာ ကြိုးဆွဲချဖို့ဆိုသည်က ဝေလာဝေး။

ထိုသို့ဆိုလျှင် နော်ရှက်ဒ်တစ်ယောက် ဘယ်ကလာပါသနည်း။ ကူတူပလောင် ဒုက္ခသည်စခန်းရှိ ဈေးထဲမှာ ငိုယိုနေသည့်သူ့ကို တွေ့ခဲ့ကြသည်ဟု ဆိုကြသည်။ တခြားဒုက္ခသည်များက သူ့ကို ကျောင်းထားပေးကြပြီး အမျိုးသမီးများက စောင့်ရှောက်ပြီး စားစရာပေးထားကြသည်။ သူ့ဘဝမှာ တစ်ခုခုဆိုးဆိုးရွားရွား ဖြစ်ခဲ့ပုံရသော်လည်း ကနေ့အထိ သူ့ဇာတ်လမ်းအမှန်က ဘယ်လိုဆိုသည်ကို ဘယ်သူမှမသိသေး။

ကလေးတွေက မဟုတ်မဟတ်လုပ်ဇာတ်တွေ ပြောနေသည့်အကြောင်းကို လျှော့လျှော့ပေါ့ပေါ့ ကာကွယ်ရှင်းပြမှုမျိုးကလည်း ရှိနေသည်။ ကလေးတို့၏ စိတ်သန္တာန်တွင် ဖြစ်ရပ်တို့ကို ဖန်တီးပုံဖော်နိုင်ပြီး သူများဆီကဇာတ်လမ်းကို အလားတူ ကိုယ့်ဇာတ်လမ်းမျိုး လုပ်ပစ်တတ်ကြသည်ဟူ၏။

“ကလေးတချို့က ဒီလိုရက်စက်ကြမ်းကြုတ်တယ် ဆိုတာတွေကိုကြားရုံနဲ့ သူတို့စိတ်ထဲမှာ အကြောက်တရား ဝင်သွားတတ်တော့ သူတို့မြင်တာနဲ့ သူတို့ကြားတာကို ခွဲခြားဖို့ အင်မတန်ခက်သွားရော”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘင်ဂျမင်စတိန် လက်ခ်ျနာက သုံးသပ်သည်။ “ဒါက သရဲကားကြည့်သလိုပဲ။ ကလေးတွေရဲ့ အတွေ့အကြုံက လူကြီးတွေနဲ့အရမ်းကွာတယ်”ဟု ဆိုသည်။

ကျွန်မအနေနှင့်တော့ ညီအစ်မလေးယောက်၏ အဖေအရင်း ဟိုစိန်၏ ဘဝဇာတ်ကြောင်းကို ပိုကောင်းကောင်းနားလည်နိုင်သည်။ သူ့အပြောအရဆိုလျှင် သူ့ပြဿနာက မြန်မာပြည်ဘက် ခဏသွားစဉ်က အသားအရေစိုပြည်ပြီး လှပချောမွေ့သော ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ခဲ့ရာက စသည်ဟုဆိုသည်။

“ကောင်မလေးက အရမ်းလှတော့။ ကျုပ်က သူ့ကိုလက်ထပ်ဖို့ လိုလာတယ်လေ”ဟု ဟိုစိန်က ဆိုသည်။

ဘင်္ဂါလီများအကြားတွင် အရွယ်မရောက်သေးသူနှင့် လက်ထပ်ထိမ်းမြားခြင်းက ပူပန်စရာ ကောင်းလောက်အောင်ပင် သမားရိုးကျ ကိစ္စတစ်ခုဖြစ်နေသည်။ သို့နှင့်ပင် ဟိုစိန်သည် မယားသုံးယောက် (မြန်မာပြည်မှ တစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်မှ နှစ်ယောက်) အကြား ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူး ဗျာများနေခဲ့သည်။ ဟိုစိန်ကတော့ မယားသုံးယောက်သည် မများလှဟု ဆိုသည်။ သူ့အဖေဆိုလျှင် မယားခြောက်ယောက်၊ ကလေး ၄၂ ယောက်ရှိသည်ဟု ဆိုသည်။

သို့သော်လည်း မိသားစုဆက်ဆံရေး မျှခြေဖြစ်အောင် သူမဖန်တီးနိုင်ကြောင်း ဟိုစိန်ကဝန်ခံသည်။ မြန်မာပြည်မှ သမီးလေးယောက် သူတို့ရွာ မီးလောင်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် လာခိုလှုံသောအခါ လီဒါဒုက္ခသည်စခန်းတွင် သူနှင့်နေသော ဆာဂျီဒါအမည်ရှိ မယားကြီးက ဒေါသူပုန်ထသည်ဟု ဆိုသည်။

နောက်ဆုံးတွင် ထိုမိန်းကလေးလေးယောက်၏ တော်စပ်မှုအမှန်ကို ဆာဂျီဒါက ဝန်ခံပြီးနောက် “ကျွန်မယောက်ျားက မကောင်းတဲ့ကောင်ပါရှင်။ သူ့အလိမ်အညာတွေ ကျွန်မတော့ စိတ်ကုန်လွန်းလို့”ဟု ဆိုသည်။

နောက်ပိုင်းတွင် ဟိုစိန်ထံ ကျွန်မ ဖုန်းဆက်မေးသောအခါ ပေါက်ကွဲနေသံဖြင့် သူပြန်ဖြေသည်။

“ခင်ဗျားလည်းသွားရော ကျုပ် သူ့ (ဆာဂျီဒါ) ကို ရိုက်တာပဲ။ နက်ဖြန် ထပ်ရိုက်ဦးမှာ”ဟု ဆိုသည်။

ဟိုစိန်၏ ခယ်မဖြစ်သူက မိသားစု၏ ရှုပ်ထွေးသော အမှန်တရားတစ်စိတ်တစ်ဒေသကို ရှင်းပြသည်။ အမှန်အတိုင်း ရှင်းပြခဲ့သောကြောင့် ဆာဂျီဒါကို သူ့ယောကျာ်းဟိုစိန်က ရိုက်တာဟု အိမ်နီးချင်းတစ်ဦးက ပြောပြသည်။

အဖော်မပါ ကလေးငယ်များ၏ အတိဒုက္ခကို မီးမောင်းထိုးပြရန်ထက် အိမ်ထောင်စုနှစ်ခု၏ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာကို သတင်းယူရသည့် ဘဝရောက်သွားသည်။ ဆာဂျီဒါကို တွေ့ဆုံမေးမြန်းခဲ့သည့် နေ့ရက်များကို ပြန်စဉ်းစားတော့ စိတ်မကောင်းဖြစ်မိသည်။
 
ထိုညီအစ်မလေးဦး မြန်မာပြည် ပြန်သွားစေချင်သည်ဟု ဆာဂျီဒါတစ်ယောက်ပြောတုန်းက ကျွန်မက ဒီအမျိုးသမီးတော့ဖြင့် စာနာမှုမရှိလိုက်တာဟု တွေးခဲ့မိသည်။ ဒါပေမဲ့ ထိုညမှာပဲ သူ့ကို သူ့ယောကျာ်း (ဟိုစိန်) က ရိုက်တော့သည်။ သူ့ယောကျာ်း၏ အငယ်ဆုံး ဇနီးလေးကမွေးသော သမီးလေးယောက်ကို မဖေးမ မကူညီသည့်အတွက် သူ့ကို ကျွန်မဝေဖန်နေချိန်မှာ ပိုးဟပ်တစ်ကောင်က ကြမ်းပြင်ပေါ်က ဖြတ်ပြေးသည်။ ကြွက်တစ်ကောင်က နောက်ကလိုက်သွားသည်။

ဆာဂျီဒါတစ်ယောက် ငိုပါတော့သည်။

ဘင်္ဂါလီတဲကို ကာထားသည့် ဝါးထရံပေါက်မှနေပြီး ကလေးတွေက ကျွန်မလှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ ကျွန်မ ဒီမှာဘာလုပ်နေလဲ၊ အရွယ်ရောက်ပြီး မိန်းမကြီးတစ်ယောက် မျက်ရည်ကျအောင် ဘယ်လိုများ လုပ်လိုက်သလဲဆိုတာကို အံ့ဩနေကြပုံရသည်။

Ref : NY Times, The Rohingya Suffer Real Horrors. So Why Are Some of Their Stories Untrue? by Hannah Beech