News

POST TYPE

ARTICLE

ရွေးချယ်စရာလမ်းမရှိခဲ့သူများ
06-Feb-2018 tagged as


မာလ်တီဒါသည် အသက် ၁၄ နှစ်သာ ရှိသေးသည်။ ပျော်စရာကောင်းတုန်းအရွယ်တွင် ဖခင်ဖြစ်သူက သူ့ကို အသက် ၃၄ နှစ် အရွယ် ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ပေးရန် လာပြောသည်။ ဖခင်က လက်ဖွဲ့ကြေးအဖြစ် နွား ၄ ကောင်နှင့် တန်ဇန်းနီးယားရှီလင် ၇ သိန်း (အမေရိကန် ၄၃၅ ဒေါ်လာ) ကို သတို့သားထံက ရရှိပြီးဖြစ်ကြောင်းလည်း ပြောပြသည်။ 

မာလ်တီဒါက ယခုမှ အလယ်တန်းကို အောင်မြင်ပြီး အထက်တန်းတက်ရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူက -

“သမီးရေ ကျောင်းဆက်မတက်နဲ့တော့။ သမီး လက်ထပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေတို့ကို လက်ဖွဲ့ကြေးပေးပြီးပြီ”ဟု ပြောလိုက်သည်။

သမီးက ကျောင်းဆက်တက်ချင်သေးသဖြင့် ယောကျာ်းမယူချင်သေးကြောင်း ပြောသော်လည်း သူ့ဖခင်က လက်မခံခဲ့ပေ။ မာလ်တီဒါ၏ မိခင်ကလည်း ရွာလူကြီးများထံသွားပြီး တောင်းပန်သည်။

“ကျွန်မ အရမ်းကို ဝမ်းနည်းသွားခဲ့တယ်။ ကျောင်းလည်း မတက်နိုင်တော့ဘူး။ လက်ဖွဲ့ကြေးကလည်း လက်ခံပြီးနေပြီ။ အဖေ့စကားကိုလည်း လက်မခံနိုင်ဘူး။ သူ့ကို မြင်လည်းမမြင်ဖူးဘူး။ ရွာလူကြီးတွေက အဖေ့ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ကျွန်မကို လက်ထပ်ဖို့ သဘောတူကြတယ်။ ကျွန်မ ဘာမှမလုပ်နိုင်တော့ဘူး။ သူတို့ ဖိအားပေးထားတဲ့အတိုင်း လက်ထပ်ရုံကလွဲပြီးတော့ ရှောင်လွှဲလို့မရတော့ဘူး”

လက်ထပ်ပြီးနောက် မာလ်တီဒါ၏ ယောကျာ်းဖြစ်သူသည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာများတွင် လူမဆန်စွာ ပြုမူဆက်ဆံ ရက်စက်တော့သည်။ သူ့ကိုလည်း ဘာမှပံ့ပိုးထောက်ပံ့မှုမရှိကြောင်းကို

“ကျွန်မယောကျာ်းက သိပ်ပြီး ဆင်းရဲတယ်။ ကျွန်မနေမကောင်းတော့ သူ့မှာ ပိုက်ဆံမရှိလို့ ဆေးရုံတောင် ခေါ်မသွားနိုင်ခဲ့ဘူး”ဟု ဆိုသည်။ 

တန်ဇန်းနီးယားနိုင်ငံတွင် အမျိုးသမီး ၁၀ ဦးလျှင် ၁ ဦးသည် ၁၈ နှစ်မတိုင်မီ လက်ထပ်နေကြရရှာသည်။ United Nations Population Fund (UNFPA) အဖွဲ့ အစီရင်ခံစာအရ တန်ဇန်းနီးယားနိုင်ငံမှ အသက် ၂၀ နှင့် ၂၄ နှစ်ကြား မိန်းကလေး ၃၇ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ခဲ့သူများ ဖြစ်နေသည်။ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရလည်း အချို့ဆိုလျှင် အသက် ၇ နှစ် အရွယ်ကတည်းက လက်ထပ်ပေါင်းသင်းခြင်းခံနေရသည်ဟု ဆိုသည်။

ကလေးသူငယ် လက်ထပ်မှုသည် တန်ဇန်းနီးယားနိုင်ငံ လူ့ဘောင်တွင် စိတ်ပျက်ဖွယ် ပျံ့နှံ့နေသည်။ တန်ဇန်းနီးယားရိုးရာဓလေ့အရလည်း အမျိုးသမီးများသည် ရာသီပန်းပွင့်လာသည်နှင့် လက်ထပ်၍ရသည်ဟု လက်ခံထားကြသည်။ ရာသီလာချိန်ကတည်းက လက်ထပ်လိုက်ခြင်းသည် မိသားစုဂုဏ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ အပျိုဖြစ်ကတည်းက မည်သူနှင့်မှ ဆက်ဆံထိတွေ့ခြင်းမပြုဘဲ လက်ထပ်မည်ဆိုလျှင် လက်ဖွဲ့ကြေးလည်း ပိုရသည်။ ယောကျာ်းမယူမီ လိင်ဆက်ဆံမိသည်၊ ကိုယ်ဝန်ရှိသည်ဆိုလျှင် တန်ဖိုးကျပြီး လက်ဖွဲ့ကြေး ကောင်းကောင်းမရသောကြောင့် မိဘတွေကလည်း အရိပ်တကြည့်ကြည့်နှင့် လာတောင်းလျှင် လက်ထပ်ပေးလိုက်ပြီး လက်ဖွဲ့ကြေးယူလိုက်ကြသည်က များသည်။

အာဖရိကတွင် အမျိုးသမီး မအင်္ဂါကို ဖြတ်တောက်သည့် female genital mutilation (FGM) ဆိုသည့် စနစ်ကလည်း ထွန်းကားသည်။ အချို့သော လူမျိုးစုများအတွင်း ငယ်ငယ်ရွယ်ရွယ်နှင့် လက်မထပ်ပေးလိုသည့် မိန်းကလေးများကို FGM လုပ်ပစ်လိုက်ပြီး ထိန်းသိမ်းထားသည်။ 

မားဆိုင်းနှင့် ဂိုဂိုလူမျိုးစုများတွင် ကလေးအရွယ် လက်ထပ်ခြင်းနှင့် FGM လုပ်ခြင်းဓလေ့တို့သည် ဆက်စပ်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အစီရင်ခံထားသည်။ အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ် မိန်းကလေးများသည် FGM လုပ်ခြင်းကို ခံနေကြရသည်။

တန်ဇန်းနီးယားနိုင်ငံဓလေ့က သမီးတစ်ယောက်ရလာလျှင် သူတို့မိသားစုအတွက်သာမက သူ့ဘဝအတွက်လည်း စောစောလက်ထပ်ပေးလိုက်လျှင် ငွေလည်းရ၊ ဘဝလည်းလှဟု ယုံကြည်လက်ခံထားကြသည်။ သူတို့ လူ့ဘောင်ဓလေ့က လက်ထပ်လိုသည့်ယောကျာ်းက မိန်းကလေးဘက်ကိုတောင်းသည့် လက်ဖွဲ့ကြေးပေးရသည်။ တစ်နည်းပြောရလျှင် တင်တောင်းသည့် လက်ဖွဲ့ကြေးအပေါ်မူတည်ပြီး သမီးပေးသည့် ယဉ်ကျေးမှုတစ်ခုဖြစ်နေသည်။

မိန်းကလေးတွေလည်း သိနေသည်။ သူတို့ ယောကျာ်းတွေက တင်တောင်းပြီး လက်ထပ်ခြင်းကို လက်ခံလိုက်ရပြီးလျှင် ဘဝကို ခက်ခဲစွာ ရင်ဆိုင်ကြရတော့မည်။ ဆင်းရဲခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းများကို ခံစားကြရတော့မည်။ နိုင်ငံအတွင်း ကလေးလုပ်သားအများစုသည်လည်း အရွယ်မရောက်မီ လက်ထပ်ပေးစားခြင်းများကို ခံနေကြရသည်။ လုပ်ငန်းခွင်များတွင် အနှိပ်စက်ခံ၊ အကြမ်းဖက်ခံ၊ အဓမ္မပြုခြင်းတွေကိုလည်း အချိန်မရွေး ခံရနိုင်သဖြင့် စောစီးစွာ လွတ်လမ်းရှာလိုက်လျှင် ကောင်းမည်ဟု ယူဆသူတွေလည်း ရှိနေသည်။ 

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တန်ဇန်းနီးယားနိုင်ငံရှိ မာဝမ်ဇာ၊ ရှင်ယန်ဂါ၊ ကီလီမန်ဂျရို၊ အရုရှာ၊ ဒိုဒိုမာနှင့် လင်ဒီ ဒေသများအတွင်း အမျိုးသမီးများကို တွေ့ဆုံမေးမြန်းပြီး သုတေသနပြုခဲ့သည်။ မိန်းကလေးတိုင်း သူတို့ကို အတင်းအဓမ္မလက်ထပ်ပေးမှုကို လက်ခံလိုကြသည်မဟုတ်။ သူတို့ မလွှဲမရှောင်နိုင်လွန်းသောကြောင့် လက်ခံလိုက်ရသည်က ပိုများနေသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ အရွယ်မတိုင်မီ လက်ထပ်ခြင်းကို တားမြစ်သည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်မည်ဆိုလျှင်ဟူ၍လည်း သုံးသပ်ကြသည်။ ဥပဒေဖြင့် အကာအကွယ်ပေးရန်မှတစ်ပါး သူတို့ဘဝကို ကူရာကယ်ရာမဲ့နေသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးတွေကို လက်ထပ်ပေးလိုက်ခြင်း၏ အကျိုးဆက်တွေက များသည်။ သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးကို ရိုက်ချိုးလိုက်သလိုဖြစ်သွားသည်။ ဘူးသီးနုနုကို ခူးချက်စားလိုက်သလို ဖြစ်သွားသည်။ အချို့ကလည်း အရွယ်မရောက်သေးသည့် မိန်းကလေးတွေကို စောစီးစွာ လက်ထပ်ပေးလိုက်လျှင် မုဒိမ်းမှုများ ပပျောက်သွားမည်ဟု ဆိုကြသည်။ မုဒိမ်းမှုတွေကလည်း ရပ်မသွား၊ ကိုယ်ယူထားသည့် မိန်းမတွေကို လူမဆန်စွာ ပြုမူဆက်ဆံမှုတွေက ပိုဆိုးလာသည်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနှင့် ကိုယ်ဝန်ဆောင်ထားရပြီး မွေးလာသည့် သားသမီးတွေကလည်း ယိုင်နဲ့နဲ့ဖြစ်ကာ ကျန်းမာရေးချူချာပြီး သန်စွမ်းကျန်းမာသည့် မျိုးဆက်သစ် လူငယ်မွေးထုတ်ရေးဆိုသည်မှာ စိတ်ကူး၍ပင် မရနိုင်လောက်သည့် အနေအထားဖြစ်သည်။ 

ငယ်ငယ်ရွယ်ရွယ်နှင့် လင်ယူသားမွေးဘဝတွင် ကျင်လည်နေရသည့် မိန်းကလေးများဘဝသည် ပညာရေးနှင့် ဝေးအောင်လည်း အဓမ္မလုပ်လိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်ရမည့်ဘဝခရီးတွင် ယောကျာ်းအပေါ် ပုံအပ်ထားရမည့် အနေအထား။ ထိုယောကျာ်းက သေသွားလျှင်၊ နောက်တစ်ယောက်ပြောင်းသွားလျှင် သားတွဲလောင်း၊ သမီးတွဲလောင်းနှင့် ဘဝပျက်ရပြီ။ သည်းမခံနိုင်လျှင် ကိုယ်ခန္ဓာရောင်းပြီး စုံးစုံးမြုပ်ရမည့် အနေအထားများဖြစ်သည်။ တန်ဇန်းနီးယားတွင် လင်ယူပြီး ယောကျာ်းအိမ်က နှင်ထုတ်ခံနေရသည့် မိန်းမအရေအတွက်တွေကလည်း များစွာဖြစ်နေသည်။ 

တန်ဇန်းနီးယား အစိုးရကလည်း လက်ထပ်သွားသည့် ကလေးများကို ကျောင်းပြန်တက်ခွင့် ပိတ်ပင်ထားပြန်သည်။ ကိုယ်ဝန်ရှိလည်း ကျောင်းထုတ်သည်။ လူမှုရေးချိုးဖောက်သည်ဆိုကာ နှင်ထုတ်ခြင်းဖြစ်သည်။ ကျောင်းများတွင် မိန်းကလေးများကို ကိုယ်ဝန်စစ်ဆေးခြင်း တရားဝင်ခွင့်ပြုထားသည်။ မိန်းကလေးဆိုသည်မှာ မည်သည့်အခွင့်အရေးကိုမှ ခံစားခွင့်မရှိဆိုသည့် သဘောဖြစ်နေသည်။

လက်ထပ်ရန် ငြင်းဆန်သည့် မိန်းကလေးများ ဘာဖြစ်ကုန်သနည်းဆိုသည်ကိုလည်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က လိုက်လံတွေ့ဆုံမေးမြန်းခဲ့ပါသည်။ လက်ထပ်ကြေးကို ယူသည်က မိဘများဖြစ်သည်။ လက်မခံနိုင်ကြောင်း မိန်းကလေးက ငြင်းလိုက်လျှင် အကြမ်းဖက်ခြင်း၊ နှိပ်စက်ခြင်း၊ အိမ်ကနှင်ထုတ်ခြင်းများ ခံရသည်။ သို့သော် များသောအားဖြင့် အိမ်ထဲပိတ်ထားပြီး နှိပ်စက်ခြင်းခံရမည်။ သတို့သားက အတင်းလာပြီး မုဒိမ်းကျင့်ကာ သိမ်းပိုက်မည်။ ပြီးလျှင် အိမ်ခေါ်ပြီးနှိပ်စက်၊ နှင်ထုတ်ခြင်းများခံရကာ ဘဝနိဂုံးချုပ်သွားရသူတွေလည်း များစွာရှိနေသည်။ 

ယောကျာ်းနောက်လိုက်နေရသည့် မိန်းကလေးတို့ဘဝကလည်း ရှင်လျက်နှင့် သေနေကြရသူများ ဖြစ်သွားသည်။ ယောက္ခမများ၏ နှိပ်ကွပ်မှုကို ပါခံရကာ သေအောင်လုပ်၊ ကျွေးတာစား၊ ပေးတာယူဘဝနှင့် ကျွန်လိုနေရပြီး စည်းကမ်းထိန်းချုပ်မှုအောက်တွင် နေထိုင်ကြရရှာသည်။ လက်ထပ်ပေးလိုက်သည်နှင့် သမီးဖြစ်သူကို အိမ်ကလည်း ပြန်လက်မခံ၊ ယောကျာ်းအိမ်ကလည်း နှိပ်စက်၊ ယောကျာ်းကလည်း လူမဆန်သည့်ဒဏ်ကို မခံနိုင်သည့်အဆုံးတွင် သတ်သေကုန်သည့် မိန်းကလေးတွေလည်း မနည်းဖြစ်သည်။ 

တန်ဇန်းနီးယားနိုင်ငံတွင် ငယ်ရွယ်စဉ် လက်ထပ်ပြီး ကိုယ်ဝန်ဆောင်သားမွေးနေမှုများကြောင့် ကိုယ်ဝန်ပျက်ကျမှုများ၊ ကလေးသေနှုန်းများလည်း အလွန်မြင့်မားလျက်ရှိသည်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ သဘာဝအတိုင်း မမွေးဖွားနိုင်ခြင်း စသည့်ဒုက္ခများခံစားကာ သေဆုံးနေရမှုများ ရှိနေသည်။ ကျေးလက်ဒေသများတွင် အမျိုးသမီးငယ်များ သေဆုံးနှုန်းက အများဆုံးဖြစ်သည်။ 

၁၉၉၈ ခုနှစ်ကစတင်ပြီး တန်ဇန်းနီးယားနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အထူးဥပဒေတစ်ရပ်ကို စတင်ပြဋ္ဌာန်းပေးခဲ့ကြောင်းတွေ့ရသည်။ အထူးသဖြင့် မုဒိမ်းမှု၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှု၊ FGM လုပ်မှုတို့ကို ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင်လည်း လွှတ်တော်က အသက် ၁၈ နှစ်မပြည့်သေးသူအားလုံးကို ကလေးသူငယ်အဖြစ်သတ်မှတ်ကြောင်း ဥပဒေဖြင့် အတည်ပြုပေးခဲ့သည်။ သို့သော် အသက် ၁၈ နှစ် ပြည့်မှ လက်ထပ်ခွင့်ပြုရန်အတွက် တင်သွင်းသည့် ဥပဒေကြမ်းမှာ ပျက်ပျယ်ခဲ့ရသည်။

နိုင်ငံအတွင်း ၁၉၇၁ ခုနှစ်တွင် ပြဋ္ဌာန်းသည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် အမျိုးသားများ၏ လက်ထပ်ရမည့် အနည်းဆုံး အသက်သည် ၁၈ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများ၏ လက်ထပ်နိုင်သည့် အသက်မှာ ၁၅ နှစ်ဖြစ်သည်။ သို့သော် ကျေးလက်များတွင် အစဉ်အလာအတိုင်း မင်္ဂလာကြေးပေးပြီး သိမ်းပိုက်နေခြင်း အလေ့အထများကိုကား တိုက်ဖျက်နိုင်စွမ်း မရှိသေးပေ။

နိုင်ငံအတွင်း ကလေးသူငယ် လက်ထပ်မှုအလေ့အထများကို ပပျောက်စေလိုလျှင် အစိုးရအပိုင်းက ဥပဒေအတိုင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရန် များစွာလိုသည်။အမျိုးသမီးငယ်လေးများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေးအပိုင်း၊ စီးပွားရေးအပိုင်းအားလုံးကို အထောက်အပံ့ အကူအညီပေးရန် လိုသလို၊ ဥပဒေအတိုင်း ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးသည်။ ကလေးသူငယ် လက်ထပ်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များသည် လူမျိုးတစ်မျိုး၏ အနာဂတ်ကိုပါ ထိခိုက်စေနိုင်သည်ဆိုသော သဘောထားများကို လက်ကိုင်မထားနိုင်သရွေ့ မိန်းကလေးများဘဝမှာ အရွယ်မတိုင်မီ နွံနစ်နေကြရဦးမည်သာ ဖြစ်သည်။ 

တန်ဇန်းနီးယားနိုင်ငံမှ မိန်းကလေးများ၏ဘဝကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သရုပ်ဖော်ထားသည်မှာ ပိုပြီးရင်နာစရာကောင်းလှပါသည်။ ကလေးတွေက သူတို့အသက်တွေကိုပင် သူတို့မေ့နေကြသည်။ အရွယ်နှင့်မမျှ ကလေးတွေ ချီထားကြသော်လည်း သူတို့ကလေးတွေမှာ မွေးစာရင်းပင်မရှိ။ ၂၀၀၄ ခုနှစ်ကတည်းက ကလေးတွေ အရွယ်မတိုင်မီ လင်ယူသားမွေးလုပ်နေကြရသည်မှာ အရွယ်မရောက်သေးသူများ၏ ၁၀ ရာခိုင်နှုန်းရှိခဲ့ရာက နှစ်စဉ် တိုးတက်နေသည်။ ယခုနောက်ဆုံးစာရင်းတွင် ဒေသအလိုက် အမျိုးသမီး ကိုယ်ဝန်ဆောင်နှုန်းများမှာ အသက်မပြည့်သူ၏ ၅၀ ရာခိုင်နှုန်းကျော် ဖြစ်နေသည်။ 

တန်ဇန်းနီးယားနိုင်ငံတွင် လင်ယူသားမွေးခြင်းမှာ တားပေး၍ မရနိုင်သေးသော ခေတ်ဒုက္ခဝေဒနာ ဖြစ်နေပြီး၊ အမျိုးသမီးများဘဝကလည်း ရွေးစရာလမ်းမရှိသူများ ဖြစ်နေကြရရှာသည်။

(Ref: No Way Out, Human Rights Watch)

  • TAGS