News

POST TYPE

ARTICLE

ရွာသာကြီးဆင်း ရဲဘော်မောင်ဗြိနှင့် ပန်းနုရောင် တော်လှန်ရေး
03-Feb-2018

ယခုလို ရဲဘော်မေမေ အစိုးရလက်ထက်ကြီးတွင် မည်သူ့ကို မေးမေး စီးပွားရေးက အရင်လောက် အဆင်မပြေဟုသာ ဖြေကြမည်ကား အသေအချာ။

အိမ်ရှင်ထီး ကျွန်ုပ် ရဲဘော်မောင်ဗြိသည်လည်း ကန်စွန်းရွက်တစ်စည်း နှစ်ရာကျပ်မှ သုံးရာ ဖြစ်သွားသည့် အရေးကြောင့် သွေးတို့ ပွက်ပွက်ဆူချေပြီ။

မြေသလင်းသား ငနင်းပြားတို့ အားထားစား နေရသော ကန်စွန်းရွက်ဆိုသည့် ကုန်စည်အပေါ် အမြတ်ထုတ်ရက်သည့် ဓနရှင် ကန်စွန်းရွက်သည်မကြီး၏ အဆီပြန်နေသော မျက်နှာကြီးကိုကြည့်ကာ ရဲဘော် မောင်ဗြိ၏ တော်လှန်ရေးစိတ်များ ရုတ်တရက် နိုးကြားလာ၏။

ယခုအခြေအနေသည် ဓနရှင်လူတန်းစား ပြုသမျှ ခေါင်းငုံ့ခံနေရသည့် ဖိနှိပ်ခံလူတန်းစား၏ တော် လှန်သော သရုပ်သကန်ကိုပြသရန် အခါအခွင့်သင့်ပြီ ဟု ယူဆမိလေသည်။ ထို့ကြောင့် ရဲဘော်မောင်ဗြိသည် လက်ထဲတွင် ဆွဲကိုင်လာသော ခြင်းတောင်းနီကို အသာ ချလျက် လက်သီးကို ကျစ်နေအောင်ဆုပ်ကာ...အောက်ပါအတိုင်း ရဲရဲတောက် ပြောကြားလိုက်လေ တော့သည်။

“ဒီမယ်...အစ်မ နှစ်စည်းငါးရာ မရဘူးလားဗျာ”

ရဲဘော်မောင်ဗြိ၏ တော်လှန်သော စကားသံ ကို ကြားသည့်အခါ ကန်စွန်းရွက်သည်မကြီးကား ဆင်ခြေဆင်လက်ပေးတတ်သည့် ဓနရှင်ဉာဉ်ဆိုး အတိုင်း ယခုလို တုံ့ပြန်လေ၏။

“ဝယ်ချင်ဝယ် ... မဝယ်ချင်နေ ငါ့မောင် ... ကြည့်မြင်တိုင် တစ်ဖက်ကမ်းရွာက ဒေါ်လုံး လာသွင်းတဲ့ သွင်းဈေးတောင် တစ်စည်း နှစ်ရာ့ခြောက်ဆယ် ... ကျုပ်တို့က လေးဆယ်လောက်တော့ အမြတ်စားမှ အဆင်ပြေမှာ ... ဈေးတော့ ထပ်မဆစ်နဲ့တော့”

ရဲဘော်မောင်ဗြိကား ဆိုရှယ်လစ် ဘောဂဗေဒ သဘောတရားအရ ကုန်စည်စီးဆင်းမှု၏ ပင်မရင်းမြစ်ဖြစ်သော ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ ကန်စွန်းခင်း ကော်ပိုရေးရှင်းမှ ဒေါ်လုံးကို ရှာဖွေကာ ကုန်စည်အမြတ် ကြီးစားမှု စာရင်းကို ရှင်းရန် ကြံစည်လိုက်လေသည်။ပစ္စည်းမဲ့လူ့ဘောင်ထူထောင်ရန်ကား အခြေခံအကျ ဆုံး လူတန်းစားက စတင်ရပေမည်။ 

ထိုလူတန်းစားမှ စတင်ဖောက်ပြန်နေလျှင် တော် လှန်ရေးသည် မအောင်မြင်သော တော်လှန်ရေးသာ ဖြစ်ချေချိမ့်မည်။ ရဲဘော်မောင်ဗြိသည် ကြည့်မြင်တိုင် ဆိပ်ကမ်းသို့သွားကာ တစ်ဖက်ကမ်းသို့ ပြန်တော့မည့် ဖောက်ပြန်ရေးသမား ဒေါ်လုံးအား ရှာ၏။

ဒေါ်လုံးကား လက်တစ်ဖက်တွင် ကန်စွန်းရွက်စည်းများ ထည့်ခဲ့ဟန်တူသည့် ပီနံအိတ်ကိုကိုင်လျက်၊ လက်တစ်ဖက်တွင် အရင်းရှင်တို့၏ ဇိမ်ခံပစ္စည်းဖြစ်သော ခိုးကူး ဗီစီဒီချပ်ထည့်ထားသည့်အိတ်ကို ကိုင်လျက် ကူးတို့ပေါ်တက်ရန် ပြင်နေ၏။

ရဲဘော်မောင်ဗြိသည် ကူးတို့ပေါ် တက်အံ့ဆဲဆဲ ဒေါ်လုံးကြီး၏ လက်ကိုဆွဲကာ စွဲချက်တို့ တစ်ခုပြီးတစ်ခု တင်လေတော့သည်။

“ရဲဘော်ဒေါ်လုံးကြီး ... ခင်ဗျားဟာ အခြေခံ အကျဆုံး လူတန်းစားရဲ့ ကျောရိုးတစ်ခု ဖြစ်ပါလျက်နဲ့ ကွင်းထဲက အလကား ခူးရလာတဲ့ လယ်ကန်စွန်းတွေကို တစ်စည်း နှစ်ရာ့ခြောက်ဆယ်နဲ့ သွင်းခြင်းဟာ အချောင်သမားစိတ်ဓာတ်ပဲ ... ဖောက်ပြန်တဲ့ စိတ်ဓာတ်ပဲလို့ ကျုပ် ဝေဖန်တယ်”

ရဲဘော်ဗြိ၏ ဝေဖန်သံအဆုံး ဒေါ်လုံးသည် ကူးတို့ပေါ်မှ လှော်တက်ကိုယူကာ ရဲဘော်ဗြိ၏ ဗိုက်ပူပူကို ထိုးချလိုက်ပြီး အောက်ပါအတိုင်း ပြန်လည် ဖြေရှင်းလေတော့သည်။

“ဟဲ့အကောင် ... အိမ်မှာရှိတဲ့ ငါ့လင် အရက်သမား မောင်တင်နဲ့တင် ယောကျာ်းဆို စိတ်ကုန်နေပြီ ... နင့်အမေလင်နဲ့ ငါက ဖောက်ပြန်ရမှာလား ... ဒီမယ် ကန်စွန်းရွက်တစ်စည်း နှစ်ရာ့ခြောက်ဆယ်ဖြစ်တာ ဖြစ်ချင်လို့ဖြစ်တာ မဟုတ်ဘူးဟဲ့ ... သိမ်ကြီးဈေးက ကေတီဗီမှာလုပ်နေတဲ့ ငါ့သမီးက တစ်လကို တစ်သိန်း ထောက်ပံ့နေရာက ငါးသောင်းပဲ ပေးနိုင်တော့လို့ ဟေ့ ... ငါးသောင်းပဲ ပေးနိုင်တော့လို့ ... ငါ့ကန်စွန်းလည်း ဈေးတက်ရတာ”

ရဲဘော်ဗြိကား ဒေါ်လုံး၏ စကားအဆုံး မျက်ရည်များ ဝဲလာလေသည်။ လူတန်းစားအသိ စာနာမှုများ လှိုက်လှိုက်လှဲလှဲ ဖြစ်လာသည်။ ပစ္စည်းမဲ့လူတန်းစားမှ ပေါက်ဖွားလာသည့် သမီးပျိုသည် ဓနရှင်တို့၏ အဖျော်ဖြေခံအဖြစ် ကေတီဗီတွင် အလုပ်လုပ်နေရသည်ကို ကြားသိရသည့်အတွက် ဝမ်းနည်းရာမှ ဒေါသအဖြစ် ပြောင်းလဲလာသည်။ လူတန်းစား အခြေခံအမြင် တူညီမှု စိတ်ဓာတ်ကြောင့် ပေါက်ကွဲလာသည့် ဒေါသသည် တော်လှန်ရေး ဒီရေကို မြင့်တက်လာစေသည်။

ဖောက်ပြန်မှု၏ ပင်မဇာစ်မြစ်ကို ရေဆုံးရေဖျား လိုက်ရန်အတွက် ဆုံးဖြတ်ချက် တစ်ခုချလိုက်ကာ ဒေါ်လုံးအား နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်တော့၏။

“ဒေါ်လုံးသမီး နာမည်ဘယ်သူလဲ ... သိမ်ကြီးဈေးက ကေတီဗီနာမည်ကရော ဘာလဲ”

တိုင်ထူလျှင် အရိပ်ပေါ်သလို ဘော်ရှီဗစ်ဝါဒအား ကျေညက်ခဲ့သည့် ရဲဘော်ဗြိသည် အတွေးအခေါ် ပြုပြင်ရေး လှုပ်ရှားမှု ပြုလုပ်ရေးစံ၊ ကန်စွန်းရွက်ဈေး တက်ရခြင်း ဘောဂဗေဒ သဘောတရားတို့ကို လေ့လာရေးစံတို့ကို ဆွဲကိုင်လျက် မိုးချုပ်သည်နှင့် တစ်ပြိုင်နက် သိမ်ကြီးဈေး ကေတီဗီပေါ်ရှိ ဟာဝိုင်အီ အမည်ရသည့်အခန်းကို နှစ်ဆက်ရှင် ယူလိုက်လေသည်။

ဒေါ်လုံးသမီး ငှဲ့ပေးသော ဘီယာလေးကို စုပ်ကာ တော်လှန်သော အင်အားစုအသစ်ထံ ချဉ်းကပ်လေတော့သည်။

“ရဲဘော်လဝန်း ... ရဲဘော်ဟာ အခြေခံအကျဆုံး လူတန်းစားကနေ ပေါက်ဖွားလာသူ မှန်ပေမယ့် ဓနရှင်လောကရဲ့ အဖျော်ဖြေခံအဖြစ် ရပ်တည်နေရတယ်။ ဒီတော့ ရဲဘော်ဟာ ဓနရှင် လူတန်းစားထံမှ ငွေကြေးတွေ ရနေပါလျက် ဘာကြောင့် မိခင်ဒေါ်လုံးကို ထောက်ပံ့ငွေ၊ တစ်သိန်းကနေ ငါးသောင်းအထိ လျှော့ချပစ်လိုက်ရတာဟာ ဘာကြောင့်လဲ ... ရဲဘော်ဟာ ဓနရှင်တွေနဲ့ ပူးပေါင်းပါများလာတဲ့အတွက် အတွေးအခေါ်တွေ ယိမ်းယိုင်နေပြီလား ... ဓနရှင်တစ်ပိုင်း ဖောက်ပြန်ရေးသမား ဖြစ်နေပြီလားဆိုတာ ကျုပ်ကို အဖြေမပေးခင် ခိုင်သင်းကြည် မင်္ဂလာဆောင် အခွေထဲက နှစ်ကိုယ်တူ ချစ်သမျှလေး စုံတွဲတစ်ပုဒ်လောက် ထည့်ပေးစမ်းပါ”

ရဲဘော်မောင်ဗြိနှင့် ရဲဘော်လဝန်းတို့သည် နှစ်ကိုယ်တူ ချစ်သမျှ သီချင်းကို ရန် - ငါ စည်း ပြတ်သားစွာ ဆိုပြီးသည့်နောက် ရဲဘော် လဝန်းကား စွဲချက်အား ဖြေရှင်းလေသည်။

“ဒီလိုပါ ဦးရယ် ... လာနေကျ ဧည့်သည်တွေက အရင်က မုန့်ဖိုး သုံးသောင်းပေးရင် အခု တစ်သောင်းတောင် အနိုင်နိုင်ဖြစ်သွားပြီ ... မီးတို့လည်း မိတ်ကပ်ဖိုး၊ စားစရိတ် ဘာညာနဲ့တွက်ရင် မကိုက်တော့ဘူး ... အိမ်ကိုလည်း နည်းနည်းပဲ ပို့ပေးနိုင်တော့တာပေါ့ ... ဒီတော့ ... အခု ဦးလေးကလည်း မီးကို ကူညီတဲ့အနေနဲ့ မုန့်ဖိုး သုံးသောင်းပေးမယ် မဟုတ်လား ... ဟင် ... ဟင်”
ထိုအချိန်တွင် ရဲဘော်မောင်ဗြိ၏ ခေါင်းထဲတွင် ဘော်ရှီဗစ် အတွေးအခေါ်များ တရေးရေး ပေါ်လာလေ၏။

“တော်လှန်ရေးမှာ ဆွေရယ် မျိုးရယ် မရှိဘူး။ အဖေရယ်၊ အမေရယ်၊ ညီရယ်၊ အစ်ကိုရယ် မရှိဘူး။ ချစ်ခြင်းမေတ္တာတို့၊ သနားတာတို့၊ သံယောဇဉ်တို့၊ မရှိရဘူး။ ဒါတွေဟာ လူ့ကရုဏာဝါဒသက်သက် အတွေးအခေါ်ပဲ။ ဒါတွေကို အူလှိုဏ်သည်းလှိုဏ် ဆန့်ကျင်ရမယ်လို့ သွားလေသူ ရဲဘော်ထွန်းရှိန်က ပြောသွားဖူးတယ်။ အိမ်း ... တော်လှန်ရေးမှာ အဖေ၊ အမေတောင် မရှိသေးတာ ကေတီဗီမှာလည်း ဦးရယ်၊ မီးရယ်ဆိုတာ မရှိသင့်ဘူး ... ဒီတော့ ... ဒီဟာမလေး မသိခင် သေးပေါက်ချင်ယောင်ဆောင် ဘေလ်သွားရှင်းပြီး လစ်မှပဲ” ခွာစစ် သဘောတရားအရ ဟာဝိုင်အီအခန်းမှ အောင်မြင်စွာ ဆုတ်ခွာလာသည့် ရဲဘော်ဗြိသည် ကန်စွန်းရွက်ဈေးတက်ခြင်း သဘောတရား ဇာစ်မြစ်ကို ခြေရာခံရန်ကိုကား အားမလျှော့။

ဓနရှင်ကိုတိုက်ဖို့ရာ ဓနရှင်၏ သဘောတရားရေးရာ ပရိယာယ်များကို အတွင်းကျကျ သိရမည်ဟူသော ရည်ရွယ်ချက်ဖြင့် အဆိုပါ ကေတီဗီရှိ ဖူးခက်အခန်းတွင် ဝင်နေသော ညွှန်မှူး ကိုစိုးထိုက်ထံ စနည်းနာလေသည်။ ညွှန်မှူး ကိုစိုးထိုက်သည် ဓနရှင်လက်ကိုင် တုတ်ဝန်ထမ်းပီပီ တို့နဂါးနီသီချင်းကို သီဆိုနေ၏။

သီချင်းခဏနားပြီး ကောင်မလေးနှင့် ပန်းသီးစားချိန် ရောက်သောအခါ ရဲဘော်မောင်ဗြိက မေးခွန်းကို စတင်လေသည်။

“ညွှန်မှူးကြီးက အရင်က ကောင်မလေးတွေကို မုန့်ဖိုးသုံးသောင်းလောက် ပေးနေရာက အခု လျှော့ပေးတယ်ဆိုဗျ။ ဒါ ဘယ်လိုဖြစ်တာလဲ။ ခင်ဗျားတို့ဟာ ကျုပ်တို့ ပစ္စည်းမဲ့ လူတန်းစားရဲ့ လုပ်အားကို ခေါင်းပုံ ဖြတ်တာလားဗျ” ကိုစိုးထိုက်သည် ပန်းသီးစိတ်ကို ကိုက်သည်။ ဘီယာကို တစ်ကျိုက်မော့သည်။ ဘေးနားက အကြင်နာ အမည်ရှိသော ကလေးမကို ရွှတ်ခနဲ တစ်ချက် ရွှတ်သည်။

ထို့နောက် ... ခေါင်းကိုခါသည်။

“မဟုတ်ဘူး ... ရဲဘော် ... မဟုတ်ဘူး ... ခင်ဗျား ပြောတာ တစ်ခုမှမဟုတ်ဘူး ... ကျုပ်လည်း ပေးချင် တာပေါ့ဗျာ။ ဒါပေမဲ့ ခင်ဗျားစဉ်းစားကြည့် ... အရင်လို လုပ်ငန်းရှင်တွေဆီက အကြံအဖန်ငွေက သိပ်မလာတော့ဘူးဗျ ... မူဝါဒ အပြောင်းအလဲတွေအောက်မှာ ဒီလူချမ်းသာတွေကလည်း သူတို့ပိုက်ဆံတွေကို ဖင်အောက်ထဲ ထည့်သိမ်းလိုက်ပြီ ... ဆက်လုပ်တဲ့လူတွေကလည်း ကျုပ်တို့ဆီ အကြံအဖန် မပေးတော့ဘူး ... အကြံအဖန်မရတော့ ကျုပ်လည်း ဝင်ငွေမကောင်းတော့ဘူး ... ဝင်ငွေမကောင်းတော့ သူတို့လေးတွေကို အရင်လို မုန့်ဖိုးမပေးနိုင်တော့ဘူး ... ဒီကြားထဲ ... အိမ်စရိတ်က ကြီးလာတယ် ... မိန်းမကပြောတယ် ... အခုဆို ကန်စွန်းရွက်တစ်စည်းကို သုံးရာဖြစ်နေပြီ ... သုံးရာ ဖြစ်နေပြီတဲ့ဗျ”

ရဲဘော်ဗြိကား လမ်းဆုံးချေပြီ။ ခရိုနီတွေ၊ ခရိုပြာ တွေ၊ ခရိုတကနီကာလာတွေ၊ အစိုးရတွေအထိ လိုက်ရန်လည်း သူ့လက်တံက ဒီလောက်မရှည်။

နောက်ဆုံး ... ကန်စွန်းရွက်တစ်စည်း သုံးရာဖြစ်ခြင်းသည် ကန်စွန်းရွက်တစ်စည်း သုံးရာဖြစ်ခြင်းကြောင့်ဖြစ်သည်ဟူသော ကန်စွန်းရွက် ပဋိလောမ ရုပ်ဝါဒကို ရဲဘော်ဗြိတစ်ယောက် သဘောပေါက်သွားချေပြီ။

နောက်ဆုံးတွင် အနှီအထွေထွေ အခက်အခဲမှ လွတ်မြောက်ရန်အတွက် အိမ်တွင်ကျန်ရစ်သော အိမ်တွင်းအစိုးရ လေဒီဗြိထံမှ ဈေးဖိုးဘတ်ဂျက် ပိုတောင်းရန်မှတစ်ပါး အခြား မရှိပြီမဟုတ်ပါလား။

ထို့ကြောင့် အိမ်သို့ ပြန်ကာ လေဒီဗြိထံ “ဈေးဖိုး ဘတ်ဂျက် တိုးပေးရေး ... ဒို့အရေး” လုပ်ချေ၏။

“ဒီမယ် ... ကျွန်မမျက်နှာ ဝက်ခြံတွေ ပေါက်နေတယ် ... အဲ့ဒီ ဝက်ခြံတွေ ပျောက်ဖို့ အလှအပ ဘတ်ဂျက်က အရေးကြီးတယ် ... ရှင့်ဈေးဖိုး ဘတ်ဂျက်ကို မတိုးပေးနိုင်ဘူး ... တစ်ရက်နှစ်ထောင်က နှစ်ထောင်ပဲ”

ရဲဘော်ဗြိအဖြစ်သည် ပညာရေးဘတ်ဂျက် တိုးပေးရန် အရေးဆိုကြသည့် ရဲဘော်ကျောင်းသားများနှင့် ဘဝတူပင်။

နောက်ဆုံး ရဲဘော်ကျောင်းသားများ နည်းတူ ရဲဘော်မောင်ဗြိလည်း မိန်းမက ညလုံးပေါက် အခန်းပြင် ထုတ်ကာ အပြစ်ပေးခြင်းခံရပြန်၏။ သို့သော်ငြား ရဲဘော်ဗြိသည် ခေသူမဟုတ်။ တော်လှန်စိတ်ဓာတ်ကို မလျှော့။ နီလျှင် နီ၊ မနီလျှင် ပန်းနုရောင် ဖြစ်ရမည်ဟု ခံယူထားသူ။

စိတ်ရောဂါကု ဆေးရုံဆင်း လက်မှတ်ကို အိတ်ကပ် ထဲထည့် ပန်းရောင်အင်္ကျီကို ဝတ်ဆင်လျက် တော်လှန်ရန် လမ်းမထက် ထွက်ခဲ့ချေပြီ။ တွေ့တဲ့သူကို သေနတ်နှင့် ပစ်ချင်ပစ်မည်။ ဓာတ်ဆီပုလင်းနှင့် ပစ်ချင်ပစ်မည်။ အခြေအနေ ကောင်းလျှင် သူရဲကောင်းကြီးအဖြစ် ဟိုလူတွေက ကိုးကွယ်ကြမည်။ အခြေအနေ မကောင်းလျှင်ရော ... စိတ်ရောဂါ ဆေးရုံဆင်း လက်မှတ်လေး သာ ပြလိုက်။

ကဲ...

ရွာသာကြီးဆင်း ရဲဘော်မောင်ဗြိ လာပါပြီ။

ထမင်းဝအောင်သာ စားထားကြပေရော့ ...။

ဗြိတိသျှကိုကိုမောင်