News

POST TYPE

ARTICLE

စွပ်ကျယ်ပညာရေးစနစ်ကို တိုက်ဖျက်လိုသူများ
01-Feb-2018


မနက် ၁၁ နာရီထိုးပြီဖြစ်သည်။ ဂျပ်စတစ် မိသားစုအတွက် အလုပ်အရှုပ်ဆုံးအချိန်။ မိသားစုကို တိရစ္ဆာန် ဥယျာဉ်ပို့မည်ဟု ပြောထားသည်။ မိုးရွာနေသောကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရသည်။ သို့သော်သူတို့တွင် အခြား အစီအစဉ်တွေက ရှိပြီးသားဖြစ်သည်။ မိဘများဖြစ်ကြသည့် ဂျွန်နီနှင့် မာရီတို့ စာကြည့်တိုက်ကို ခေတ္တပြေးသည်။ စာအုပ်တွေ ငှားလာသည်။ သူတို့ မိဘနှစ်ပါးမှာ သားသမီးလေးဦးအတွက် ဆရာတွေလည်းဖြစ်နေသည် မဟုတ်ပါလား။ သူတို့သားသမီး လေးဦးစလုံးကို အိမ်တွင်း ပညာသင်ပေးရေး အစီအစဉ်အား အကောင်အထည် ဖော်နေကြသဖြင့် သူတို့တွင် နားချိန်ဟူ၍ မရှိဖြစ်နေသည်။

အသက် ၇ နှစ်အရွယ် သမီးလေး ဟော်လီက တယောသင်ရန် ဆရာမရောက်နေသည်။ သူ့မောင်လေး ဘော်ဘီ ၄ နှစ်က ရုရှားအရုပ်တွေကို တစ်ခုချင်း ပြန်ဆက်သည့် ကစားနည်းအား ကစားနေသည်။ အခြားအခန်းတစ်ခန်းတွင် အသက် ၁၁ နှစ်အရွယ် မာရီယာက ကွန်ပျူတာကီးဘုတ်နှင့် စာတွေရိုက်နေသည်။ သူ့မောင် တစ်ဝမ်းကွဲနှင့် သုတေသန ပရောဂျက်တစ်ခုကို အတူ လုပ်နေကြခြင်းဖြစ်သည်။ မီးဖိုးချောင်က ထမင်းစားပွဲပေါ်တွင် အသက် ၉ နှစ်အရွယ် မာရီလာ သင်္ချာတွေ တွက်နေသည်။ 

“ကျွန်မတို့က ကျွန်မတို့ သားသမီးတွေကို ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ အထောက်အပံ့ ပေးနေပါတယ်”ဟု မိခင်ဖြစ်သူ မာရီဂျပ်စတစ်ကပြောသည်။ သူ့သားသမီးတွေအားလုံး သူတို့ ရွေးချယ်ထားသည့် စိတ်ကြိုက်အလုပ်တွေ လုပ်နေခြင်းကို ပီတိနှင့်ကြည့်ပြီး ပြောခြင်းဖြစ်သည်။

အနောက်နိုင်ငံများတွင် အိမ်တွင်းမှာပင် ပညာသင်ကြားပေးခြင်း အလေ့အထများကို ဘာသာရေးအယူ အစွဲအလမ်းကြီးသည့် မိသားစုများသာ လုပ်ကြသည်ကများသည်။ ဂျပ်စတစ်မိသားစုသည် ဘာသာရေး အစွဲကြောင့်မဟုတ်၊ အတွေးအခေါ်ဖြင့် ကျောင်းမပို့ဘဲ အိမ်တွင် ပညာသင်သည့်စနစ် Homeschooling ကို သဘောကျသဖြင့် အကောင်အထည် ဖော်နေကြခြင်းဖြစ်သည်။ 

ကျောင်းမပို့ဘဲ အိမ်တွင် စာသင်ပေးမည်ဆိုသည့် အယူအဆမှာ အခြားမိသားစုများနှင့်တော့ တခြားစီ ဖြစ်ကောင်းဖြစ်နိုင်သည်။ အိမ်သင်ပညာရေးစနစ်သည် ကလေးများကို လွတ်လပ်စွာ ပညာသင်ယူနိုင်သည့် ကိုယ်ပိုင် လေ့လာသင်ယူနိုင်ရေးကို အလေးပေးထားသည်။ အိုးမကွာ အိမ်မကွာ ကြိုက်သည့်နေရာတွင် ပညာသင်ယူခွင့်ရှိသည်။ အိမ်ကိစ္စများကို မိဘများအား ကူညီရင်းတစ်ဖက် မျှဝေခံစားရင်း ပညာရှာနိုင်သည်။ ဂျပ်စတစ်မိဘများက သမားရိုးကျမဟုတ်သည့် ပညာရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးပြီး သူတို့သားသမီးများနှင့်အတူ အိမ်တွင်းပညာသင်ကြားရေးစနစ်ကို အကောင်အထည် ဖော်ကြည့်နေကြသည်။

အမေရိကန်ပြည်ထောင်စု၊ Dane County စီရင်စုတွင်လာပြီး ကိုယ့်အိမ်တွင် သင်မည်ဟုဆိုကာ စာရင်းလာပေးထားသည့် မိသားစုဝင်ပေါင်း ၇၂၂ ဦးရှိနေကြောင်း Wisconsin Department of Public Instruction (DPI) အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုစီရင်စုအတွင်းရှိ ကျောင်းနေနိုင်သည့် ကျောင်းသား အရေအတွက်၏ ၂ ရာခိုင်နှုန်းနီးပါးခန့်မှာ ကိုယ့်အိမ်တွင် ကိုယ်ပညာရှာနေကြခြင်းဖြစ်သည်။

Wisconsin တွင် မိမိတို့အိမ်၌သာ ပညာသင်ပေးမည်ဆိုသည့် မိဘများအတွက်လည်း ဥပဒေအရ ခွင့်ပြုပေးထားသည်။ ကျောင်းမလာဘဲ အိမ်တွင်သာသင်မည့် ကျောင်းသားများအတွက် အခက်အခဲများ ရှိကောင်း ရှိနိုင်သော်လည်း လူနည်းစု မိသားစုများသည် မိမိတို့နည်း မိမိတို့ဟန်ဖြင့် လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်သည်။

အိမ်တွင်းပညာရေးကို အကောင်အထည်ဖော်နေသည့် မိသားစုများအနေနှင့် တစ်နှစ်တွင် အနည်းဆုံး နာရီပေါင်း ၈၇၅ နာရီသင်ပေးပါမည်ဟု တာဝန်ခံထားကြရသည်။ မိမိတို့အိမ်တွင် ပညာသင်ပေးပိုင်ခွင့် ရှိသည်၊ သို့သော် ကျောင်းများတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးများနှင့်အညီ စာဖတ်နိုင်စွမ်း၊ ဘာသာစကား၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနှင့် ကျန်းမာရေးစသည့် ဘာသာရပ်များကိုလည်း သင်ပေးပါမည်ဟု ဝန်ခံကြရသည်။ သို့သော် အခြားမည်သည့်ဘာသာရပ်၊ အကြောင်းအရာကို မသင်ရဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။ 

အိမ်သင်ပညာရေးအတွက် သင်ပေးမည့် ဆရာများသည့် ဘွဲ့လည်းမလို၊ လိုင်စင်လည်း မလိုပေ။ ပြည်နယ်အနေနှင့်လည်း အိမ်တွင်းပညာသင်ယူနေသော ကလေးများကို စာမေးပွဲများ စစ်ဆေးနေလိမ့်မည်လည်း မဟုတ်။ မိဘများကိုယ်တိုင်က သင်သည်ဖြစ်စေ၊ အခြား ပညာရှင်များကိုခေါ်ပြီး သင်ကြားသည်ဖြစ်စေ ကြိုက်သလို ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိသည်။ အခြား ပုဂ္ဂလိက ပညာသင်ကျောင်း တစ်ကျောင်းကျောင်းနှင့်ချိတ်ဆက်ထားပြီး ထိုကျောင်းကပေးသည့် ဘွဲ့လက်မှတ်ကို ယူလည်းရသည်။ ဘွဲ့လက်မှတ် ရှိမထားလည်း ရသည်။ လက်ရှိအနေအထားတွင် DPI အနေနှင့် အိမ်သင်ကျောင်းသားများအား မည်သည့်ကောလိပ်ဝင်ခွင့် ဖြေဆိုသည်ဖြစ်စေ၊ အခြား တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသည်ဖြစ်စေ လွတ်လပ်စွာ ခွင့်ပြုထားသည်။ ကျောင်းတက်မှ ဖြေဆိုခွင့်ရှိသည် ဟူ၍လည်း ကန့်သတ်ထားခြင်းမရှိ။

Homeschooling ဆိုသည့်သဘောတရားမှာ မိဘများကိုယ်တိုင်က ကိုယ့်သားသမီးကို ကိုယ်ပေးလိုသည့် ပညာရေးအား ပေးနိုင်သည့် အစီအစဉ် ဖြစ်နေသောကြောင့် သူတို့သားသမီး ပညာရေးကို သူတို့ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံထားသည့်သဘောလည်း ဖြစ်နေသည်။ 

အိမ်တွင် မိမိတို့ သားသမီးများ၏ ကံကြမ္မာကို မိမိတို့သာ ဖန်တီးမည်ဆိုသည့် မိဘများက လွတ်လပ်မှုကို မြတ်နိုးသည်။ သားသမီးတို့အနေနှင့် မိမိသင်ယူလိုသည့် အကြောင်းအရာကို သင်ယူခွင့်ပေးရန် သဘောတူကြသည်။ ဂျွန်နီနှင့် မာရီ ဂျပ်စတစ်တို့နှစ်ဦးစလုံးသည် အီလီနွိုက်ပြည်နယ် အစိုးရကျောင်းထွက်များ ဖြစ်ကြသည်။ သူတို့က အကြီးဆုံး ကလေးနှစ်ယောက်ကို Madison School District ကျောင်းတွင် စအပ်ကြသည်။ ကလေးနှစ်ယောက်က ပထမတန်းနှင့် တတိယတန်းရောက်သည်အထိ ကျောင်းထားခဲ့ကြသည်။ 

မာရီစဉ်းစားသည်က အစိုးရကျောင်းများသည် “စွပ်ကျယ်”လိုဖြစ်နေသည်။ ဘယ်သူစွပ်စွပ်တော်နေသည့် ပညာမျိုးကို ပေးနေသည်ထင်ပြီး သူဘဝင်မကျသလို ဖြစ်လာသည်။ သူ့ကလေးတွေနှင့် ဤကျောင်းသည် ဆီလျော်မှုရှိပါ့မလားဟုလည်း စဉ်းစားလာသည်။

“ကျွန်မကတော့ ကလေးတွေကို သူတို့ကိုယ်စွမ်း ကိုယ်စနဲ့ သူတို့မြတ်နိုးတာကို လေ့လာဖို့ အားပေးတယ်။ ကျောင်းတွေပို့ရင် ကလေးတွေကို ဟိုဟာ မရဘူး၊ သည်ဟာမရဘူးတွေ ပြောပြီးတော့ သူတို့ပြောတဲ့ အပိုင်းတွေကို အားထုတ်ဖို့ အတင်းခိုင်းတာတွေ ရှိကောင်းရှိလိမ့်မယ်။ ကျွန်မဖြစ်စေချင်တာက ကလေးတွေကို ဘာမကောင်းဘူးဆိုပြီး အပြစ်ပြောတာထက် သူတို့ဘယ်နေရာမှာ အကောင်းဆုံး ဖြစ်သလဲဆိုတာ ဦးစွာရှာဖွေသင့်တယ်လို့ထင်ပါတယ်။ ကလေးဆိုတာက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိမှ ဆက်ပြီးတော့ လုပ်တတ်ကြတယ်”ဟု မာရီကဆိုသည်။

Wisconsin-Madison တက္ကသိုလ်မှ ပညာရေးမူဝါဒနှင့် သင်ရိုးဌာန ပါမောက္ခ မိုက်ကယ်အက်ပဲလ်သည် “Educating the Right Way” ဆိုသည့်စာအုပ်ကို ရေးသားသူဖြစ်သည်။ သူက စာအုပ်ထဲတွင် ဘာသာရေး အယူသည်းသည့် မိသားစုများ၏ အိမ်သင်ပညာရေးအကြောင်းကို တစ်ခန်းထည့်ကာ ဆွေးနွေးထားသည်။ သူက ဘာသာရေးဆိုင်ရာ သဘောတရားကို အိမ်များတွင် လေ့လာသင်ကြားခိုင်းနေသည့် မိဘများမှာ ၅၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိသည်ဟုဆိုထားသည်။

“အိမ်သင်ပညာရေး (Home Schooling) ဆိုတာ အမေရိကမှာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။ ကျောင်းမတက်တဲ့ (Unschooled) ဆိုတဲ့ သဘောတရားထက် (Home-schooled) လို့ပြောရမယ့် အိမ်သင်ပညာရေးတွေက ပိုပြီး ခေတ်စားလာတယ်”ဟု မိုက်ကယ်က ပြောကြားသည်။

အမေရိကတွင် ကျောင်းကို လုံးဝ မလွှတ်တာ့ဟုဆိုသည့် Unschooling ဆိုသည့် သဘောတရားထက် အိမ်တွင် ပညာသင်ပေးရေးဆိုသည့် ပုဂ္ဂလိက လွတ်လပ်သော ပညာရေးစနစ်ကို သဘောပိုကျကာ လုပ်ဆောင်လာကြသည်။ ခေတ်သစ် Home schooling သဘောတရားတွေကလည်း အစဉ်အလာ အိမ်သင်ပညာရေး သဘောတရားအတိုင်းမဟုတ်၊ ပြုပြင်ပြောင်းလဲပြီး ကျင့်သုံးသည့်စနစ်များ ဖြစ်လာကြောင်း တွေ့ရသည်။

“Unschooling ဆိုတာကပိုပြီး ကျယ်ပြန့်ပါတယ်။ အဲဒီသဘောတရားက လမ်းဟောင်း ပညာရေးစနစ်က ခွဲထွက်လိုတဲ့သဘောနဲ့ လုပ်ခဲ့ကြတာပဲ။ ကလေးကို သူတို့လေ့လာချင်တဲ့ ဘာသာရပ်တွေကို လေ့လာနိုင်အောင် ဖော်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Home schooling ဆိုတဲ့သဘောကတော့ မိဘက ကိုယ့်ကလေးပညာရေးအတွက် အိမ်မှာပဲပိုပြီးတော့ အလေးပေး ဆောင်ရွက်လာတဲ့သဘောပါ။ ကျောင်းမှာ မသင်တာတွေကို အိမ်မှာသင်ပေးတဲ့ သဘောပေါ့။ ယခင်က ဘာသာရေး သဘောတရားတွေကို အိမ်မှာ သင်သလိုမျိုး သီးခြား သင်ပေးလာကြတာကို ပြောတာပါ”ဟုလည်း မိုက်ကယ်ကဆိုသည်။

အမေရိကတွင် Unschooling နှင့် Home schooling သဘောတရား နှစ်မျိုးစလုံးကို တစ်ပြိုင်တည်းလိုလို မိဘများက ကျင့်သုံးရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် သိပ်ပြီး မပြင်းထန်သည့် Home schooling သဘောတရားကသာ ရှေ့တန်းကို ရောက်လာကြောင်း တွေ့ရသည်။ 

ဂျွန်နီနှင့် မာရီယာတို့သည် Justice Media ဆိုသည့် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ထူထောင်ထားကြသည်။ သူတို့က အဘယ်ကြောင့် ကလေးများကို ကျောင်းကို မပို့ရသနည်းဆိုသည့်အကြောင်းနှင့် ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်သော “Walk a Mile in Their Shoes” ဆိုသည့် ဇာတ်လမ်းတိုလေးတစ်ခုကိုလည်း ထုတ်လုပ်ထားသည်။ ထိုအထဲတွင် ကလေးတွေကို ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ်လမ်း ကိုယ်လျှောက်စေလိုသည့် သဘောတရားတွေ ထည့်သွင်းပေးထားသည်။ 

အိမ်သင်ပညာရေးက ကလေးများအတွက် လွတ်လပ်မှုအပြည့် ပေးထားသည်။ ကလေးတွေကို သူတို့ သင်ယူလိုသည့် အကြောင်းအရာနှင့် သင်ယူလိုသည့် အချိန်ဇယားများကို ကိုယ်တိုင်ဆွဲခိုင်းသည်။ သူတို့ကျောင်းတွင် မသင်ယူရသည့် အကြောင်းအရာများ၊ ဘာသာရပ်များကို အဓိက ဦးစားပေးကာ သူတို့အစီအစဉ်တွင် ထည့်သွင်းခိုင်းထားသည်။ 

“ကလေးတွေကို ခြိမ်းခြောက် ဟိန်းဟောက်တာတွေ မပါဘဲ၊ အကြောက်တရားမရှိစေတဲ့ အကူအညီပေးရတာမျိုးကို ကျွန်တော်ကတော့ ကြိုက်တယ်။ မိဘတွေရဲ့ မိသားစုအတွင်းမှာ လစ်ဟာနေတာတွေကို ဖြည့်ဆည်း ပေးခွင့်ရလို့လည်း ပျော်မိတယ်။ နေ့တိုင်း ငါဟာ ငါ့ကလေးတွေအတွက် ဒီနေ့ အကောင်းဆုံး ဆရာတစ်ယောက် ဖြစ်ခဲ့ပါလားလို့ ပြန်တွေးရတာကိုက စိတ်ဝင်စားစရာ ကောင်းပါတယ်”ဟု ဂျွန်နီကဆိုသည်။ 

အမေရိက၏ လက်ရှိ ပညာရေး အနေအထားကို မိုက်ကယ်အက်ပဲလ်ကလည်း ဝေဖန်ထောက်ပြထားသည်။ ကျောင်းဆရာများ ရှားပါးလာခြင်း၊ ရန်ပုံငွေအဖြစ် အထောက်အပံ့ပေးမှုများ လျော့နည်းလာခြင်း၊ စာသင်ခန်းတွင် ကျောင်းသားအရေအတွက် ပိုများလာခြင်း၊ ဆရာများကိုလည်း ကလေးတွေ ပညာတတ်ရေးထက် စာမေးပွဲအောင်ရေးကိုသာ အလေးထားကာ ဖိအားပေးလာခြင်းများသည် မိဘများအတွက် အိမ်သင် ပညာရေးကို စဉ်းစားလာစေသည့် အကြောင်းတရားများဖြစ်သည်ဟု ထောက်ပြထားသည်။ 

“ဆရာတွေက စာမေးပွဲမှာမေးမယ့် အကြောင်းအရာတွေကိုပဲ သင်ပေးဖို့ ဖိအားတွေ အပေးခံနေရတယ်။ အိမ်သင်ပညာရေးကိုပဲ လုပ်ချင်နေတဲ့မိဘတွေ ပြောနေတာက စာမေးပွဲဆိုတာ ကလေးတစ်ယောက်ရဲ့ တတ်မြောက်ခြင်းကို အမှန်တကယ် ပိုင်းဖြတ်နိုင်ရဲ့လားဆိုတာပဲ။ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို ဘဝမှာ တန်ဖိုးထားရမယ့် အလေ့အထတွေ၊ ကျွမ်းကျင်စွာ တတ်မြောက်ရမယ့် အလေ့အထတွေ၊ တကယ် တတ်သင့် သိထားသင့်တဲ့ ပညာဗဟုသုတတွေ သင်ပြီးပြီလားလို့ မေးစရာရှိတယ်။ စာမေးပွဲတစ်ခုတည်းနဲ့ ကလေးတစ်ယောက်ကို ပိုင်းဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု သူကဆိုသည်။

ပြဿနာက စွပ်ကျယ်ပညာရေးစနစ်ဖြစ်သည်။ မိဘတွေက one-size-fits-all model ပညာရေးအဖြစ် ဝေဖန်ထောက်ပြလာကြသည်။ 

“ဘယ်ကလေးလာလာ ဒါတွေပဲသင်တဲ့ ပညာရေးစနစ် သိပ်ခေတ်မမီတော့ဘူး ထင်တယ်။ ကလေးကိုပိုင်းဖြတ်ပြီးတော့ သူလိုချင်တဲ့ပညာကိုပေးတာ ပိုကောင်းမယ်။ ဒါကျက်၊ ဒါဖြေ၊ ဒါပါမှ အအောင်ပေးတဲ့ စနစ်ကိုက ပြုပြင်ပြောင်းလဲသင့်ပြီထင်တယ်” 

အိမ်သင်ပညာရေးဖြင့် ကလေးများ အနာဂတ်ကို ပြန်လည် တည်ဆောက်နေသော မိဘတစ်ဦး၏ ရင်တွင်းစကားဖြစ်ပါသည်။ 

(Ref: The Capital Times)
ကျော်ဗလ