News

POST TYPE

ARTICLE

ကိုကြီးဖြိုးနှင့် တောင်တရုတ်ပင်လယ် အရေးတော်ပုံ
17-Jul-2016
“တောင်တရုတ်ပင်လယ် အရေး တရုတ်က တပ်လှန့်ထားလိုက်ပြီ”
“တောင်တရုတ်ပင်လယ် ပြဿနာ တရုတ်၏ တင်ပြချက်ကို UN က ပယ်ချသဖြင့် တရုတ်တပ်များ ယင်းရေပိုင်နက်အတွင်း အသင့်ပြင်ထားရန် တရုတ်ဝန်ကြီးချုပ်မှ ပြောဆို”

ကိုင်း... လာပြီဗျိုး။
ဒီကိစ္စ ပေါ့သေးသေးတော့ မမှတ်နဲ့။ တတိယကမ္ဘာစစ် ဖြစ်သွားနိုင်တာမျိုးဗျ။

အဲ့ဒီ တောင်တရုတ်ပင်လယ်ကိစ္စက တရုတ်ကြီးရယ်၊ အမေရိကန်ရယ်၊ ကျုပ်တို့ အရှေ့တောင်အာရှနိုင်ငံ အချို့ရယ် ပြဿနာဖြစ်နေတာ ကြာပြီ မဟုတ်လား။
ကိုင်း အခုတော့... ဟိုပါတီခေါင်းဆောင် ဒေါက်တာကြီး ရေးရေးနေသလို ရေးပြရရင်တော့ တရုတ်နဂါးကြီးက ဒူလာဖြစ်နေချိန်မှာ အမေရိကန်လင်းယုန်ကြီးက ဝမ်းချုပ်နေတော့ ရုရှားဝက်ဝံကြီးက အိပ်ရာကနိုးပြီး ဗိုက်ဆာနေတယ်ဆိုလား ဘာလားပေါ့ဗျာ။

ဘုရားဟောဇာတ်တော်မှာ မြစ်ရေကြောင့် သာကီဝင်နိုင်ငံတွေ စစ်ဖြစ်ခဲ့ကြဖူးတယ် မဟုတ်လား။
အခုက မြစ်ထက်ကြီးတဲ့ ပင်လယ်ကြောင့် တတိယ ကမ္ဘာစစ်၊ အဏုမြူစစ်ကြီးအထိ ဖြစ်သွားနိုင်တယ်လေဗျာ။

ကိုင်း... ဒီလိုအရေး ပေါ်လာပြီဟေ့ဆို ငဗြိလည်း သွေးအေးနေလို့ မဖြစ်တော့ဘူး။
ဒီအရေးကို အမြန်ဖြေရှင်းဖို့ ငဗြိတစ်ယောက် သုံးထောင်တန် တရုတ်ဖိနပ် ဖင်မြီးပြတ်ကိုစီးပြီး ချက်ချင်း ကောက်ထွက်လာ လိုက်တော့တယ်။
အလို ငဗြိရ... တရုတ်နဲ့အမေရိကန် သူတို့ဘာ သူတို့ရန်စောင်ကြတာတော့ ဟုတ်ပါပြီ... မောင်ရင်က ဘယ်ကို ထထွက်သွားရတာတုံး။
တရုတ်ပြည်က ရှီကျင့်ဖျင် ဆီလား။ အမေရိကန်က အိုဘားမား ဆီလားပေါ့။
မဟုတ်ရပါဘူးဗျာ။ မောင်ဗြိ သွားတာက မောင်ဗြိ ကြီးတော်ရဲ့ ဒုတိယယောက်ျားဘက်က ပါလာတဲ့ လင်ပါသား ကိုစိုးဆီကိုဗျို့။

အလို... ကိုစိုးလား။ 
ပေါ့သေးသေးမမှတ်နဲ့ ရပ်ကွက်လူကြီးဗျ။ ရပ်ကွက်လူကြီးတောင်မှ စုံစီနဖာ ပြဿနာစုံတဲ့ မောင်ဗြိ တို့ရပ်ကွက်က လူကြီး။
ရပ်ကွက်ထဲက ပြဿနာပေါင်းစုံကို စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းနိုင်တယ်လို့ အခုတစ်လော နာမည်ကြီးနေတဲ့ လူကြီးဗျ။ နှယ်နှယ်ရရတော့ မဟုတ်ဘူး။ သူ့အိမ်ရှေ့မှာတောင် ကိုစိုး(စိတ်ပညာ)လို့ ဆိုင်းဘုတ်ကြီး ချိတ်ထားတာ။

တစ်ခါကတော့ မောင်ဗြိလည်း သူ့ကို မေးဖူးပါတယ်။ 

“ခင်ဗျားက စိတ်ပညာနဲ့ ဘွဲ့ရထားတာလား။ ကျွန်တော်နဲ့ ခင်ဗျား တစ်ရပ်ကွက်တည်းနေလာတာ ကြာပါပြီ ခင်ဗျား စိတ်ပညာနဲ့ ကျောင်းတက်တာ မသိလိုက်ပါလား”
“ရှူး...တိုးတိုး... ငဗြိရ... အမှန်က စိတ်ပညာ မဟုတ်ဘူး။ ငါက အရင်က ဆိတ်သိုးတွေ မွေးထားတာကွ။ ဆိတ်မတွေကို သားစပ်ချင်ကြရင် ငါက ဘယ်ဆိတ်မဆိုရင်တော့ ဘယ်ဆိတ်သိုးနဲ့ လိုက်ရင် ဆိတ်ဘယ်နှကောင် ကျနိုင်တယ် ဆိုတာမျိုးကို ခန့်မှန်းတွက် ချက်တဲ့နေရာမှာ ပညာရှင်တစ်ယောက်လို ကျွမ်းကျင်ခဲ့တာ။ အဲ့ဒါ ဆိတ်ပညာလို့ ခေါ်ရာကနေ အသာလေး စာလုံးပေါင်း မှားချင်ယောင်ဆောင်ပြီး စိတ်ပညာလို့ ဆိုင်းဘုတ်တပ်လိုက်တာဟ”

ထိုသို့နှယ် ဉာဏ်ပညာအရာ ပါးနပ်လှသော မောင်ဗြိ၏ ကိုစိုးပင်။
အခုလည်း သူ့ဆီသွားတယ်ဆိုတာ ဒီတောင် တရုတ်ပင်လယ်အရေးအခင်းလို ပြဿနာတွေဖြစ် လာရင် ကိုစိုးအနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပညာစမ်းကြည့်ချင်လို့ပဲဗျ။

ကိုစိုးအိမ်ကိုရောက်တော့ သိတဲ့အတိုင်း သူ့အိမ်က လူကြီးအိမ်ဆိုတော့ ပြဿနာရှင်းသူတွေ၊ တိုင်သူ တန်းသူတွေမှ စည်လို့ကားလို့ပေါ့။ မောင်ဗြိလာတာမြင်တော့ ကိုစိုးတစ်ယောက် စိတ်ညစ်သွားတယ်တူပါရဲ့။ အီလည်လည်မျက်နှာပေးနဲ့ ငဗြိရာ ဘာလာ လုပ်ပြန်တာလဲကွာလို့ မေးတယ်။

မောင်ဗြိလည်း ခါးကြားထိုးလာတဲ့ ဂျာနယ်ကို ထိုးပေးပြီး တကယ်လို တောင်တရုတ်ပင်လယ်ကိစ္စကို ဖြေရှင်းရမယ်ဆို ကိုစိုးအနေနဲ့ ဘယ်လိုရှင်းမလဲ ဆိုတာ သိချင်လို့ပါဗျာလို့ ပြောလိုက်တယ်။
ကိုစိုးက ဂျာနယ်ကို သေချာဖတ်ပြီး ပြုံးတယ်။ ပြီးတော့မှ

“အောင်မလေး... ငဗြိရာ... ဒီကိစ္စ ကုလသမဂ္ဂ ကလူတွေ မရှင်းတတ်လို့ပါ... ရှင်းတတ်ရင် လွယ်ပါ တယ်... ကဲ... ကဲ... လောလောဆယ် ငါ့ဆီကို လာတိုင်သမျှ ပြဿနာတွေကို ငါဘယ်လိုရှင်းလဲဆိုတာသာ  မင်းထိုင်ကြည့်နေ... ဟုတ်ပြီလား”

ဘန်ကီမွန်းတောင် သူ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သက်တမ်း နှစ်ဆက်လုံး မရှင်းနိုင်လို့ ခေါင်းမွေး ဖြူတဲ့ကိစ္စ ကိုစိုးက လွယ်တယ်ဆိုပါကလား။
အိမ်း... ဒင်းကြီးကို နိုင်ငံတကာအဆင့် ပြဿနာ မပြောနဲ့ အခုရပ်ကွက်ထဲက ပြဿနာတွေ ဘယ်လို ရှင်းသလဲဆိုတာ ကြည့်ကြသေးတာပေါ့။

ဟော့... လာပါပြီ... ပြဿနာတစ်ခု။

“ဒီမှာကိုစိုး... အဲ့ဒီလမ်းထိပ်ကျောင်းရှေ့က နေရာက ကျွန်မ ဝက်သားတုတ်ထိုး ရောင်းနေကျနေရာပါ။  အဲဒါကို ဒီကောင် သန်းဌေးက စမူဆာသုပ်ဆိုင် လာခင်းထားတယ်... အဲဒါ... ဘယ်သူက တရားဝင်လဲ မဝင်လဲဆိုတာ ကိုစိုးပဲ ဖြေရှင်းပေးပါ”

ကိုစိုးက ပြဿနာဖြစ်လာတဲ့ တုတ်ထိုးသည် မတုတ်နဲ့  စမူဆာသည် သန်းဌေးကို ခပ်ပြုံးပြုံးကြည့် တယ်။

ပြီးတော့မှ

“ဒီကိစ္စကို ကျွန်တော် မဖြေရှင်းတတ်ဘူးဗျ... ဒါပေမဲ့ မတုတ်ရော ကိုသန်းဌေးရောရဲ့ ဆိုင်နေရာ ပြဿနာကို ကျွန်တော်တို့ဝန်ကြီးချုပ် ကိုကြီးဖြိုးကို မေးကြည့်ပေးပါ့မယ်။ မတုတ်ရဲ့ တုတ်ထိုးဆိုင် ဒီနေရာမှာ ရှိနေတဲ့အတွက် ကိုသန်းဌေး မရှိသင့်ဘူးလား၊ ကိုသန်းဌေးရဲ့ ဆမူဆာဆိုင် ရှိနေတဲ့အတွက် မတုတ်ရဲ့ တုတ်ထိုး မရှိသင့်ဘူးလားဆိုတာ ကိုကြီးဖြိုးကို ကျွန်တော် မေးကြည့်ပေးပါ့မယ်”

မတုတ်ရော သန်းဌေးပါ ငေါင်စင်းသွားတယ်ဗျ။
ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် တယ်။
ကိုသန်းဌေးက စကားစပြောတယ်။
“ကိုကြီးဖြိုးကိုတော့ သွားမမေးလိုက်ပါနဲ့ဗျာ”

မတုတ်ကလည်း ခေါင်းလေးညိတ်လိုက်တယ်။
“နေပါစေတော့ ကိုစိုးရယ်... ကျွန်မတို့ နှစ်ယောက်ပဲ ညှိနှိုင်းပြီး အဲ့ဒီနေရာလေးကို အတူတွဲပြီး ရောင်းပါတော့မယ်”

ကိုသန်းဌေးနဲ့ မတုတ် ပြန်ထွက်သွားတော့ ကိုစိုးက မောင်ဗြိကို ပြုံးပြီး မေးငေါ့တယ်။
ကိုင်း... ငါရှင်းလိုက်တာ မပိုင်လားဆိုတဲ့ သဘော။ မောင်ဗြိဖြင့် သူရှင်းတာကို နားကိုမလည်။ ဟိုနှစ်ယောက်ကလည်း ဘယ်လို ဘယ်လို ပြေလည်သွားမှန်းမသိ။

ဟော့... လာပြန်ပြီ နောက်တစ်ခု။

“ကိုစိုး ခင်ဗျား ဖြေရှင်းပေးဗျာ။ ဒီမှာ ကျုပ် ဂျာနယ်ရောင်းနေကျနေရာမှာ  ဒီကောင်မ လှလှဆွေက လာလုပြီး ဂျာနယ်ရောင်းနေတယ်။ ပြီးတော့ ဂျာနယ် လာဝယ်နေကျ ကျုပ်ဖောက်သည်တွေကိုလည်း ပြီတီတီ အီစီကလီ အမူအရာတွေနဲ့ ကြာပစ်မြှူဆွယ်ပြီး သူ့ဂျာနယ်တွေ အတင်းထိုးရောင်းတယ်ဗျ”

ဟုတ်ပြီဗျို့။ ကိုကုန်းသီးဆိုတဲ့ ဂျာနယ်ရောင်း တဲ့လူနေရာမှာ လှလှဆွေ ဆိုတဲ့ အမျိုးသမီးကလည်း ဂျာနယ်လာရောင်းတဲ့ ပြဿနာ။

လှလှဆွေ ဆိုတဲ့အမျိုးသမီးက အရင်က ဇာတ်ထဲမှာ အပျိုတော်ကတဲ့ ဇာတ်သမဗျ။
ဘယ့်နှယ် အခုမှ ဂျာနယ်လာရောင်းနေလဲ မောင်ဗြိလည်း စဉ်းစားမရဘူး။
အင်းလေ... သူလည်း ဇာတ်ခေါင်းကွဲလာတာ ဆိုတော့ ရမလားဆိုပြီး ဝင်တိုးကြည့်တာနေမှာပေါ့။
သူတို့ပြဿနာကိုလည်း ကိုစိုးက ရှင်းပေးပြန်သဗျ။

“ကိုင်း ဟုတ်ပြီ... ဂျာနယ်ဆရာ ကိုကုန်းသီးရော... ဇာတ်ပျက်ဂျာနယ်ဆရာမ မလှလှဆွေရော ခဏနေကြဦး... ကျုပ် ခင်ဗျားတို့ပြဿနာကို ဝန်ကြီးချုပ် ကိုကြီးဖြိုးကို မေးပေးမယ်ဗျ။ ဘယ်သူရှိသင့် မရှိသင့်ဆိုတာ”
“ဘယ်သူ့ကို မေးမယ်”
“ဝန်ကြီးချုပ် ကိုကြီးဖြိုး ကိုလေ”
“အို”
“အယ်”

ကိုစီအိုနဲ့ လှလှဆွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။

“ကိုကြီးဖြိုးကိုတော့ သွားမမေးပါနဲ့ဗျာ... ကျွန်တော် ကျွန်မတို့ နှစ်စီးပွား တစ်စီးပွားပေါင်းပြီးတော့ပဲ ဂျာနယ်ဆိုင်လေး ဖွင့်ပါတော့မယ်နော်”

ပြဿနာတက်ပြီး အိမ်ထဲဝင်လာတဲ့ လူနှစ်ယောက်ကို တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ပြန်ထွက်သွားတဲ့အထိ ဖြေရှင်းနိုင်တဲ့ ကိုစိုးရဲ့ အစွမ်းက အံ့မခန်းပဲဗျိုး။

“ဟား...ကိုစိုး...ဒါကြောင့်လည်း ခင်ဗျားဟာ ကိုစိုး(စိတ်ပညာ) ဆိုပြီး ဒီရပ်ကွက်မှာ နာမည်တစ်လုံး နဲ့နေတာကိုးဗျ... ကဲ လုပ်စမ်းပါဦး ကျွန်တော် ခုနမေး တဲ့ တောင်တရုတ်ပင်လယ်ကို တရုတ်ရယ်၊ ဖိလစ်ပိုင်ရယ်၊ မလေးရှားရယ်၊ အမေရိကန်တွေရယ် သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ကိစ္စကျ ခင်ဗျား ဘယ်လိုရှင်းမှာလဲ”

ကိုစိုးက သူ့မေးစေ့က မရှိတဲ့ မုတ်ဆိတ်မွေးကို ပွတ်ပြီး မောင်ဗြိကို ဂျာနယ်တစ်စောင် ဖွင့်ပြတယ်။
သတင်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ စင်ကာပူကိုရောက်နေတဲ့ ဝန်ကြီးချုပ် ကိုကြီးဖြိုးက ဟိုအဖွဲ့ကြီးဆိုတာ မရှိသင့်ဘူးလို့ ပြောလိုက်တဲ့ သတင်း။
နောက်သတင်းတစ်ခုက ဟိုအဖွဲ့ကြီးဟာ တရားမဝင်ပါဘူးလို့ သံဃာ့အဖွဲ့အစည်းကြီးက ပြောလိုက်တဲ့ သတင်းတွေပေါ့။

“ဒီလိုရှိတယ်..ငဗြိ... ကိုကြီးဖြိုးက သြင်္ကန်တုန်း က ပိုက်ဆံနဲ့ရေကစားတဲ့မဏ္ဍပ်တွေ မရှိသင့်ဘူးပြော တယ်မဟုတ်လား”
“အင်းလေ”
“ဟုတ်... ဟုတ်... မဟုတ် ဟုတ်... သြင်္ကန်မှာ ငွေကြေးနဲ့ ကဲကြ ပျော်ကြတဲ့မဏ္ဍပ်တွေ အထိုက်အလျောက် ပျောက်ကုန်ပါရောလား”
“အေး..အခုလည်း ဟိုအဖွဲ့ကြီး မရှိသင့်ဘူးလို့ သူက စင်ကာပူမှာ ပြောပြန်တယ်မဟုတ်လား... သူပြန် လာတာဖြင့် တစ်ပတ်ကျော်ပဲ ရှိသေးတယ်။ ဟိုအဖွဲ့ ကြီးဟာ နေ့ချင်းညချင်း တရားမဝင်ဖြစ်သွားလို့... သပိတ်ထမယ် တကဲကဲလုပ်ပြီး ဓားသွေး၊ ကတ်ကြေး သွေးနေတဲ့ အဖွဲ့ဝင်တွေတောင် အူလည်လည်ဖြစ်ကုန် ပြီမဟုတ်လား”
“အင်း...ဟုတ်တယ်လေ...အဲဒါ ဘာဖြစ်တုံး”
“ခုန ဝက်သားတုတ်ထိုးသည်နဲ့ စမူဆာသည်ကို တွေ့လား... နောက် ဂျာနယ်ရောင်းတဲ့ ကိုကုန်းသီးနဲ့ မလှလှဆွေ ဆိုတဲ့ ဇာတ်သမကိုရော တွေ့လား... ငါက ကိုကြီးဖြိုးကို မေးလိုက်ရမလား ဆိုတော့ သူတို့ ဘာလို့ ထပြန်ကုန်လဲသိလား”
“အမ်...မသိဘူးလေ”
“ကိုကြီးဖြိုးကိုမေးလို့ ကိုကြီးဖြိုးက နှစ်ယောက်လုံး မရှိသင့်ပါဘူးဆို သူတို့ ဘုံပျောက်ကုန်မယ်ဟ... သူတို့ဈေးသည်တွေ ကိုယ်တိုင်က ဒီနေရာမှာ တရားဝင် ရောင်းခွင့်ရထားတာ မဟုတ်ဘူးလေ။ ဟိုလူက တရားမဝင်လို့ မရှိသင့်ပါဘူးဆို သူတို့လည်း ဟိုအဖွဲ့ကြီးလို ရွာလည်သွားမှာ စိုးလို့ကွ... သဘောပေါက်လား”

အလို... မဟော်သဓာစီရင်ထုံးတွေ၊ ခုံတော် မောင်ကျဘန်းရဲ့ အဆုံးအဖြတ်တွေ၊ ပြည်သူ့တရားရှင် ပေါင်ချိန်ရဲ့ စီရင်ချက်တွေ နားပါတော့လား။
ကိုစိုး(စိတ်ပညာ)ရဲ့ စီရင်ထုံးမှာ ကိုကြီးဖြိုးကို မေးလိုက်ရမလား တစ်လုံးနဲ့တင် အဆင်ပြေသွားကြတာ ကိုယ်တွေ့ဗျ။

“ကိုင်း... ဒါတွေထားတော့ဗျာ... ကျွန်တော့် လာရင်းအကြောင်းက တောင်တရုတ်ပင်လယ်အရေး ခင်ဗျားဆို ဘယ်လိုရှင်းမလဲ ဆိုတာပဲဗျာ”
“အောင်မယ်လေးကွာ...။ ဒါလည်း ခုနလူတွေလိုပဲ နေရာလုတဲ့ပြဿနာပါကွာ။ အင်အားကြီးနိုင်ငံတွေ အချင်းချင်းဖြစ်နေလို့ ခက်နေတာ... ဒီမယ် ဒီကိစ္စလည်း ရေပိုင်နက်မှာ ဘယ်သူရှိသင့် မရှိသင့်... ငါ ကိုကြီးဖြိုးကို မေးလိုက်ရမလား”
“အဲ”
“အဲ...မလုပ်နဲ့... အခု မင်း ငါ့အရှိန်အဝါကို ယူပြီး ရပ်ကွက်အစွန်က မြေကွက်အလွတ်မှာ တဲအိမ်ဆောက်ပြီး ကျူးကျော်လုပ်နေတာရော... ရှိသင့် မရှိသင့်... ငါ ကိုကြီးဖြိုးကို မေးလိုက်ရမလား”
“အဲ... မမေးပါနဲ့ဗျာ... ကျွန်တော်လည်း  ဘုံပျောက်နေမှဖြင့် ဟိုလူတွေလို ကတ်ကြေးသွေး၊ ဓားသွေးတွေ လုပ်ပြီး ကွမ်းရွက်ပုံဆေး သောက်နေရပါဦးမယ်”
“အေး... မမေးစေချင်ရင်... ငါ့ကိုလာပြီး အာရုံ လာလာမနောက်နဲ့... ကြားလား ငဗြိ”
“ဟုတ်... ဟုတ်”

အဲ့သလိုနဲ့ မောင်ဗြိလည်း ကိုကြီးစိုးရှေ့ကနေ အမြန်ဆုံး ပြန်လစ်ခဲ့ရသပေါ့ဗျာ။
တောင်တရုတ်ပင်လယ်မှာ ဘယ်သူရှိသင့် မရှိသင့် ကိုကြီးဖြိုးကို သွားမေးတာက ပြဿနာမဟုတ်ဘူး။
ဘယ့်နှယ်... တော်ကြာ... ငဗြိရဲ့ ကျူးကျော်တဲလေး ရပ်ကွက်ထဲ ရှိသင့်မရှိသင့် ကိုကြီးဖြိုးကို သွားမေးနေမှဖြင့်... မခက်လား။

ဗြိတိသျှကိုကိုမောင်



ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)