News

POST TYPE

ARTICLE

အမှောင်ထဲရောက်သွားသော ကလေးငယ်များ
12-Jan-2018


တရုတ်နိုင်ငံတောင်ပိုင်း ရှောင်ကွမ်းမြို့လေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမေရိကန်သူ ရို့စ် ကင်းဒစ်တစ်ယောက် အစားအသောက်များကို ကြိုးစားပြီး စားနေရရှာသည်။ သူနှင့်အတူပါလာသည့် စကားပြန်က သူ့ကိုကြိုးစားပြီး ရှင်းပြနေသည်။ သူယခု ဤနေရာကို ရောက်လာရခြင်းမှာ မွေးစားသမီးလေး အီရီကာအတွက် ဖြစ်သည်။ ရို့စ်က တရုတ်မလေးတစ် ယောက်ကို မွေးစားခဲ့သည်။ သူ့ကိုခေါ်ယူခဲ့သည့် မိဘမဲ့ ဂေဟာက ပေးလိုက်သည့် စာရွက်အထောက်အထားတွေက အတုတွေဖြစ်သည်။ သမီးကို အမှန်တော့ ရောင်းစားခြင်း ခံခဲ့ရသည်။ ရို့စ်က မွေးစားရန် ခေါ်လာတော့လည်း သူ့အထောက်အထားတွေ အားလုံးက အတုတွေဖြစ်နေသောကြောင့် တရုတ်နိုင်ငံပြန်လာပြီး သူ့မိဘများနှင့် ဇာတိကို အတိအကျ သိရှိရန် လာစုံစမ်းနေခြင်းဖြစ်သည်။ 

လုလီကျင်းသည် ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသူတစ်ဦးဖြစ်သည်။ သူက အဆောက်အအုံ ဆောက်လုပ်ရေး ဆိုက်တစ်ခုတွင် အလုပ်ကြမ်းဝင် လုပ်နေရသည်။ နေ့လယ်စာ စားနေချိန်တွင် သူ့ထံကို ဖုန်းဝင်လာသည်။ ဇနီးထံက ဖြစ်သည်။ သူတို့သားလေး ၂ နှစ်သား လုကျင်ကျန်းတစ်ယောက် ပျောက်သွားသည်ဆိုသောသတင်း ဖြစ်သည်။ လီကျင်းသည် အိမ်သို့ အပြေးလေး ပြန်လာခဲ့သည်။ သူတို့ ဆွေမျိုးတွေနှင့်ပေါင်းပြီး သားကို ရှာကြသည်။ မတွေ့သောကြောင့် ရဲစခန်းကို ပြေးကြသည်။ လူပျောက်တိုင်ပြီး သားကို တကြော်ကြော် အော်ကာ လိုက်ရှာကြသော်လည်း အချည်းနှီးသာဖြစ်သည်။

နောက်ဆုံး သူတို့လမ်းထောင့်တွင်ရှိသည့် စောင့်ကြည့်ကင်မရာကို သတိရပြီး ပြန်ရှာကြည့်ကြသည်။ ဗီဒီယို မှတ်တမ်းထဲတွင် သူတို့သားလေး ကျန်ကျင်းသည် အဆောက်အအုံကြီးတစ်ခုဘေးတွင် လူတစ်ယောက်နှင့် စကားပြောနေသည်။ လူကြီး၏မျက်နှာက မထင်မရှားနှင့် မမြင်ရ။ ကျန်ကျင်းကို လမ်းကျဉ်းလေးအတိုင်း ခေါ်သွားသည်ကို နောက်ဆုံး မြင်လိုက်ကြရသည်။ 

ရို့စ်မွေးစားလိုက်ရသည့် အီရီကာလို ကလေးမျိုးနှင့် ပျောက်သွားသည့် ကျန်ကျင်းတို့လို ဇာတ်လမ်းတွေက တရုတ်နိုင်ငံတွင် များစွာ ရှိနေသည်။ အီရီကာကလည်း ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိ။ မိဘတွေလည်း မမှတ်မိ။ ကျန်ကျင်းကလည်း ဘယ်ရောက်လို့ ရောက်သွားမှန်းမသိ။ တရုတ်နိုင်ငံ၏ ဇာတ်လမ်း များစွာထဲက တစ်ခုသာဖြစ်သည်။

တရုတ်နိုင်ငံတွင် ကလေးကုန်ကူးခြင်းနှင့် မွေးစားလိုခြင်း ပြဿနာသည် အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်နေကြောင်း တရုတ်အစိုးရကလည်း ဝန်ခံထားသည်။ ကလေးခိုးခြင်း မွေးစားရန် ရောင်းစားခြင်းများကို တရုတ်အစိုးရအနေနှင့် တိကျသည့် စာရင်းဇယားများ ထုတ်ပြန်ခြင်း မပြုသော်လည်း ၂၀၁၅ ခုနှစ်က ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ စာရင်းထုတ်ပြန်ချက်တွင် ကလေးကုန်ကူးသူဟူ၍ သံသယရှိသူ ပေါင်း ၁၉၃၂ ဦးကို ဖမ်းမိထားကြောင်း ထုတ်ပြန်ထားသည်။ သူတို့အထဲမှ ၁၃၆၂ ဦးကို ကလေးနှင့် အမျိုးသမီးများကို လူကုန်ကူးမှုနှင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံတော်ပိုင် သတင်းစာတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုမှ တရုတ်ကလေးငယ်များကို ခေါ်ယူမွေးစားမှုမှာ ၂၀၁၂ ခုနှစ် တွင် ၃၀ဝ၀ ခန့်ရှိကြောင်း၊ အများစုကို တရုတ်နယ်စပ်မှ ခေါ်ယူမွေးစားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံတွင် ကလေးဝယ်ယူမှုနှင့် ကုန်သွယ်မှုသည် ဈေးကွက်ကြီးတစ်ခု အနေနှင့် တည်ရှိနေသည်။ နှစ်စဉ် ထိုဈေးကွက်တွင် ကလေးပေါင်းမည်မျှ ဓားစာခံတွေ ဖြစ်ခဲ့ရကြောင်း မည်သူမှ အတိအကျ မသိနိုင်ကြပေ။ 

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုး ပြည်နယ်မှ ရို့စ်ကင်းဒစ်က တရုတ်ကလေးတစ်ယောက်ကို မွေးစားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဈေးကွက်တွင် တရုတ်ကလေးတွေက တောင်ကိုရီးယား ကလေးတွေထက် ဈေးပိုပြီး သက်သာခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် တရုတ်ကလေးငယ်လေးများကို သူကပိုပြီး ချစ်စရာကောင်းသည်ဟု ထင်သည်။ သူက ပွဲစားများနှင့်တွေ့ဆုံပြီး သူလိုချင်သည့် ကလေးပုံစံကိုပြောကာ သူတို့တောင်းသည့် ဈေးကိုပေးပြီး ကလေးကို ခေါ်ခဲ့ခြင်းဖြစ်သော်လည်း ကလေးတိုင်းလိုလိုမှာ သူတို့ကိုယ်သူတို့ လူကုန်ကူးခံလိုက်ရခြင်းကိုပင် မသိကြသူတွေကများသည်။

ကင်းဒစ်သည် အသက် ၃၆ နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။ သူက သမီးလေးတစ်ယောက် မွေးစားချင်သည့်စိတ် ဖြစ်ပေါ်နေသည်မှာလည်းကြာပြီ။ သူ့ကို ပွဲစားက မိဘမဲ့ ဂေဟာတစ်ခုနှင့် ဆက်သွယ်ပေးသည်။ နောက်ဆုံး ဂေဟာကို သူရောက်လာခဲ့ပြီး ယခုမွေးစားထားသည့် သမီးလေးကိုခေါ်ကာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ 

သမီးကို မွေးစားရသည်မှာ ပြဿနာမရှိ။ သို့သော် လေးနှစ်သမီးလေး အီရီကာက တစ်နေ့တွင် သူ့မိခင် အရင်းကို လွမ်းကြောင်း ပြောလာသည်။ ထို့ပြင် ရို့စ်ကို သူ့မိခင်အရင်းနှင့် တွေ့လိုကြောင်း ပူဆာတော့သည်။ ရို့စ်လည်း မနေသာတော့။ Research-China.org အဖွဲ့ထံ အကူအညီတောင်းရတော့သည်။ 

ဘရိုင်ယန် စတိုင်းသည် Research-China.org ကို ထူထောင်ထားသူဖြစ်သည်။ သူ့ထံတွင်လည်း မွေးစားသမီး သုံးယောက်ရှိသည်။ သူက ရို့စ်ပေးပို့လိုက်သည့် အထောက်အထားများကိုကြည့်ပြီး အီရီကာကို ဟူနန်နယ်က ပြန်ပေးဆွဲလာသည်ဟု ယူဆရကြောင်း ပြောသည်။ ထိုသတင်းက တရုတ်သတင်း လောကတွင် ပျံ့သွားပြီး ဂျာနယ်လစ်တွေ ခြေရာခံ ကြသည်။ တရုတ်နိုင်ငံ၏ မိဘမဲ့ဂေဟာတွေက ကလေး မွေးစားရန်ပေးသည့် ဗဟိုဌာနကြီးတွေအဖြစ် ရပ်တည်နေကြကြောင်း တွေ့ကြရသည်။ တစ်နည်းပြောရလျှင် ကလေး ရောင်းစားသည့် နေရာကြီးများ၏ ရင်းမြစ်နေရာများလည်း ဖြစ်နေကြသည်။ မွေးစားကလေး အများစုသည် အီရီကာ ထွက်လာသည့် မိဘမဲ့ဂေဟာက အများဆုံးဖြစ်နေသည်။ စတိုင်းက ရို့စ်ထံ ထိုသတင်းကို ပို့လိုက်သည်။ 

ရို့စ်က သူ၏မွေးစားသမီး အီရီကာ၏ မိဘအရင်းများကို ရှာပုံတော်ဖွင့်ပေးသည်။ သူ့ကိုခေါ်ခဲ့သည်ဆိုသော မိဘမဲ့ ဂေဟာဝန်းကျင်တွင် သမီးပုံနှင့်အတူ ပိုစတာတွေ လိုက်ကပ်ပြီး စုံစမ်းသည်။ သို့သော် မည်သည့်အကြောင်းကြားစာမှ ပြန်မလာ။ ၂ နှစ်ခန့် ကြိုးစားရှာပြီး မတွေ့သည့်အဆုံးတွင် ရို့စ်ကို တရုတ်နိုင်ငံသို့ လိုက်သွားပြီးရှာရန် စတိုင်းက အကြံပေးသည်။ ဤသို့ဖြင့် ရို့စ်တစ်ယောက်သမီး အီရီကာ၏ မွေးဇာတိမြေကို ရောက်ရှိလာရသည်။ 

ရို့စ်ကင်းဒစ်တစ်ယောက် တရုတ်နိုင်ငံကို ရောက်လာသည်။ သမီးဖြစ်သူ မွေးစားစဉ်က ပေးလိုက်သည့် စာရွက်ထဲတွင် ပါလာသည့် ဇောင်လင်းဆိုသူကစပြီး ခြေရာခံရသည်။ ဇောင်လင်းက ကလေးကို မိဘမဲ့ ဂေဟာသို့ ပို့ပေးသူဟု ဆိုထားသည်။ သူတို့ မိဘမဲ့ ဂေဟာကတစ်ဆင့် ဇောင်လင်းကို ဆက်သွယ်မိသည်။ သူ့ကိုတွေ့တော့ ကလေးတွေကို သူက ဝယ်ပေးရသည်ဟု ဆိုထားသည်။ သို့သော် ဇောင်လင်းနှင့် စားသောက်ဆိုင်တွင်ထိုင်ပြီး စကားပြောရာမှ ကလေးတွေကို ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ကျောင်းက ခေါ်လာကြောင်း သတင်းရပြန်သည်။ 

နောက်ဆုံး ရို့စ်တစ်ယောက် မိဘမဲ့ဂေဟာကို ပြန်ရောက်လာရသည်။ မိဘမဲ့ဂေဟာရှိ ဒါရိုက်တာကလည်း သူတို့ ကလေးရောင်းသူများထံက ကလေးများကို ဝယ်ယူထားကြောင်း ဝန်ခံသည်။ သို့သော် သူ့သမီး၏ အဖြစ်မှန်များကို ဖုံးကွယ်ထားသလို ခံစားနေရသည်။ မျက်နှာကို ဖြတ်ရိုက်ချင်စရာ ကောင်းလောက်အောင် အာဏာပိုင်တွေက မျက်နှာကြော တင်းတင်းနှင့် မသိဘူးချည်း ပြောနေကြသည်။

နောက်ဆုံး ရို့စ်သည်အပြင်တွင် တည်းခိုပြီး မိဘမဲ့ဂေဟာမှ ဝန်ထမ်းများကို လာဘ်ထိုးကာတွေ့ပြီး မေးမြန်းခဲ့ရသည်။ သမီးလေးဓာတ်ပုံကိုပြပြီး စုံစမ်သမျှ ကျေနပ်စရာကောင်းသည့် သဲလွန်စတစ်ခုတော့ ရခဲ့သည်။ သမီးအီရီကာကို မိဘမဲ့ဂေဟာတွင် လာရောက် ရောင်းချခြင်း ခံခဲ့ရသည်ဆိုခြင်းမှာ အမှန်ပင်ဖြစ်သည်။ သူက Skype ကတစ်ဆင့် ဗီဒီယိုဖြင့် သမီးနှင့် ဆက်သွယ်စကားပြောသည်။ 

“သမီးရေ သမီးမေမေကို ဘယ်လိုမှ ရှာဖို့ မဖြစ်နိုင်တော့ဘူး”ဟု ပြောလိုက်ချိန်တွင် အီရီကာ၏ မျက်နှာလေးက ညှိုးသွားခဲ့သည်။ ထို့နောက် သမီးလေးက ငိုသည်။ တရုတ်နိုင်ငံတွင် အာဏာပိုင်တွေနှင့် ကလေးသူခိုးတွေ ပေါင်းရိုက်နေကြသည့် လုပ်ငန်းတွေလည်း ရှိနေကြောင်း သူကောင်းကောင်း သိသွားသည်။ ရင်းမြစ်နောက် လိုက်ရန်ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဖြစ်နေပေလိမ့်မည်။

နောက်ဆုံးရို့စ်တစ်ယောက် အမေရိကကို ပြန်လာသည်။ တစ်ချိန်ချိန်တွင် သမီးလေးအတွက် တစ်ခုခု လုပ်ပေးနိုင်လိမ့်မည်ဟု ယူဆသော်လည်း ယခုတော့ မအောင်မြင်နိုင်ခဲ့သည့် ခရီးဖြစ်ခဲ့ရသည်။ 

တရုတ်နိုင်ငံတွင် နှစ်စဉ် ပျောက်ဆုံးနေရသော ကလေးပေါင်း အရေအတွက်မှာ ၂၀,ဝ၀ဝ မှ ၂၀ဝ,၀ဝ၀ ကြားတွင်ရှိမည်ဟုလည်း တရုတ်နိုင်ငံထုတ် Southern Metropolis Daily သတင်းတွင် ဖော်ပြထားသည်။ အများစုမှာ အတင်းအကျပ် အလုပ်ခိုင်းရန်အတွက် ရောင်းစားခြင်းခံရပြီး၊ ဒုတိယအများစုမှာ မွေးစားသူများထံ ရောင်းစားရန် ဖြစ်သည်။ ကလေးအများစု ပျောက်ဆုံးနေခြင်းမှာ အများပြည်သူများ သွားလာလှုပ်ရှားနေသည့် လူစည်ကားသည့်နေရာများမှာပင် ခေါ်ယူသွားခြင်းများကို မပြတ် ပြုလုပ်နေကြကြောင်း တွေ့ရသည်။ 
တရုတ်နိုင်ငံတွင် ကလေးပျောက်အမှုပေါင်း ၃၆၅ မှုကို Southern Metropolis Daily က လေ့လာ ဆန်းစစ်ခဲ့ပါသည်။ ၄၀ ရာခိုင်နှုန်းခန့်မှာ မိဘများ ကိုယ်တိုင်က ကိုယ့်သားသမီးကိုကိုယ် ရောင်းစားပြီး ပျောက်သွားပြီးဟု ပြောနေသည့် အမှုများဖြစ်နေကြောင်းလည်း တွေ့ရသည်။ မိဘတွေကိုယ်တိုင် ကလေးကုန်ကူးသူများထဲတွင် ပါဝင်ပတ်သက်နေကြခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံ၏ ကလေးလူကုန်ကူးမှု ဖြစ်ရသည့် အဓိက အကြောင်းအချက်မှာ ယခင်က နိုင်ငံတော် ပေါ်လစီ တစ်ရပ်အနေနှင့် ကျင့်သုံးနေသော “မိသားစုတစ်စု ကလေးတစ်ယောက်”ဆိုသည့် သားသမီးယူမှုအား ထိန်းချုပ်ထားသည့် ပေါ်လစီကြောင့်လည်း ဖြစ်သည်။ ၁၉၈၀ ခုနှစ်ကတည်းက ထိုဥပဒေကိုပြဋ္ဌာန်းပြီး ၂၀၁၃ ခုနှစ်မှ ဖြေလျှော့ပေးခဲ့သည်။ တရုတ်နိုင်ငံတွင် ကလေးမွေးလာသည့်အခါ သမီးထက် သားလေးတွေ ဖြစ်စေချင်သည့် အစွဲတွေ ရှိကြ သည်။ ထို့ကြောင့် သမီးတွေ မွေးလာလျှင် စွန့်ပစ်ခြင်း၊ ရောင်းစားခြင်းများကို ပြုလုပ်ခြင်းများလည်းရှိသည်။ အချို့မှာ မွေးသာမွေးနိုင်သည့် မကျွေးနိုင်ခြင်း၊ ကျောင်းထားရန် စရိတ်မတတ်နိုင်ခြင်း၊ ဆင်းရဲခြင်းကြောင့် ရောင်းစားလိုက်ရသည်များလည်း ရှိသည်။

မိဘများကိုယ်တိုင်က သားသမီးများကို ရောင်းစားနေသည့် အဖြစ်မှာ တရုတ်နိုင်ငံတွင် အမှန်တကယ် ရှိနေကြောင်း ပြောလျှင်ပင် ယုံကြည်နိုင်စရာ အကြောင်းမရှိ။ Southern Metropolis Daily သတင်းစာက ဟူနန်နယ်မှ ကလေး ရောင်းစားသည့် လင်မယားနှစ်ယောက်နှင့်တွေ့ဆုံပြီး မေးမြန်းခဲ့ရာတွင် သူတို့၏ ဒုတိယမြောက်ကလေးကို ယွမ် ၆၀ဝ၀ (ဒေါ်လာ ၁၀ဝ၀) ခန့်နှင့် ရောင်းစားခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့် ရောင်းစားသနည်းဆိုသော် စီးပွားရေး အဆင်မပြေသောကြောင့်ဟု ပြောကြသည်။

သူတို့က ကလေးရောင်းစားရမှန်း သိလာသည့်အခါ တတိယကလေးကို ထပ်မွေးပြီး ရောင်းပြန်သည်။ ယွမ် ၂၀ဝ၀ဝ (ဒေါ်လာ ၃၀ဝ၀) ခန့်ရသည်။ သူတို့ကလေးကို ရောင်းစားမှန်းသိသဖြင့် ဖမ်းဆီးပြီး ဖခင်ဖြစ်သူကို တရားရုံးက ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ယွမ် ၂၀ဝ၀ဝ ချမှတ်လိုက်မှ ဤအဖြစ်ကြီးကို သိကြရခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံတွင် တရားဝင်ထုတ်ပြန်ခြင်း မပြုသော်လည်း ကလေးများကို ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်ကြီးတစ်ခုကတော့ အမှန်ပင် ကြီးထွားလျက်ရှိသည်။ တရားရုံးတွင် လက်ရှိတင်ထားသည့် ကလေး ခိုးရောင်းသည့် အမှုပေါင်း ၃၈၀ ရှိသည်။ ယောက်ျားလေး ၂၄၈ ဦးနှင့် မိန်းကလေး ၁၂၀ ဦးရှိသည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ မိန်းကလေးဆိုလျှင် ယွမ် ၁၀,ဝ၀ဝ ခန့်ရပြီး ယောက်ျားလေးဆိုလျှင် ယွမ် ၄၅၀ဝ၀ ခန့်ပေါက်သည်။ 

တရုတ်နိုင်ငံမှ ပျောက်သော ကလေးတိုင်း မိဘများက ရောင်းစားကြခြင်း မဟုတ်ပါ။ အချို့မိဘတွေကလည်း ကလေးခိုးများကြောင့် ပျောက်သွားရသည့် သားသမီးများ ဓာတ်ပုံလေးတွေကိုင်ပြီး မျက်ရည်စက်လက်ဖြင့် လိုက်ရှာနေကြသော မိဘပေါင်းများစွာ ရှိနေကြပါသည်။ မကြာသေးမီက ကလေးတွေကို ခိုးလာပြီး မေ့ဆေးပေးလာသည့် နယ်စပ်ဖြတ်ကျော် ကားတစ်စီးအကြောင်းကိုလည်း ရုပ်သံများတွင် တွေ့လိုက်ရပါသေးသည်။ တရုတ်တွင် သားသမီးများကို မျက်စိအောက်က အပျောက်မခံရဲသည့် အနေအထားကတော့ ရောက်နေပြီ ဖြစ်သည်။

(Ref: Southern Metropolis Daily, The Atlantic, The Bloomberg)