News

POST TYPE

ARTICLE

ရိုက်တာသတင်းထောက်နှစ်ဦး၏ ရုံးထုတ်မြင်ကွင်း
11-Jan-2018 tagged as သတင်းထောက်



“သတင်းတွေကို မှန်မှန်ကန်ကန် မထုတ်ဖော်နိုင်အောင် မမှန်ကန်တဲ့ နည်းလမ်းသုံးပြီး ဖမ်းဆီးအရေးယူတာလို့ ပြောချင်ပါတယ်”ဟု ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့်ကြားက ဖမ်းဆီးခံထားရသူ ကိုဝလုံးက အော်ဟစ်ပြောဆိုလိုက်သည်။

သက်တမ်းကြာမြင့်လှပြီဖြစ်သည့် အနီရောင်အုတ်တံတိုင်း အဆောက်အအုံဖြင့် တည်ဆောက်ထားသော ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၏ ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လမ်းဖယ်ပေးရန် အော်ဟစ်ပြောဆိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ 

အင်းစိန်လမ်းမကြီးမှ ခရိုင်တရားရုံးဝင်းထဲသို့ မောင်းလာသည့် အပြာရောင် ရဲကားတစ်စီးနောက်သို့ အနက်ရောင်အင်္ကျီကိုယ်စီ ဝတ်ဆင်ထားသည့် မီဒီယာများက ကင်မရာကိုယ်စီဖြင့် အပြေးအလွှားလိုက်ကာ ကားပေါ်ပါသူ နှစ်ဦးကို အလုအယက် ဓာတ်ပုံများရိုက်ယူနေကြသည်။  အဆိုပါနှစ်ဦးမှာ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ဖြစ်သည်။ 

အဖမ်းခံထားရသည့် သတင်းထောက်နှစ်ဦးကို ၎င်း၏ မိတ်ဆွေများက အားပေးစကားများ အော်ဟစ်ပြောဆိုနေသလို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကလည်း တရားခွင်သို့ သွားရောက်နိုင်ရန် လမ်းဖယ်ပေးဖို့ အော်ဟစ်ပြောဆိုနေသည်က မြောက်ပိုင်းခရိုင်တရားရုံးတစ်ခုလုံးအပေါ် လွှမ်းမိုးသက်ရောက်နေသည်။ 

မည်သည့်အရာမျှ စိတ်မဝင်စားကြ။ 

ခရိုင်တရားရုံးသို့ အမှုအကြောင်းအရာမျိုးစုံဖြင့် ရောက်ရှိလာသူများမှာလည်း ၎င်းတို့ကိစ္စကိုပင် စိတ်မဝင်စားနိုင်။ အနက်ရောင်ဝတ်ဆင်ထားသည့် မီဒီယာလူအုပ်ကြီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား တွန်းထိုးတိုက်ဖြစ်နေသည့်အပေါ် မျက်လုံးကိုယ်စီရောက်နေကြသည်။ 

ရိုက်တာအမှုကြောင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးမည့် အခြားတရားခွင်များအားလုံးကို လုံခြုံရေးအခြေအနေအရ ခေတ္တပင် ရပ်ဆိုင်းခဲ့ရသည်။ ဘေးမှရပ်ကြည့်နေသည့် လူအုပ်ကြီးနှင့် ကင်မရာကိုယ်စီဖြင့် သတင်းဓာတ်ပုံ အလုအယက်ရိုက်ကူးနေသည့် သတင်းမီဒီယာများကြားမှ ယနေ့ တရားစစွဲတင်မည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ နှစ်ဦးကိုမူ လုံခြုံရေးရဲတပ်ဖွဲ့က ပိတ်ဆို့ဝန်းရံပြီး တရားခွင်ထဲသို့ ခေါ်ဆောင်သွားသည်။  

တရားရုံးခန်းအဝတွင် သံဆူးကြိုးများဖြင့်ကာရံ၍ သတင်းသမားများကို ဝင်ခွင့်မပေးဘဲ တရားခွင်အတွင်း တရားသူကြီးနှင့် ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး၊ ၎င်းတို့၏ ရှေ့နေနှစ်ဦးသာ ဝင်ခွင့်ရှိခဲ့သဖြင့် မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ကို သတင်းထောက်များ ကြားနာခွင့်မရခဲ့ပေ။  

“မင်း (မီဒီယာ) တို့လည်း နားလည်မှုရှိပါ။ ရိုက်ခွင့်ရအောင် ၁၀ ပေ ခြားပေးထားတာပဲ။ အဲဒီအပြင်ကနေ ရိုက်လို့ရတယ်၊ မင်းတို့လည်း ပုံကောင်းကောင်းလိုချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့ကိုလည်း နားလည်ပေးပါ။ မင်းတို့က တိုးဝှေ့နေတော့ ငါတို့က ရုံးထုတ်ရတာ အရမ်းခက်တယ်”ဟု တရားရုံးရှေ့တွင် ရပ်နေသည့် ဒုရဲမှူးတစ်ဦးက ဆိုသည်။

တရားရုံးရှေ့ မျက်နှာစာတွင်မူ အနက်ရောင်အင်္ကျီများ ဝတ်ဆင်ထားသည့် မီဒီယာများနှင့် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ စတစ်ကော်လံ ဝတ်ဆင်ထားသည့် တရားရုံးစာရေးများအပြင် ပြန်ထွက်လာမည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ကာရံထားသည့် သံဆူးကြိုးများကြားမှ ကင်မရာဆရာများက အမိအရ ဓာတ်ပုံရိုက်ယူနိုင်ရန် အသင့်စောင့်မျှော်နေကြသည်။ 

မကြာမီထွက်လာတော့မည် ပြောဆိုတိုင်း ဓာတ်ပုံကင်မရာများဖြင့် ပြေးလွှားတိုးဝှေ့နေသူများနှင့် ထွက်လာမည့်သူများကြားတွင် သံဆူးကြိုးများ ကာရံထားသည်။ ယင်းသံဆူးကြိုးများ ကာရံထားသည့်ကြားမှပင် ကင်မရာဆရာများက ထွက်လာမည့်လူနှစ်ဦးကို စောင့်မျှော်နေကြသည်။ မကြာမီထွက်လာသူများကား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီးခွင်မှ ထွက်လာသည့် သတင်းထောက် ဝလုံး (ခ) သက်ဦးမောင်နှင့် ကျော်စိုးဦး (ခ) မိုးအောင်တို့ ဖြစ်သည်။

နာရီဝက်ခန့်အကြာ ခရိုင်တရားသူကြီး၏ တရားခွင်ထဲမှ စောင့်မျှော်နေကြသည့် သတင်းထောက်နှစ်ဦး ပြန်ထွက်လာချိန် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသဖြင့် တရားရုံး၏ အနောက်ဘက် ကွင်းပြင်တွင် မီဒီယာများနှင့် ဖမ်းဆီးခံရထားသည့် သတင်းထောက်နှစ်ဦး၏ မိသားစုဝင်များက ဝိုင်းပိတ်ဆို့ကာ စကားပြောဆိုခွင့်၊ နှုတ်ဆက်ခွင့်တို့ရရှိရန် ကြိုးစားကြတော့သည်။ 

၎င်းတို့နှစ်ဦး၏ ဇနီးတို့မှာလည်း ခင်ပွန်းသည်တို့၏အမည်ကို အော်ဟစ်ကာ ရဲကားနောက် တစ်ကောက်ကောက် ပြေးလိုက်၍ လက်ကိုဆွဲပြီး ငိုကြွေးနေသည့် မြင်ကွင်းကို မြင်ရသူခမျာ ရင်နင့်ကြေကွဲစရာ။ 

မော်တော်ယာဉ်မှ မောင်းထွက်သည်အထိ ခင်ပွန်းဖြစ်သူ ကိုကျော်စိုးဦး၏ လက်ကို ဆုပ်ကိုင်ထားသည့် ၎င်း၏ ဇနီးမှာ ယာဉ် နှင့်အတူ  တရွတ်တိုက်ပါသွားသဖြင့် ဘေးမှလူများက  ]ကားရပ်၊ ကားရပ်} ဟု အော်ဟစ်  တားဆီးရသည်အထိ ဖြစ်ခဲ့သည်။ 

အော်ဟစ်ပြောဆိုနေသည့် ကိုကျော်စိုးဦးတွင် ငါးနှစ်အရွယ်သမီးငယ်ရှိပြီး တရားခွင်သို့ လိုက်လာခဲ့သော်လည်း ဖခင်ဖြစ်သူကို ထွေးဖက်ခွင့်မရ၊ မိခင်ဖြစ်သူ အော်ဟစ်ငိုကြွေးနေသည်ကို မြင်တွေ့နေရသည့် ၎င်းပါ လိုက်ငိုကြွေးနေရှာသည်။ 

သတင်းထောက်နှစ်ဦးကို ရဲကားဖြင့် အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသော်လည်း မတရားဖမ်းဆီးခံရသည့် ၎င်းတို့နှစ်ဦးအတွက် တရားရုံးဝင်ပေါက် မျက်နှာစာတွင် သတင်းသမားများ ကာကွယ်ရေး ကော်မတီအဖွဲ့က ဦးဆောင်၍ ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး ချက်ချင်းပြန်လွှတ်ပေးရေး တောင်းဆိုသည့် ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်။ 

ယင်းဆန္ဒပြပွဲတွင် ငှက်လွှတ်ခြင်း၊ မိုးပျံပူဖောင်းလွှတ်တင်ခြင်း၊ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခြင်းတို့ပါဝင်သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်လှုပ်ရှားသည့် သတင်းသမားများမှာ အင်္ကျီအနက်ရောင်ကိုယ်စီ ဝတ်ဆင်ပြီး ယင်းအင်္ကျီအနက်ရောင်ရှေ့တွင် “မတရားဖမ်းဆီးထားသော သတင်းထောက်များ ချက်ချင်းလွှတ်” စာသားကိုလည်းကောင်း၊ နောက်ကျောဘက်တွင်“Journalism is not a crime”ဟု ပါရှိသည့် စာသားအားလည်းကောင်း ရေးထိုးထားသည်။

သတင်းသမားများသည် ပြည်သူတွေ အမှန်တရားသိရှိနိုင်ရန် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းသည် သင့်တော်သည့် အခြေအနေမဟုတ်ပဲ သတင်းသမားများအပေါ် နှိပ်ကွပ်လိုသည့်သဘောဖြင့် မတရား ဖမ်းဆီးအရေးယူသည့်အပေါ် ရှုတ်ချကန့်ကွက်ကြသလို ဖမ်းဆီးထားသည့် သတင်းထောက်နှစ်ဦးကိုလည်း ပြန်လည်လွတ်မြောက်စေရန် ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။

ရိုက်တာ သတင်းထောက်နှစ်ဦး၏ ယနေ့ရုံးထုတ်တွင် မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်အမှုကြီးအမှတ် ၄/၁၈ ဖြင့်လက်ခံထားပြီး သတင်းသမားနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်မည့် နှစ်ဖက်ရှေ့နေနှစ်ဦး ပါဝါတင်ခြင်း၊ သတင်းထောက်နှစ်ဦးကို အချုပ်ကင်းလွတ် ထုခြေခွင့်ပေးရန် အာမခံလျှောက်ထားခြင်း၊ ရုံးချိန်းရက် ပြန်လည်သတ်မှတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

တရားရုံးသို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည့် အရေးယူထားသည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ အဆိုပါအမှုတွင် တရားလိုပြသက်သေစာရင်းတွင် ပါရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးရဲလွင်က “ဒီနေ့လက်ခံတဲ့အမှုက ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အပေါ် တရားလိုဖြစ်တဲ့ ဒုရဲမှူးကြီးယုနိုင်ကနေ စွဲဆိုထားတဲ့အမှုပါ။ တရားလိုပြသက်သေ ၂၅ ဦး တင်ထားတယ်။ တရားလိုပြသက်သေ ဘယ်သူတွေပါတယ် ဆိုတာတော့ ပြောလို့မရဘူး။ ရဲတပ်ဖွဲ့ကနေ အမှုဖွင့်တရားစွဲဆိုတဲ့အပေါ်မှာ တရားရုံးကနေ လက်ခံစစ်ဆေးသွားရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာ ဒီဇင်ဘာလ ၁၂ ရက် ည ၉ နာရီခန့်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကို သိရှိနိုင်ရန် ယင်းဒေသတွင် လုံခြုံရေးတာဝန် သွားရောက်ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချဉ်းကပ်တွေ့ဆုံ၍ အရေးကြီး စာရွက်စာတမ်း မိတ္တူအထောက်အထားများကို တရားမဝင် ရယူဆောင်ရွက်ခဲ့သည်ဟုဆိုကာ ထောက်ကြန့်နယ်မြေရဲစခန်းတွင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ထို့ပြင် သတင်းထောက်နှစ်ဦးနှင့် ပတ်သက်ဆက်နွှယ်ခဲ့သည်ဟုဆိုသော ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးကိုပါ ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ်မှာ သတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီမှ ဦးဝင်းထိန်က မှတ်ချက်ပေးခဲ့သည်။

တရားရုံးမှအထွက် ရဲကား ခေတ္တရပ်လိုက်ချိန်တွင် သတင်းထောက် ကိုကျော်စိုးဦးက “ပြည်သူတွေကို ပြောပေးပါ၊ အမှန်တရား ဖော်ထုတ်ဖို့အတွက် စတုတ္ထမဏ္ဍိုင်ကို ကာကွယ်ပါ။ အမှန်တရားဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ ရောက်သွားတာ။ ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ အမှန်တရားတွေ အများကြီးရှိပါတယ်”ဟု မီဒီယာများဘက်သို့ လှည့်၍ အော်ဟစ်ပြောဆိုခဲ့သည်။

ဇော်မိုးလွင်