News

POST TYPE

ARTICLE

ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု ဆန္ဒပြမည်
08-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၈

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ဖြင့်ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦး၏ ဒုတိယအကြိမ်မြောက် ရုံးထုတ်ရက်ဖြစ်သော ဇန်နဝါရီလ ၁၀ ရက်တွင် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီကဦးဆောင်ကာ ဖမ်းဆီးထားမှုအပေါ် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း အဆိုပါကော်မတီဝင် မလှလှဝင်းက ပြောကြားသည်။

“ဒီသတင်းထောက်နှစ်ဦး ဖမ်းခံရတဲ့အပေါ် မတရားဘူးလို့ ထင်တယ်။ ကိုဝလုံးတို့ဆိုတာ မီဒီယာက နှစ်ပေါင်း များစွာကြာနေပြီး သူ လုံးဝ မဖြစ်နိုင်ဘူး။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူတာက လုံးဝကို ပြင်းထန်တယ်။ အဲဒါကြောင့် ကန့်ကွက်တာပါ”ဟု ၎င်းကဆိုသည်။

သတင်းထောက်နှစ်ဦး ရုံးထုတ်စစ်ဆေးမည့်နေရာကို အတိအကျ မသိသေးသောကြောင့် ဆန္ဒဖော်ထုတ်ခွင့်ကို ဇန်နဝါရီလ ၇ ရက်က အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံ ရဲစခန်းတို့တွင် ခွင့်ပြုမိန့်တင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

သတင်းထောက်နှစ်ဦး ရုံးထုတ်မည့်အချိန်တွင် ပြန်လည်လွှတ်ပေးရန် စာသားများပါသော ဗီနိုင်းများ ကိုင်ဆောင်၍ အသံတိတ် Performent သရုပ်ပြကွက်များ၊ မိုးပျံပူဖောင်းပေါ်တွင် သတင်းထောက်နှစ်ဦး အမည်ကို ရေးသားလွှတ်တင်မည့် ပြကွက်များ၊ ဖမ်းဆီးခံ သတင်းထောက်များ လွတ်မြောက်ရန် ငှက်များလွှတ်ခြင်းတို့ သတင်းသမားများ တူညီဝတ်စုံများ ဝတ်ဆင်၍ လူတစ်ရာခန့် ဆန္ဒဖော်ထုတ်သွားမည်ကြောင်း ၎င်းက ပြောကြားသည်။

သတင်းထောက်နှစ်ဦး ပထမဆုံး ရုံးထုတ်စစ်ဆေးမှုကို ဒီဇင်ဘာလ ၂၈ ရက်က မင်္ဂလာဒုံတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

သတင်းထောက် နှစ်ဦးဖမ်းဆီးခံရခြင်းကြောင့် ပြည်တွင် သတင်းအဖွဲ့အစည်း ၁၃ ဖွဲ့ အပါအဝင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ ကုလသမဂ္ဂ၊ အမေရိကန်သံရုံး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့မှ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားကြသည်။

ရိုက်တာသတင်းဌာနမှ မြန်မာပိုင်း သတင်းထောက်နှစ်ဦး သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင်၊ ရဲ ဝန်ထမ်းနှစ်ဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်က ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး ၁၉၂၃ ခုနှစ်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့် အရေးယူထားသည်။

J-18