News

POST TYPE

ARTICLE

အွန်လိုင်း ဆန္ဒစွဲဘက်လိုက်မှုများဖြင့် လူ့အသိုင်းအဝိုင်းအတွင်း အုပ်စုကွဲအောင် မလုပ်ကြရန် ခေါင်းဆောင်များကို အိုဘားမားတိုက်တွန်း
31-Dec-2017


လန်ဒန်၊ ဒီဇင်ဘာ ၃၀

လူအများ လူမှုကွန်ရက်မီဒီယာကို အသုံးပြုဆက်သွယ်သည့်ပုံစံမှာ လူ့အဖွဲ့ အစည်းကို အုပ်စုကွဲအောင်လုပ်နေသလို ဖြစ်နေပြီး အင်တာနက်သုံးစွဲသူများ ၎င်းတို့၏ ဆန္ဒစွဲဘက်လိုက်မှုများအတွင်း ထွေးပတ်ငြိတွယ်မနေစေရေး ခေါင်းဆောင်များက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက တိုက်တွန်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

“ခေါင်းဆောင်ပိုင်းအားလုံးက အင်တာနက်ပေါ်မှာ ဘုံလက်ခံနိုင်တဲ့ နေရာတစ်ခုကို ဖန်တီးပေးဖို့ နည်းလမ်းတွေ ရှာဖို့လိုပါတယ်” ဟု BBC ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ တွေ့ဆုံမေးမြန်းသူအဖြစ် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“အင်တာနက်ရဲ့အန္တရာယ်တွေထဲက တစ်ခုက လူတွေမှာ လုံးဝကွဲပြားခြားနားတဲ့ ပကတိအခြေအနေတွေ ရှိနေနိုင်တာပဲ။ လူတွေက သူတို့ဆန္ဒစွဲဘက်လိုက်မှုကို အားဖြည့်ပေးတဲ့ အချက်အလက်ထဲမှာပဲ ရစ်ပတ်တွယ်ငြိနေနိုင်ကြတယ်”ဟု အိုဘားမားက ထောက်ပြခဲ့သည်။

လူမှုကွန်ရက်မီဒီယာကြောင့် လူအများသည် ရှုပ်ထွေးသည့်ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး အလွယ်ဆုံးဖြတ်ချက်ချလာနိုင်သည်ဟု အိုဘားမားက ယခင်ကတည်းက သတိပေးခဲ့ဖူးသော်လည်း ဆက်ခံသူ သမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်တွင် ထင်ရာမှတ်ချက်ပေးတတ်သည့် ဓလေ့ကိုမူ ဝေဖန်ခဲ့ခြင်းမရှိပေ။ 

လူမှုကွန်ရက်များအနေနှင့် လူ့အဖွဲ့အစည်းအတွင်း ဘော်လ်ကန်နိုက်ဇေးရှင်း (လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်ရန်လိုသော အဖွဲ့များစွာကွဲပြားမှု) ဖြစ်မှုသို့  ဦးတည်မသွားစေရန် မတူကွဲပြားသော အမြင်များကို တင်ဆက်ပေးရန်လိုကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်လွှင့်သောအင်တာဗျူး၌ အိုဘားမားက ထောက်ပြခဲ့သည်။ အွန်လိုင်းအသိုင်းအဝိုင်းအနေဖြင့် တကယ့်ပြင်ပတွင် ကိစ္စရပ်များမှာ  chatroom တစ်ခုတွင် ထင်ရာမြင်ရာ ပြောကြသလောက် မရိုးရှင်းကြောင်း  မြင်တတ်လာစေရန် ဆောင်ရွက်ပေးရန်လိုကြောင်းလည်း အိုဘားမားက ထောက်ပြခဲ့သည်။

“လူတွေက အင်တာနက်ပေါ်မှာ ဘယ်သူဘယ်ဝါမှန်းမသိလို့ ပြောဆိုနေကြတာ၊ လူလူချင်းတွေ့ရင် အဲဒီလောက် စက်ဆုပ်စရာကောင်းတာ၊ ရိုင်းတာမျိုးဖြစ်ဖို့ ခဲယဉ်းပါတယ်။ ပန်းခြံထဲမှာတွေ့မယ်၊ ဝတ်ပြုဆုတောင်းရာမှာတွေ့မယ်၊ ရပ်ကွက်ထဲမှာ တွေ့မယ်၊ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ကြတယ်”ဟု အိုဘားမားက သုံးသပ်သည်။

တော်ဝင်မင်းသား ဟယ်ရီက BBC အတွက် ဧည့်သည်အယ်ဒီတာအဖြစ် ဆောင်ရွက်ပေးသော ရေဒီယိုနံနက်ခင်းသတင်းတွင် အိုဘားမားနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးက အမြင်တူလမ်းကြောင်းတူသော ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အင်တာဗျူးမှာ စက်တင်ဘာလကတည်းက လုပ်ဆောင်ထားခြင်းဖြစ်သော်လည်း ယခုအခါတွင်မှ ထုတ်လွှင့်ခြင်းဖြစ်သည်။

F-03