News

POST TYPE

ARTICLE

မဟာမုနိဘုရားအရှေ့ဘက်မုခ်မှ ပြောင်းရွှေ့ခံရသောဈေးသည်များ အခက်တွေ့


မန္တလေး၊ ဒီဇင်ဘာ ၂၆

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး အရှေ့ဘက် မုခ်ဦးပတ်ဝန်းကျင်နှင့် လိပ်ကန်ငါးကန်အနီးမှ ဖယ်ရှားခံခဲ့ရသော ပျံကျဈေးသည်များကို ဂေါပကအဖွဲ့က ဆိုင်ခန်းအသစ်များ ပြန်လည်ချထားပေးသော်လည်း အရောင်းအဝယ် ကျဆင်းခဲ့သည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ယင်းဈေးသည်များက ပြောကြားသည်။

လမ်းဘေးဈေးသည်များ ချထားပေးခဲ့သော နေရာသစ်အနီးမှာ အများသုံးအိမ်သာ ရှိနေခြင်း၊ ဘုရားဖူးခရီးသွားများရောက်ရှိရာ အဓိကနေရာမဟုတ်ခြင်း စသည့် အကြောင်းများကြောင့် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း ထမင်းကြော်၊ ထမင်းဆီဆမ်းရောင်းသည့် ဒေါ်ဇာခြည်နွေးက ပြောကြားသည်။ 

“ဧည့်သည်က အိမ်သာဘေးဖြစ်နေတဲ့အတွက် မထိုင်ကြဘူး။ ဧည့်မဝင်ဘူး။ ခုချိန်ထိ ဈေးဦးမပေါက်ဘူး။ သူတို့ချပေးထားတာက အိမ်သာဘေးဖြစ်နေတဲ့အတွက် စားသောက်ကုန်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အရှေ့မုခ်မှာတုန်းက မနက်ခင်းမကုန်ရင် ညနေခင်း ပြန်ထွက်လို့ရတယ်။ ဒီဘက်မှာကျတော့ အရင်ရှာဖို့ အတိုးနဲ့ထပ်ပြီးတော့ ချေးရတယ်။ ကျွန်မတို့အတွက် သင့်တော်မယ့် နေရာတွေမှာ ပြန်ချပေးစေချင်တယ်။ သူတို့ပြောတဲ့ တောင့်ခံထားဆိုတာက ကျွန်မတို့မှာ တောင့်ခံထားဖို့ မလွယ်ဘူး။ ကျွန်မတို့ကို သင့်တော်တဲ့နေရာ မချပေးရင်တော့ ဆန္ဒထုတ်ဖော် သွားမယ်”ဟု ၎င်းက ပြောကြားသည်။ 

မဟာမုနိဘုရား ဂေါပကအဖွဲ့အနေနှင့် အခြားသင့်လျော်သည့်နေရာတွင် နေရာပြန်လည်ချထားပေးစေလိုကြောင်း၊ အဆင်မပြေမှုများနှင့်ပတ်သက်၍ ဂေါပကအဖွဲ့ထံ တင်ပြခဲ့သော်လည်း သည်းခံ၍ ဆက်လက်ရောင်းချရန်သာ ပြောကြောင်း၊ ဈေးရောင်းချရန်အတွက် အတိုးဖြင့်ရယူ၍ ရင်းနှီးလုပ်ကိုင်ရခြင်း ဖြစ်ကြောင်း ဈေးသည်များက ပြောကြားသည်။ 

မဟာမုနိဘုရားကြီးနယ်မြေ အရှေ့မုခ်ဦး ပတ်ဝန်းကျင် ကြည်ညိုဖွယ်ဖြစ်စေရေးနှင့် သန့်ရှင်းသာယာစေရေး လုပ်ငန်းစဉ်များကို ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ မိန့်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အရှေ့ဘက်မုခ်ဦး ပတ်ဝန်းကျင်နှင့် လိပ်ကန်ငါးကန်အနီးတွင် အစဉ်အဆက်ရောင်းချခဲ့သည့် ပျံကျဈေးသည် ၃၀ ကျော်ရှိကြောင်း၊ ယင်းဈေးသည်များကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ နေရာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“အခိုက်အတန့်တော့ဖြစ်မှာပါပဲ။ ဒီနေရာ စည်ကားလာအောင်လို့ လမ်းညွှန်ဆိုင်းဘုတ်တွေ လုပ်ပေးမယ်။ ရေ၊ မီး ရအောင်လို့ လုပ်ပေးပါမယ်။ နောက်တစ်ခုက အခုလုပ်နေတဲ့ ကားပါကင်ပြီးသွားရင် ဒီနေရာကို လမ်းဖွင့်ပေးမယ်။ ဒီအချိန်ကျရင် သူတို့အဆင်ပြေသွားမှာပါ။ လက်ရှိမှာတော့ သူတို့မူလရောင်းခဲ့တဲ့နေရာတွေမှာ  ပြန်ရောင်းချခွင့်ပေးဖို့ အစီအစဉ်မရှိပါဘူး”ဟု ဦးကျော်ကျော်ဦးက ရှင်းပြသည်။

M-05