News

POST TYPE

ARTICLE

ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာပါ၏လော
ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်၍ စိတ်မဖောက်ပြန်လျှင် လူကောင်း သို့မဟုတ် ကျန်းမာရေး ပြည့်စုံလုံလောက်သူဟု လူအများက မှတ်ယူကြသည်။ ဤအမြင်က မှန်ကန်ပြည့်စုံပါ၏လော။

စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ဆိုသည်က မြန်မာတို့ဝန်းကျင်နှင့် လားလားမျှ မဆိုင်သည့်နှယ်။ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများအတွင်း ဝန်ထမ်း ရွေးချယ်ခန့်ထားရေးတွင် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်သည့် အလေ့အထမှာ အင်မတန် နည်းပါးသည်။ တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျခဲ့သည်က စိတ်ပညာ၏ အရေးပါမှုကို အလေးထားမှု အားနည်းစေခဲ့သည်။

ထို့ကြောင့် အစိုးရဝန်ထမ်းမှစ၍ သာမန်အလုပ်သမားအထိ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ပြုလုပ်မှု ရှားပါးခဲ့သည်။ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများကိုပင် စစ်ဆေးနိုင်ခြင်း မရှိသေးချေ။

ဆုံးဖြတ်ချက် မှန်ကန်ရန် လိုသော တာဝန်မျိုး ထမ်းဆောင်သူ၊ ပြည်သူများက အားကိုးရမည့် တာဝန်မျိုး ထမ်းဆောင်မည့် သူတို့ကို လိုအပ်သော စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ရှိသင့်သည်လား ဆိုသည်နှင့် စစ်ဆေးမှုတို့ကို ဖြတ်ကျော်နိုင်သူဖြစ်ရန် လို မလို ဆိုသည်က သိသာသော အဖြေရှိနေပါမည်။

“အဓိက က တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်ပေါ့။ ဒီလိုအပ်ချက်ကြောင့်ပဲ အရင်ကဆို မျက်မြင် ၁၃ ချက်နဲ့ မညီရင်တောင် ခန့်ခဲ့ရတာမျိုးတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဆို ဝေးရော” ဟု ဖွင့်ဆိုလာသူမှာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်မြတ်မိုး ဖြစ်သည်။

ဤသို့ဆိုလျှင် နိုင်ငံတော်လုံခြုံရေး တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တိုင်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သူများဟု တပ်အပ် မဆိုသာ။

ပြည်ထဲရေးတွင် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဟု ဆိုလိုက်လျှင် အစဉ်အဆက်က အရာရှိ အဆင့်များကိုသာ ပြေးမြင်စစ်ဆေးခဲ့သည်သာ။ ဤသည်က ထုံးစံလိုပင် ဖြစ်နေချေပြီ။ အောက်ခြေတပ်ဖွဲ့ဝင်များက ကိုယ်ခန္ဓာ ကြံ့ခိုင်လျှင်ပင် ကျေနပ်လက်ခံရသည်ချည်း။

“ဒါတွေက နိုင်ငံတကာမှာတော့ သိပ်ပြီး အလေးထား စစ်ဆေးတဲ့ ကိစ္စရပ်ပဲ။ ဒီမှာတော့ သိပ်မလုပ်နိုင်သေးဘူး” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင် တာဝန်ကျနေသော ဆရာမတစ်ဦးက ဆိုလာသည်။

ပြည်သူလူထု၏ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့များ၏ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကိုပင် လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲကြီး အပြီးမှသာ ပို၍ သတိမူမိကြသည်ဟု ဆိုရမည်ပင်။

“လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စတွေ ဖြစ်ပြီးမှ စတင်စစ်ဆေးရတာပါ။ ဒါ ပထမဆုံးပဲ” ဟု ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သူ စိတ်ပညာရှင်တစ်ဦးက ထောက်ပြလာသည်။

နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့သော အောက်ခြေရဲတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုက ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အရောက်တွင်မှ သက်ဝင်လှုပ်ရှားခွင့် သာခဲ့သည်။ ဤသို့ဆိုလျှင် ထိုကာလ မတိုင်မီက ရဲတပ်ဖွဲ့သို့ ဝင်ရောက်လာသူများ၏ စိတ်ပိုင်းဆိုင်ရာက ပြည့်စုံကျန်းမာပါ၏လော။ ကျန်းမာပါသည်ဟု ဒေါင်ဒေါင်မြည် အာမခံဝံ့ပါ၏လော။

စစ်ဆေးခွင့်ရပြီဟု ဆိုသော်လည်း ဝန်ထမ်းအင်အား လိုအပ်ချက်က အတားအဆီးဖြစ်၍ နေပြန်သည်။ ပညာရှင်များက အောင်ခြင်း၊ မအောင်ခြင်းကို အတိအကျ အဖြေထုတ်ပေးသည်။ သို့သော် တပ်ဖွဲ့ဝင် လိုအပ်ချက်ကြောင့် ပြည်ထဲရေး တာဝန်ရှိသူများကတော့ ကျသူများလည်း အောင်စေရမည့် အခြေအနေ။

“ညှိနေတာတော့ ရှိတယ်” ဟု ဖွင့်ဟလာသူက ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်ဆိုင်ရာ စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ စိတ်ပညာရှင်တစ်ဦး ဖြစ်သည်။

သူတို့ ညှိသည်က ကျသူများကို အအောင်ပေးရမည့် အရေး။

“ကာကွယ်ရေးတို့၊ လုံခြုံရေးတို့ကို တာဝန်ယူ ဆောင်ရွက်ရမယ့် လူတွေအတွက်တော့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုက သူရဲ့ အားသာချက်၊ အားနည်းချက်တွေကို အဖြေက ပြတယ်။ ဒီစစ်ဆေးမှုကို မလုပ်နိုင်ရင်တော့ မသင့်တော်တဲ့သူကို ထားမိရင် အနာနဲ့ မတည့်သလို လုပ်ငန်းခွင်မှာ ဖြစ်တတ်တယ်” ဟု Counseling Psychologist ပညာရှင်တစ်ဦးဖြစ်သူ ဒေါ်စုဇာမွန်က ဆိုလာသည်။

စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများက လုံခြုံရေး တာဝန်ယူထားရသူများ မဆိုထားနှင့် သာမန်လုပ်ငန်းခွင် အတွက်ပင် အလေးထားရမည့် အချက်ပင်။

စစ်ဆေးမှုက ပြသောအဖြေတွင် သင့်တော်မှု အားနည်းသူကို လုပ်ငန်း တာဝန်ပေးပါကလည်း လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုများခြင်း၊ ပဋိပက္ခဖြစ်စဉ်များ ကြုံလာသည့်အခါ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မှု မရှိခြင်း၊ ဆုံးဖြတ်ချက် လွဲချော်ခြင်းများ ဖြစ်တတ်ကြောင်း၊ အထူးသဖြင့် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည် မရှိပါက အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ တစ်ဦးချင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လည်းကောင်း အမှားအယွင်းများ ဖြစ်တတ်ကြောင်း ဒေါ်စုဇာမွန်က ထောက်ပြလာသည်။

တပ်ဖွဲ့အင်အား လိုအပ်ချက်ရှိသည် ဆိုသော်ငြားလည်း နိုင်ငံတော်၏ မူဝါဒက မည်သို့မည်ပုံ ရှိသည်ဆိုသည်ထက် အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တပ်ဖွဲ့ဝင် တိုးလာရေးကိုသာ အဓိက ဖြစ်နေရသည်။ အချို့သော ရဲတပ်ဖွဲ့စခန်းများတွင် အင်အားစုဖွဲ့မှု၏ ၅၀ ရာခိုင်နှုန်းပင် မထားရှိနိုင်သည့်အတွက် အင်အားစုဆောင်းရေးကိုသာ အဓိကထား၍ ပြုလုပ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ဆိုလာသည်။

ရမည်သင်း၊ ဝက်ထီးကန်၊ စစ်ကိုင်းနှင့် တောင်လေးလုံး စသည့် ရဲလေ့ကျင့်ရေး သင်တန်းကျောင်းများမှ တပ်ဖွဲ့ဝင်များကို ခြောက်လတစ်ကြိမ် မွေးထုတ်ပေးလျက် ရှိသည်။ သို့သော် လုံလောက်မှုက မရှိ။

မြန်မာနိုင်ငံသည် ပြည်သူ ၁၁၉၁ ဦးတွင် ရဲလုံခြုံရေး တစ်ဦးသာ ပေးနိုင်ပြီး လူဦးရေ ထူထပ်သော ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ ၁၂၀၀ လျှင် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ ၁၃၉၇ ဦးလျှင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၃၀၁ ဦးလျှင် ရဲတစ်ဦး၊ ချင်းပြည်နယ်တွင် ပြည်သူ ၅၀၈ ဦးလျှင် ရဲတစ်ဦးနှုန်းသာ လုံခြုံရေး ပေးနိုင်သေးသည့် အခြေအနေ။ ထိုအခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို မည်မျှပြည့်စုံအောင် လုပ်ဆောင်နိုင်မည်နည်း။

နိုင်ငံတကာတွင်တော့ မြန်မာနှင့် အချိုးမညီ။ နိုင်ငံတကာ အနေဖြင့်မူ ပျမ်းမျှအားဖြင့် ပြည်သူ ၃၀၀ တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်းဖြင့် တာဝန်ထမ်းကြရသည်။

အချိုးမညီ အင်အားမမျှသည့် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကတော့ နေရာဒေသအပေါ်တွင် လိုက်၍လည်း ကွဲပြားခြားနားနေတတ်ပြန်သည်။ တစ်နေရာတွင် ကျနေသော်လည်း အခြားတစ်နေရာတွင် အောင်နေတတ်ပြန်သည်။ ထိုအချက်ကပင် ပြည့်စုံလုံလောက်မှု မရှိသည်ကို ညွှန်းဆိုလျက် ရှိသည် မဟုတ်ပါလား။

သို့ရာတွင် Psychological Test စစ်ဆေးရာတွင် စစ်ဆေးသူက မေးခွန်းလွှာကို ဘယ်လို ပုံစံပေးခြင်း ဆိုသည်ကလည်း အရေးကြီးကြောင်း၊ စစ်ဆေးသည့် အပိုင်းတွင်လည်း မေးခွန်းထုတ်စရာများ ရှိကြောင်း အငြိမ်းစား စိတ်ပညာရှင်တစ်ဦးက သုံးသပ်သည်။

“ရဲလို့ ပြောလိုက်တာနဲ့ အကျင့်မကောင်းတဲ့သူတွေ၊ ပြည်သူဆီက ငွေညှစ်တဲ့သူတွေလို့ မြင်ခဲ့ကြတဲ့ ကာလတွေ ရှိတယ်။ ပုံရိပ်တွေက မကောင်းခဲ့တော့ တပ်ဖွဲ့ထဲမဝင်တော့ဘူး။ အလုပ်ရရင် ပြီးရော ဝင်ခဲ့တဲ့သူတွေက အများကြီး။ ကျွန်တော့် သဘောဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို တကယ်အောင်မှ ဝင်ခွင့်ပေးသင့်တယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်သန်းထွန်းက ဆိုသည်။

အရက်သောက်ထားသည့် ဒုရဲတပ်ကြပ်က စခန်းမှူးကို သံတုတ်ဖြင့်ရိုက်၊ ဒုရဲအုပ်တစ်ဦးက စစ်ဘက်အရာရှိကို သေနတ်ဖြင့်ပစ်။ မီးရှို့၊ ကြိုးဆွဲချ၊ သေနတ် ခေါင်းတေ့ သတ်သေခြင်းဖြင့် အကျပ်အတည်းကို ပုံစံမျိုးစုံဖြင့် ဖြေရှင်းရုန်းထွက်မိကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ အဖြစ်သနစ်က တစ်စတစ်စ တိုး၍သာ လာနေသည်။

အဘယ့်ကြောင့်နည်း။ မေးခွန်းထုတ်ရမည့် အခြေအနေ။

“တပ်ဖွဲ့ဝင်တွေကို လက်နက်နှစ်မျိုး ပေးရပါတယ်။ ကျည်ဆံနဲ့ သေနတ်ရယ်၊ နောက်တစ်ခုက ဥပဒေ လက်နက်ရယ်ပါ။ ဒီလက်နက်နှစ်မျိုးကို ကိုင်ပြီးတော့ ပြည်သူကို ကာကွယ်ရမယ့်သူဟာ ဆုံးဖြတ်ချက် မှန်ကန်ဖို့ သိပ်အရေးကြီးတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

လုပ်ငန်းခွင်တွင် အမိန့်ညွှန်ကြားချက်ကို မနာခံခြင်း၊ မူမမှန်သော တုံ့ပြန်မှုများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အကျင့်စာရိတ္တ ဖောက်ပြားခြင်း စသည့် ဖြစ်စဉ်မျိုးမှာ ရဲတပ်ဖွဲ့နှင့် မစိမ်းသည့် အကြောင်းအရာများ။

ရဲတပ်ဖွဲ့ဝင် အင်အား ၈၀,၀၀၀ ဝန်းကျင်ကို တိုင်းပြည်လူဦးရေ သန်း ၅၀ ကျော်နှင့် အချိုးချပါက မနိုင်သည့်ဝန်။ မနိုင်ဝန်ထမ်းများ၏ ကိုယ်၊ စိတ်ကျန်းမာ ကြံ့ခိုင်ရေးက ပုံရိပ်ကောင်း ထင်ဟပ်စေရေးတွင် တိုက်ရိုက်အချိုးကျနေမည်က မလွဲပေ။

သို့သော်

“အရင်က ခုနစ်တန်းအောင် သတ်မှတ်ထားရာက အခု ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပညာအရည်အချင်းက ၁၀ တန်းကနေ ၁၀ တန်းအောင်လို့ ပြောင်းပြီး သတ်မှတ်တယ်။ တကယ်က မူလတန်းလောက်ကိုတောင် လက်ခံနေရတယ်။ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ဆိုတာတော့ ဝေးရောပေါ့ဗျာ” ဟု ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရဲမှူးကြီး အဆင့်ရှိသူတစ်ဦးကတော့ ဖွင့်ဟလာချေပြီ။

ထိုသို့ဆိုလျှင် ပြည်သူ့ရဲများ ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာပါ၏လော။

ခိုင်ခိုင်