News

POST TYPE

ARTICLE

သားရိုင်းတို့ မိခင်
12-Jul-2016

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက မိုနာရက်ဂါထံသို့ ဖုန်းတစ်လုံး ဝင်လာပါသည်။ လေယာဉ်ကွင်းပြေးလမ်းပေါ်မှာ လေယာဉ်တစ်စင်းနဲ့ တိုက်မိလို့ သိမ်းငှက်တစ်ကောင် ဒဏ်ရာရနေပါသတဲ့။

ဒီလို တယ်လီဖုန်းမျိုးက ခဏခဏ ဝင်လာတတ်သည်။ တောရိုင်းသတ္တဝါ တစ်ကောင်ကောင် ဒဏ်ရာရနေပြီ ဆိုလျှင် သဘာဝပဲလေ ဖြစ်တတ်တာပဲဟု လူများက သဘောထားတတ်ကြသည်။ သို့သော် တောရိုင်း သတ္တဝါများ ဒဏ်ရာရခြင်းများ၏ ၉၀ ရာခိုင်နူန်းမှာ လူလုပ်သော ပြဿနာများကြောင့် ဖြစ်သည်။ 
“ဒါဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ပါဘူး။ ကျွန်မတို့ လုပ်တာပါ” ဟု မိုနာရက်ဂါက ပြောတတ်သည်။

မိုနာရက်ဂါသည် ဒဏ်ရာရသော သိမ်းငှက်ကြီးကို သွားယူပေးဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်သည်။ တိရစ္ဆာန်များ ပြန်လည်သန်စွမ်းရေးဂေဟာကို အိုဟိုင်းအိုးပြည်နယ် ကက်စ်တာလီရာဒေသတွင် ရက်ဂါက ဦးဆောင်ပြီး ဖွင့်ထားသည်။ ပြန်လည် ကျန်းမာအောင်ကုသပေးရင်း ခိုလှုံရာနေရာ ဖန်တီး ပေးထားသည်။ Back to the Wild မြိုင်ဟေမာသို့ ဟု အမည်ပေးထားသော အဆိုပါ တိရစ္ဆာန်သားရိုင်း ဂေဟာက ၁၉၉၀ ခုနှစ်ကတည်းက တိရစ္ဆာန်များကို ကူညီ ကယ်ဆယ်ပေးနေခဲ့သည်။ ဒဏ်ရာရသော၊ မိဘမဲ့သော၊ ရွှေ့ပြောင်းတိမ်းရှောင်နေရသော တိရစ္ဆာန် ကောင်ရေ စုစုပေါင်း လေးသောင်းနှစ်ထောင်ခန့်ကို ကူညီကယ်ဆယ်ခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ခဲ့ပြီးသော တိရစ္ဆာန်များထဲမှ ၆၀ ရာခိုင်နုန်းမှာ ရာနုန်းပြည့် ပြန်လည်သန်စွမ်း ကောင်းမွန်သွားခဲ့ပြီး သဘာဝတောရိုင်း စားကျက်များသို့ ပြန်လည်စေလွှတ်ခဲ့ပြီး ဖြစ်လေသည်။

“ကျွန်မတို့ ကယ်လိုက်တဲ့ တိရစ္ဆာန်တိုင်းဟာ အဓိပ္ပါယ်ရှိတဲ့ တာဝန်ကို ထမ်းဆောင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အစာကွင်းဆက်စနစ်မှာ ကဏ္ဍတစ်ခုစီကနေ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်၊ အစာကွင်းဆက်မှာ တစ်ခု ဟသွားတာနဲ့ တစ်ခုလုံး လဲပြိုသွားမှာပါ” ဟု ရက်ဂါက ပြောကြားသည်။

မိုနာရက်ဂါသည် ၎င်းနေထိုင်ရာ ဒေသတွင် တစ်ဦးတည်းသော လိုင်စင်ရ တိရစ္ဆာန်ကာကွယ်စောင့် ရှောက်ကုသသူ တစ်ဦးအဖြစ် ရပ်တည်နေခဲ့သူ ဖြစ်သည်။ သူမ၏ အိမ်နောက်ဖေး ခြံကွက်လပ်ကြီးကို အလကားမထားဘဲ တိရစ္ဆာန်လေးများကို စောင့်ရှောက်ပေးရင်း ထိုအလုပ်ကို လုပ်ဖြစ်သွားခဲ့ခြင်းဖြစ် သည်။

“ကျွန်မက အစပိုင်းက တစ်နှစ်ကို အကောင် နှစ်ဆယ် သုံးဆယ်လောက်ပဲ ကယ်ဆယ်မယ် စိတ်ကူးတာပါ။ ဒါပေမဲ့ လိုင်စင်ရ ကယ်ဆယ်ရေးဂေဟာမှန်း သိသွားတော့ အကောင်တစ်ကောင်ကောင် လဲနေတာတွေ့တိုင်း ကျွန်မတို့ဆီကို ဖုန်းဆက်ကြတော့ တာပဲလေ” ဟု သူမက လုပ်ငန်းချဲ့ဖြစ်ခဲ့ပုံကို ပြောပြသည်။ သူမ၏ အိမ်နောက်ဖေးခြံဝင်းသည် ယခုအခါ ၂၄ နာရီ လည်ပတ် အလုပ်လုပ်လျက် ရှိနေလေပြီ။ တစ်နှစ်လျှင် ပျမ်းမျှခြင်း တိရစ္ဆာန်ကောင်ရေ ၂၅၀၀ လောက် ကယ်ဆယ်ရသည်။ ဓာတ်အားကြိုးနှင့် တိုက်မိသည့် ငှက်များ၊ ကားတိုက်ခံရသည့် လိပ်များမှစ၍ တိရစ္ဆာန်ပေါင်းစုံကို ပြုစုပေးနေလျက် ရှိသည်။

နောက်ပိုင်းတွင် စာသင်ခန်းပုံစံလေး လုပ်ထားကာ လာရောက် လည်ပတ်ကြသူ ကျောင်းသားများကို သဘာဝနှင့် မည်သို့သမမျှတစွာ နေထိုင်ရမည်ကို မျှဝေပေးလျက်ရှိသည်။ သားရိုင်းဂေဟ အကြောင်းကို လာရောက် နားဆင်လေ့လာသူ ပြည်သူ တစ်နှစ်လျှင် ပြည်သူ သောင်းပေါင်းများစွာရှိသည်။ အများစုမှာ ကျောင်းသားများ ဖြစ်ကြသည်။ 
“ကျွန်မတို့က ကလေးတွေကို အားကိုးပါတယ်။ သူတို့ဟာ အနာဂတ်လူကြီးတွေပါ။ ကျွန်မတို့ အတိတ်မှာ လုပ်ခဲ့တာတွေထက် ပိုမိုကောင်းမွန်စွာ အနာဂတ်ကမ္ဘာကြီးကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်” ဟု ရက်ဂါက ဆိုသည်။

သဘာဝထဲမှာ နေထိုင်လုပ်ကိုင်ရင်း နေ့စဉ်ခံစားရသော စိတ်လှုပ်ရှား ကျေနပ်မှုများကို ကလေးများကိုလည်း ခံစားရစေချင်ကြောင်း ရက်ဂါကဆိုသည်။ အချို့သော ဂေဟာနေ တိရစ္ဆာန်များသည် ရုပ်ပိုင်းဆိုင်ရာ အရ သဘာဝထဲတွင် ပြန်သွားကျင်လည်ရန် အခက်အခဲများ ရှိနေသောကြောင့် ပြန်မလွှတ်သေးဘဲ ဂေဟာတွင်သာ နေထိုင်ရသည်။ အတတ်နိုင်ဆုံး သဘာဝကျစွာ နေထိုင်နိုင်ရန်အတွက် စီစဉ်ပေးထားသည်။ သဘာဝတောရိုင်းတို့၏ သဘာဝကို ကလေးငယ်များ လေ့လာနိုင်ရန်အတွက် ၎င်းတို့က ကူညီပေးနေကြသည်။

“သူတို့လေးတွေကို ပြန်မလွှတ်ပေးနိုင်တော့ စိတ်မကောင်းစရာပေါ့ရှင်။ ဒါပေမဲ့ သူတို့က ကလေးတွေကို မျက်မြင်ဒိဌ ရှင်းလင်းပြဆိုပေးတဲ့ အလုပ်ကို လုပ်နေကြတာပေါ့။ ကလေးတွေက သူ့နာမည် ဘယ်လိုခေါ်လဲမေးရင် ကျွန်မက အမြဲတမ်း ပြန်ရှင်းပြရတယ်။ ကျွန်မတို့က သားရိုင်းတွေကို ဆေးရုံဖွင့်ပြီး ဆေးကုပေးနေတာပါ။ သူတို့ကို မပိုင်ပါဘူး။ သူတို့ဟာ တောထဲမှာသာ နေကြတာပါ။ ဒါကြောင့် နာမည်မရှိပါဘူးလို့ ရှင်းပြရတယ်” ဟု မိုနာရက်ဂါက ဆိုပါသည်။

ပြန်လည်ကုသမပေးနိုင်ဘဲ ဒဏ်ရာအခြေအနေ ပြင်းထန်ကြသူ တိရစ္ဆာန်များဆိုလျှင် ရောဂါဝေဒနာ အသက်သာဆုံးနည်းဖြင့် အသက်ထွက်သွားအောင် ကူညီပေးရသည်။

ရက်ဂါတို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့သည် ပုဂ္ဂလိက အလှူရှင်များကို တော်တော် အားကိုးရသည်။ တစ်သက်လုံး စုဆောင်းထားသည့် ငွေလေးများကို ထည့်ဝင်ပြီး စတင်လည် ပတ်ခဲ့ရခြင်းဖြစ်သည်။

“ညကြီးမင်းကြီးလည်း သွားသယ်ပေးရတာမျိုး ရှိပါတယ်။ မိုးတွေ သည်းနေတာမျိုးလည်း ရှိပါတယ်။ မောတာပေါ့။ ဒါကို အလုပ်လုပ် နေရတယ်လို့ မယူဆပါဘူး။ ကျွန်မတို့ နှစ်သက်တာကို လုပ်နေကြတာလို့ ယူဆပါတယ်” ဟု သားရိုင်းတို့ မိခင်က ဆိုပါသည်။

ပြီးခဲ့သည့်နှစ်က နောက်ဆုံး ရောက်လာသည့် သိမ်းငှက်ဆိုလျှင် ရှစ်ကောင်မြောက်ဖြစ်သည်။ နောင် နှစ်လောက်ပြန်ပြီး ပျံသန်းနိုင်လိမ့်မည်ဟု ရက်ဂါက ယူဆပါသည်။ 
“ဒီကလေးမလေး ပြန်ပြီးနေကောင်းလာ ပါလိမ့်မယ်။ သူ့ကို လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ တစ်ရက်ပြီးတစ်ရက်တော့ အားကောင်းလာပါတယ်။ သားရိုင်းလောကထဲ ပြန်ပြီး ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ သက်လုံနဲ့ စွမ်းရည်ရှိပြီဆို ပြန်လွှတ်မှာပါ” ဟု ၎င်းကဆိုသည်။

သူတို့နေကောင်းသွားသဖြင့် တောရိုင်းထဲသို့ ပြန်လွှတ်ပေးလိုက်ရသည့် အတွေ့အကြုံပေါင်း များစွာ ရက်ဂါတွင် ရှိပါသည်။ ကြည်နူးသော ခံစားမှုက တစ်ခါမှ ရိုးသွားသည်ဟုမရှိခဲ့ပေ။

သန့်ဇင်စိုး