News

POST TYPE

ARTICLE

အမျိုးသားနောက် ခြေရာကောက်ခြင်း
13-Nov-2017 tagged as


နှစ်စဉ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ ရောက်တိုင်း အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံမှာလည်း မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့) တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ့ပထမဆုံး ကျောင်းသား သပိတ်ကြီးကို အစွဲပြုပြီး နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားနေ့ကို အင်္ဂလိပ်လို (National Day) ဟု သတ်မှတ်ပါသည်။ National ဆိုသည်မှာ (အမျိုးသား၊ နိုင်ငံတော်) နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖြင့် သုံးစွဲကြသည်။ Relating to or characteristic of a nation; common to a whole nation အနေဖြင့် သတ်မှတ်သုံးစွဲကြခြင်းဖြစ်သည်။ အမျိုးသားသီချင်း (National anthem)၊ အမျိုးသားစိတ် (Nationalism)၊ အမျိုးသားရေး (National Affairs)၊ အမျိုးသားအလံ (National Flag) ဟူ၍လည်း တွဲဖက်သုံးစွဲကြသည်။ မြန်မာနိုင်ငံတွင် National Day ကို (အမျိုးသားအောင်ပွဲနေ့) ဟူ၍ အပြည့်အစုံခေါ်ဆိုရန် တစ်ချိန်က အဆိုပြုခဲ့ဖူးသည်။ 

(အမျိုးသား) ဆိုသည့် ဝေါဟာရကို ပုဂံခေတ်၊ အင်းဝခေတ် ကျောက်စာများတွင် အမျိုးသား၊ အမျိုးသမီး ဆိုသည့် အဓိပ္ပာယ်ဖြင့်သာ သုံးစွဲကြကြောင်း တွေ့ရသည်။ သို့သော် သူ့ကျွန်ဘဝ ကျရောက်ချိန်က စပြီး ၁၉၀ဝ ပြည့်နှစ်မှသည် ၁၉၂၀ အတွင်း နှစ်ပေါင်း ၂၀ ကာလ၌ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်လိုသည့် စိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်လာပြီး နယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန် ပုန်ကန်လိုစိတ်များ ပေါ်လာသည်။ အားလုံးနှင့်ဆိုင်သည့် ဘုံစိတ် ဓာတ်တစ်ခုကို ရွေးချယ်ပြီး (အမျိုးသားရေး စိတ်ဓာတ်) အဖြစ် ပြန်လည် နိုးထရှင်သန်လာကြသည်။ အမှန်တော့ ၁၉၂၀ ပြည့်နှစ် ကျောင်းသား ပထမသပိတ်သည် (အမျိုးသား) ဆိုသည့် ဝေါဟာရကို အစွမ်းကုန်ရှင်သန်စေပြီး တပ်လှန့်လိုက်သော နေ့လည်းဖြစ်သည်။ 

ကျောင်းသားသပိတ်သည် မြန်မာတစ်မျိုးသားလုံးကို (အမျိုးသားလွတ်မြောက်ရေး) နှင့် နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများဆီသို့ပါ အရောက် ခေါ်သွားသည်အထိ အစွမ်းထက်ခဲ့သည်။ ထို့ကြောင့်လည်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို (အမျိုးသားနေ့) အဖြစ် သတ်မှတ်ခြင်းမှာ (အမျိုးသားစိတ်ဓာတ်) ဆိုသည့် ဇာတိမာန်ကို အမြဲထက်သန်နေစေရန် လှုံ့ဆော်ပေးခြင်းလည်း ဖြစ်သည်။ 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများ ကောင်စီက (National Education in Bahan) ဆိုသည့် ကြေညာချက် ထုတ်ပြန်သည်။ ကျောင်းသားသပိတ်ကစတင်ပြီး (National) ဆိုသည့် စကားကို အမျိုးသားရေး အနေဖြင့် စတင် သုံးစွဲလာခြင်းဖြစ်သည်။ ထိုကြေညာချက်ထဲတွင်လည်း (အမျိုးသားကျောင်း) ဆိုသည့် စကားလုံးကို သုံးစွဲထားကြောင်း တွေ့ရသည်။

သပိတ်မှောက်ကျောင်းသားများ၏ သပိတ်မှောက် ကောင်စီသည် ၁၉၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် (We are the Sowers) ဆိုသည့် ခေါင်းစဉ်တပ်ကာ ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ထိုထုတ်ပြန်ချက်ထဲတွင် -

“အမျိုးသားပညာရေး၏ နောက်ဆုံး ရည်ရွယ်ချက်သည် အမျိုးသား လွတ်လပ်ရေးနှင့် ဗမာလူမျိုးများ၏ လွတ်လပ်ရေးပင်တည်း”ဟုဖော်ပြထားကြောင်း တွေ့ရသည်။ (အမျိုးသားပညာရေး) နှင့် (အမျိုးသားလွတ်လပ်ရေး) ဆိုသည့် စာလုံးများကို သုံးစွဲလာကြပြီဖြစ်သည်။ ထိုမှသလည် (အမျိုးသား ကျောင်း) လှုပ်ရှားမှုများသည် တစ်နိုင်ငံလုံးတွင် ဟုန်းဟုန်းတောက် ပေါ်ပေါက်လာခဲ့ရတော့သည်။ 

၁၉၂၀ ရန်ကုန်တက္ကသိုလ်ဥပဒေကို စတင် သပိတ်မှောက်သည့်နေ့တွင် ကျောင်းသားခေါင်းဆောင် ၂၆ ဦးသည် အနာဂတ်အတွက် တပ်လှန့်သံဖြင့် မြန်မာနိုင်ငံကို နိုးထစေလိုက်။ သူ့ကျွန်ဘဝတွင် ကျွန်ပညာရေးဖြင့် စိတ်ဓာတ်များ ဖျက်ဆီးခြင်း ခံထားရသည်ကို ပြန်လည် ထူမတ်နိုင်ရေးအတွက် သူတို့ ကြွေးကြော်လိုက်သည်က -

“အမျိုးကို ချစ်ခင်ကြပါ၊ နိုးကြားကြပါ”

ထိုလှုံ့ဆော်သံက မီးခဲပြာဖုံးဖြစ်နေသည် မျိုးချစ်စိတ်ဓာတ်ကို ဟုန်းခနဲ ထတောက်စေလိုက်သည်။ အမျိုးသား ပညာရေး တောင်းဆိုချက်နှင့် အမျိုးသား စိတ်ဓာတ်က လွတ်လပ်သော မြန်မာနိုင်ငံတော်ဆီသို့ လမ်းကြောင်းတစ်ခုကို ပြန်လည် တည့်မတ်စေနိုင်ခဲ့သည်။ 

သပိတ်မှောက် ကျောင်းသားများ ကြွေးကြော်သွားသည့် သံချပ်များကား ကြက်သီးထဖွယ်ရာ ဖြစ်သည်။

“အမျိုးသားတို့ ကြီးပွားရန်၊ နည်းလမ်းမှန်စွာ လုပ်တဲ့ကျောင်းသား”

“တိုင်းပြည်ကောင်းအောင် အကျိုးဆောင်၊ ရာဇဝင်ပြောင်တဲ့ ရွှေကျောင်းသားများ”

ကောလိပ်သပိတ်က စတင်ခဲ့သည့် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ၏ သပိတ်မှောက် အရေးတော်ပုံသည် အမျိုးသားရေး လှုပ်ရှားမှုကြီးတစ်ခုအသွင်ဆောင်လာသည်။ တစ်မျိုးသားလုံး တက်ကြွစွာဖြင့် အမျိုးသား ပညာသင်ကျောင်းများကို ထောက်ပံ့ကာ အမျိုးသား ပညာရေးကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြသည်။ မျိုးချစ်စိတ်၊ ဇာတိမာန်တို့က အမျိုးသား လွတ်မြောက်ရေးကို ဦးတည်စေခဲ့သည်။ 

အမျိုးသားကျောင်းများ ပေါ်ပေါက်လာပြီးသည့်နောက်တွင် ယင်းကျောင်းများကို စနစ်တကျ စီမံအုပ်ချုပ်ရန် အဖွဲ့အစည်း လိုအပ်လာသည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသားကျောင်း (National School) များကို ထူထောင်ပြီးနောက်၊ အမျိုးသားကျောင်းများကို ကြည့်ရှုအုပ်ချုပ်ရန် အမျိုးသားပညာရေးအဖွဲ့ချုပ် (Council of National Education) ကို ဖွဲ့စည်းခဲ့သည်။ 

အမျိုးသားကျောင်းများကို ဖွဲ့စည်းထူထောင်ပြီးသည့်နောက်တွင် အမျိုးသားကျောင်းများက အောင်လာသည့် ကျောင်းသားများအတွက် အမျိုးသား ကောလိပ်တစ်ခု ရှိသင့်သည်ဟု ယူဆပြီး ၁၉၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်၊ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကျောင်းတော်ကြီးကို စတင် ဖွင့်လှစ်နိုင်ခဲ့ကြသည်။ 

အမျိုးသားစိတ်ဓာတ်ဖြင့် အဖွဲ့အစည်းများ ထူထောင်ခြင်းကို ပြုလာကြသည်။ ၁၉၃၁ ခုနှစ်ခန့်တွင် GCBA (General Council of Burmese Association) အသင်းကြီးကို ထူထောင်သည်။ မူလက ဘာသာရေး အသင်းအဖွဲ့ အသွင်ဆောင်သော ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း (YMBA) ကို ပြောင်းလဲဖွဲ့စည်းပြီး GCBA ဟု ခေါ်ကြခြင်းဖြစ်သည်။ GCBA ကို မြန်မာလို (အမျိုးသား တပ်ပေါင်းစု မြန်မာ အသင်းချုပ်ကြီး) ဟုခေါ်ကြသည်။ မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေးအသင်းအဖွဲ့ကြီးဖြစ်လာသည်။ (အမျိုးသား တပ်ပေါင်းစု) ဟု ရဲ့ဝံ့စွာဖြင့် သုံးစွဲလာခြင်း ဖြစ်သည်။ အမျိုးသားရေး ဆိုသည်မှာ နိုင်ငံရေးနှင့် သက်ဆိုင်သော စကားဖြစ်မှန်းမသိ ဖြစ်လာသည်။

၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းရှိ ဂျူဗလီဟောခန်းမကြီးတွင် GCBA ဗဟို အသင်းချုပ် အစည်းအဝေးကြီး ကျင်းပသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၌ အမျိုးသားနေ့ (National Day) ကို ရက်တစ်ရက် သတ်မှတ်ကြရန် ဆွေးနွေးကြသည်။

- သီပေါမင်းကို အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့်နေ့

- အရှင် ဦးဥတ္တမ ကိုယ်တော်ကြီး ထောင်ကျသည့်နေ့

- ကောလိပ်ကျောင်းသားများ ပထမဆုံး သပိတ်မှောက်သည့်နေ့

အထက်ပါ သုံးရက်ကို တစ်ရက်အား အမျိုးသားနေ့အဖြစ် သတ်မှတ်ကြရန် ဆွေးနွေးကြသည်။ သီပေါမင်း ပါတော်မူခြင်းနှင့် ထောင်ကျခြင်းသည် အကျကိစ္စဖြစ်ပြီး၊ ကျောင်းသားများ သပိတ်မှောက်ခြင်းမှာ အတက်ကိစ္စဖြစ်ကြောင်း အားလုံးက နိမိတ်ကောက်ကာ တန်ဆောင်မုန်းလပြည့်နေ့ကို (အမျိုးသားနေ့) အဖြစ် သတ်မှတ်ရန် GCBA အသင်းကြီးက စတင် သတ်မှတ်ဆုံးဖြစ်ပြီး နှစ်စဉ် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြသည်။ 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူ၏ ကုမ္မာရီ နေရှင်နယ်ဒေးဘွဲ့ လေးချိုးကြီးတွင် -

“ပါရမီပြောင်ပြောင် အကဲရယ်နှင့်၊ မကြာမီ အခေါင်စွဲရအောင်ဟာ (အမယ်မင်း) အနှောင်မမြဲစေရ၊ မှောင်ထဲက ထရမယ့် မြန်မာ့သဘင်အခါ ရွေးကြတဲ့ (အိုရှင်) ဂျောင်ထဲက တကာမတွေတောင်မှ၊ နောင် အကဲလှစေမယ့် အောင်ပွဲအစ ပထမ မင်္ဂလာဒေး”ဟူ၍ အမျိုးသားနေ့ကို မင်္ဂလာဒေးဟု ဂုဏ်ပြု စပ်ဆိုခဲ့သည်။

၁၉၃၀ နှစ်လွန် ကာလများတွင် အမျိုးသားရေးဆိုသည့် စကားတွေ ဖောင်းပွလာသည်။ ဤသည်ကို စိတ်မတွေ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဗဟိန်းက ဆောင်းပါးတစ်စောင်တွင် 

“အမျိုးသားရေး၊ အမျိုးသားဝါဒ စသည့် စကားများကို လူတိုင်းလိုပင် ထည့်သွင်း သုံးစွဲကြသော်လည်း လူတစ်ရာလျှင် ကိုးဆယ်ကျော်လောက်မှာ စကား၏ အဓိပ္ပာယ် အတိမ်အနက်ကို မတွေးဘဲ၊ ပေါ့ပေါ့ပြော၊ ပေါ့ပေါ့ရေးနှင့်သာ ပြီးကြလေသည်”ဟု ဆောင်းပါး တစ်စောင်တွင် ထောက်ပြဝေဖန်ခဲ့သည်။ (ဆင်းရဲသား ပစ္စည်းမဲ့များနှင့် ကျောင်းသားများ)

အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ ရောက်တိုင်း ကျင်းပလာခဲ့ခြင်းသည် အမျိုးသားရေးနှင့် အမျိုးသားစိတ်ဓာတ်များကို နိုးကြားတက်ကြွလာပြီး၊ ကျောင်းသားများက စခဲ့သည့် နယ်ချဲ့ တော်လှန်ရေးကို သတိရနေစေရန်ဖြစ်သည်။

တို့ဗမာအစည်းအရုံးခေတ်က ကျွန်ပညာရေး စနစ်ကို စည်းလုံးညီညွတ်စွာ တိုက်ဖျက်နိုင်ရုံမျှဖြင့် ပျော်ရွှင်မြူးထူးရန် မသင့်၊ အမျိုးသား လွတ်မြောက်ရေးကို အရယူရန် ကျန်သေးသည်။ အမျိုးသားနေ့သည် အောင်ပွဲလည်း မဟုတ်၊ ပျော်ပွဲလည်းမဟုတ်၊ လွတ်လပ်ရေး လမ်းစလမ်းနကို ရရှိခဲ့သောနေ့သာ ဖြစ်သည်ဟု ခံယူပြီး လှုပ်ရှားချီတက်ခဲ့ကြသည်။ ထိုခေတ်က သူတို့ကြွေးကြော်သံများတွင် 

“အမျိုးသားနေ့ တို့နေ့ တို့နေ့”

“ကျွန်ပညာအလိုမရှိ”

“ကြောက်မွေးပါ ဇာဂနာနှင့်နှုတ်”

“ရဲရဲတောက်ဟေ့ တို့ဗမာ”

“အရေးတော်ပုံ အောင်ရမယ်”ဟု ကြွေးကြော် အော်ဟစ်ကာ အမျိုးသားနေ့ကို အမှတ်တရ ဆင်နွှဲကြသည်။ အမျိုးသားနေ့တွင် အမျိုးသားနေ့ အထိမ်းအမှတ် ကိုင်ဆောင်မည့် အလံကိုလည်း သုံးရောင်ခြယ် အလယ်က ဒေါင်းပုံကို ရွေးချယ်ခဲ့ကြသည်။ 

အမျိုးသား ပညာရေးလှုပ်ရှားမှုက ခေါင်းဆောင်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ သခင်အောင်ဆန်းသည် နယ်ချဲ့ကျွန်ပညာရေးကို ဆန့်ကျင်သည့် လှုပ်ရှားမှုက စိတ်ဓာတ်ဖြင့် မွေးထုတ်လိုက်သည့် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာရသည်။ အမျိုးသားရေး စိတ်ဓာတ်က မည်မျှအစွမ်းထက်ခဲ့ကြောင်း ပြနိုင်ခဲ့သည်။ 

၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၊ ဖဆပလ အဖွဲ့ချုပ် ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက (အမျိုးသား ညီညွတ်ရေး) ဆိုသည့် စကားလုံးကို သုံးသွားဖူးသည်။ 

“အမျိုးသား ညီညွတ်ရေးဆိုတာ ဘယ်ကဲ့သို့သော ညီညွတ်ရေးကို ခေါ်ပါသနည်းဟု မေးရပေလိမ့်မည်။ အမျိုးသားညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကိုမဆိုလို။ လူမျိုး၊ ဘာသာ၊ ယောကျာ်း၊ မိန်းမ၊ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား လူထုတစ်ခုလုံး အပြောမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရော ကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်”ဟု ပြောခဲ့ဖူးသည်။ 

(ရည်ညွှန်း - အမျိုးသားနေ့နှင့် အမျိုးသား ပညာရေး လှုပ်ရှားမှုသမိုင်းအကျဉ်း၊ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း)၊ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းများ၊ မြန်မာနိုင်ငံတော်မှတ်တမ်း (စစ်ကိုင်းဟန်တင်)၊ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် အထူးထုတ်များ)

မောင်ခေတ်

  • TAGS