News

POST TYPE

ARTICLE

ရေကြောင်းဘတ်စ်အတွက် ဝေဖန်မှု ၆ ချက်
12-Oct-2017 tagged as Water Bus

မြန်မာနိုင်ငံ၏ ပထမဆုံး ရေကြောင်းဘတ်စ်စနစ်ကို အောက်တိုဘာလ ၇ ရက်နေ့က စတင် မိတ်ဆက်ခဲ့ပြီး လာမည့်လပိုင်းတွင် ခရီးစဉ်များ တိုးချဲ့သွားရန် ယင်းကုမ္ပဏီက ပြင်ဆင်လျက် ရှိပါသည်။ သင်္ဘော လေးစင်းနှင့် ဆိပ်ကမ်းများ စနစ်တကျ ဆောက်ကာ အင်းစိန်-ဗိုလ်တထောင် ခရီးစဉ်ကို စတင်ပြေးဆွဲနေပြီး ယာဉ်စီးခ ပေးချေရာတွင် ကတ်စနစ်ဖြင့် ပေးချေနိုင်အောင်လည်း ပြင်ဆင်ထားသည်။ သို့သော် လက်တွေ့ ပြေးဆွဲရာတွင် လိုအပ်ချက်များက ရှိနေဆဲ။ အထူးသဖြင့် စီးနင်းသူတို့ အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နှစ်ပေါင်း ၅၀ နီးပါး အဆင်မပြေ ဖြစ်ခဲ့သည့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်ကို ပြေလည်စေမည့် နည်းလမ်းတစ်ခုဖြစ်နေသော ရေကြောင်းဘတ်စ် အောင်မြင်ရေးမှာ စီးနင်းသူများ၏ ဝေဖန်မှုများကို အလေးထားရန် လိုမည်ဖြစ်သည်။ ယင်းကြောင့် ရေကြောင်းဘတ်စ်အပေါ် စီးနင်းသူများက မည်သို့ ဝေဖန်နေကြသည်ကို ဖော်ပြလိုက်ပါသည်။
အယ်ဒီတာ

ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန် ရည်ရွယ်ပြေးဆွဲသည်ဆိုသော ရန်ကုန်မြို့၏ ပထမဆုံးသော ရေကြောင်းဘတ်စ်ကို အောက်တိုဘာလ ၇ ရက်က စတင် ပြေးဆွဲခဲ့ရာတွင် အောက်တိုဘာလ ၁၁ ရက်ထိ ငါးရက်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သင်္ဘောလေးစင်းဖြင့် ရေကြောင်းဘတ်စ်၏ ပထမဆုံး ပြေးဆွဲသည့်လမ်းကြောင်းမှာ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ ရွှေပိတောက်၊ အင်းစိန်တို့ဖြစ်သည်။ အဆိုပါရက်များအတွင်း ခရီးသည်စီးနင်းမှု များပြားခဲ့သော်လည်း ရေကြောင်းဘတ်စ်အပေါ် စီးနင်းသူအချို့က အောက်ပါအတိုင်း ဝေဖန်ခဲ့သည်။

ဆိပ်ကမ်းမှတ်တိုင်

ရေကြောင်းဘတ်စ် ခရီးစဉ်လမ်းကြောင်း မှတ်တိုင်များမှာ ခရီးသည်များနှင့် စီးနင်းမှု အသားကျရန်လိုအပ်နေပြီး ဆိပ်ကမ်းသို့ နေအိမ်မှ သွားရောက်စီးနင်းရာတွင် ဆိပ်ကမ်းအနီး နေထိုင်သူများသာ အဆင်ပြေသော်လည်း အလှမ်းဝေးသော နေရာတွင် နေထိုင်သည့် ခရီးသည်များအနေနှင့် ဆိပ်ကမ်း ရောက်ရှိရန် အချိန်ပေးသွားလာရခြင်းများ ရှိပေသည်။

မှတ်တိုင်ခြောက်ခုအနက် အင်းစိန်ဆိပ်ကမ်းမှ YBS ခရီးသည် မှတ်တိုင်နှင့် အလွန် အလှမ်းဝေးလျက် ရှိသည်။ ညနေပိုင်း နောက်ဆုံးထွက်ချိန် ဗိုလ်တထောင်မှ အိမ်အပြန်ခရီး စီးနင်းမည်ဆိုပါက YBS မှတ်တိုင်နှင့် အလှမ်း ကွာခြင်းကြောင့် ခရီးသည်များအတွက် မလိုလားအပ်သော ဒုစရိုက်မှုများနှင့် ကြုံတွေ့နိုင်သောကြောင့် အဆင်မပြေမှုများ ရှိနိုင်သည်ကို ခရီးသည်များ ပူပန်နေကြသည်။ မှတ်တိုင်နှင့် အလှမ်းကွာသော အခက်အခဲကြောင့် ရုံးဝန်ထမ်းများအနေနှင့် စီးနင်းမှု အဆင်ပြေနိုင်ခြင်း မရှိသည့် အခြေအနေတွင် ရှိသည်။

အောက်တိုဘာလ ၉ ရက်က အင်းစိန်မှ ပန်းဆိုးတန်းသို့ သွားရောက်ခဲ့သည့် ပုဂ္ဂလိက ဝန်ထမ်းဖြစ်သူ ဒေါ်လှိုင်ဦးက “ဆိပ်ကမ်းကိုရောက်ဖို့ အိမ်က ထွက်လာရတာ ဝေးတယ်။ လိုင်းကားနဲ့ဆိုရင် အိမ်ကနေ ဆယ်မိနစ်လောက် လမ်းလျှောက်ရပေမယ့် ခု ရေကြောင်းဘတ်စ်က နာရီဝက်ကျော်လောက် လျှောက်ရတယ်။ အသွား အပြန်ဆို အချိန် အတော် ပေးလိုက်ရတယ်”ဟု ဆိုသည်။

ယာဉ်စီးခ

အင်းစိန်ဆိပ်ကမ်းသို့ ရောက်ရှိရန် အချို့ခရီးသည်များသည် အနှေးယာဉ် (ဆိုက်ကား)၊ မော်တော်ဆိုင်ကယ် (ကယ်ရီ)များကို ကြားခံတစ်ဆင့် စီးနင်းရသောကြောင့် ယာဉ်စီးခ ကျပ် ၃၀ဝ၊ ၅၀ဝ၊ ၇၀ဝ အထိ အပို ဆောင်းကုန်ကျသူများရှိပြီး အင်းစိန်ဆိပ်ကမ်းမှ မြို့ထဲ ဆိပ်ကမ်းမှတ်တိုင်သို့ ရောက်ရှိသော်လည်း သွားလိုသည့်နေရာသို့ရောက်ရှိရန် YBS ယာဉ်လိုင်းကို ထပ်မံ စီးနင်းရသောကြောင့် အသွားတစ်ကြောင်းတွင်ပင် ကျပ်တစ်ထောင်နီးပါး ပိုမိုကုန်ကျနိုင်မှုများရှိသည်။ အသွားအပြန် ယာဉ်စီးခတွင်ပင် ကျပ်နှစ်ထောင်ခန့် ရှိလေသည်။

“ပုံမှန် တစ်ရက်တာ ယာဉ်စီးခ အသွားအပြန်ဆို ကျပ် ၄၀ဝ ပဲ ကုန်တယ်။ အခု ဆိုင်ကယ်ကယ်ရီခ ၇၀ဝ ပါ ထပ်တိုးတော့ အရင်ထက် ကုန်ကျငွေ ပိုသွားတယ်။ ကျွန်မတို့လို အခြေခံ လူတန်းစားတွေအတွက် အဆင်မပြေဘူး”ဟု ဆိုသူမှာ အင်းစိန်မြို့နယ်နေ ဒေါ်စောသဉ္ဇာ ဖြစ်သည်။

စောင့်ဆိုင်းချိန်

“သင်္ဘောစီးဖို့ စောင့်နေတာကြာပြီ။ ဆိုက်မယ့်သင်္ဘောက မိနစ် ၂၀ လောက်မှ ထပ်ရောက်မယ်ဆိုတော့ အချိန် အကြာကြီး စောင့်နေရတယ်။ ခက်တာက ဒါပဲ စီးကြည့်မယ်ဆိုတော့ ဆက်စောင့်နေတာပေါ့လေ”ဟု ဗိုလ်တထောင်မှ အင်းစိန်ထိ စီးနင်းမည့် ဦးသောင်းလွင်က ဆိုသည်။

“၈ နာရီခွဲ ထွက်မယ်ဆိုတဲ့ သင်္ဘောက ၉ နာရီကျော်လောက်မှ ထွက်တာမျိုး ရှိတယ်။ ရုံးချိန်က နောက်ကျသွားရော၊ အချိန်မှန် ထွက်ဖို့လိုတယ်”ဟု စီးနင်းသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဩစတြေးလျနိုင်ငံထုတ် သင်္ဘောနှစ်စင်းနှင့် ပြည်တွင်းထုတ်သင်္ဘော နှစ်စင်း ပေါင်း လေးစင်းဖြင့် ပြေးဆွဲပေးနေသော်လည်း ကုမ္ပဏီဘက်က မကြာမီ ရက်ပိုင်းအတွင်း စင်းရေ တိုးချဲ့ပေးမည်ဟု ဆိုထားသော်လည်း ယနေ့ထိ တိုးချဲ့နိုင်ခြင်း မရှိသေးပေ။

လက်ရှိ ပြေးဆွဲပေးသည့် သင်္ဘောစင်းရေမှာ လေးစင်းဖြင့်သာ ပြေးဆွဲပေးခြင်းကြောင်း စင်းရေ အလွန် နည်းပါးသောကြောင့် ဆိပ်ကမ်းကပ်ချိန်ကို ခရီးသည်မှ အချိန်ပေး စောင့်ဆိုင်းနေရသည်။

ဆိုက်ကပ်လာသည့် သင်္ဘောမှလည်း လူဦးရေ ကန့်သတ်ချက်ကြောင့် ဆိပ်ကမ်းရှိ ခရီးသည်အားလုံး စီးနင်းနိုင်ခြင်း မရှိကာ နောက်တစ်စင်းကို ထပ်မံ စောင့်ဆိုင်းရသည်။ သင်္ဘောစင်းရေ အရေအတွက် နည်းပါးခြင်းကြောင့် အချိန်ကိုက် ပြေးဆွဲပေးနိုင်ခြင်း မရှိပေ။ သင်္ဘောစင်းရေ တိုးချဲ့ပြေးဆွဲပေးမည်ဆိုပါက ခရီးသည်များသည် အချိန်နှင့်တစ်ပြေးညီ စီးနင်းနိုင်မည်ဖြစ်ကြောင်း ခရီးသည်များက ပြောဆိုကြသည်။

ထို့အပြင် ပြည်ပမှ တင်သွင်းထားသော သင်္ဘောမှာ ပြည်တွင်းထုတ် သင်္ဘောထက် မိနစ် ၂၀ ကျော် ပိုမိုမြန်ဆန်သဖြင့် ပြည်ပ သင်္ဘောသည် ဂိတ်စ ဂိတ်ဆုံး တစ်နာရီကြာမြင့်လျှင် ပြည်တွင်း သင်္ဘောသည် တစ်နာရီခွဲခန့် ကြာမြင်နေလေသည်။

အတက်အဆင်း

ရေကြောင်းဘတ်စ်ကို လက်ရှိ ပြည်ပ သင်္ဘော နှစ်စင်း၊ ပြည်တွင်း သင်္ဘော နှစ်စင်းဖြင့် ပြေးဆွဲပေးလျက်ရှိပြီး အဆိုပါ သင်္ဘော အမျိုးအစား နှစ်ခုတွင် ကွာခြားချက်များ ရှိနေသည်။

ပြည်ပသင်္ဘောမှာ ခရီးသည် အတက်အဆင်း အဆင်ပြေစေရန် ဗောတံတားနှင့်တစ်ပြေးညီဖြစ်ပြီး လှေကားဖြင့် အတက်အဆင်း ပြုလုပ်၍ရသော်လည်း ပြည်တွင်း သင်္ဘောမှာမူ ဗောတံတားထက် တစ်တောင်ခန့် နိမ့်ဆင်းနေလေသည်။ ယင်းအပြင် လှေကား မပါသောကြောင့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အတက်အဆင်း အန္တရာယ်ရှိသည်ကို တွေ့မြင်ရသည်။

လက်ရှိ ရေကြောင်းဘတ်စ် ကုမ္ပဏီဝန်ထမ်းများက တွဲချ၊ တွဲတင်ကူညီမှုများ ဆောင်ရွက်ပေးနေသော်လည်း ရေရှည်အတွက် အဆင်မပြေနိုင်သကဲ့သို့ ဂရုတစိုက် မစီးနင်းနိုင်သော ခရီးသည်များအတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ရေကြောင်းဘတ်စ် ပြေးဆွဲရာလမ်းကြောင်းရှိ  ဂိတ်ရင်း ဆိပ်ခံဗောတံတား တစ်ခုချင်းစီတွင် ခရီးသည်များကို ကူညီပေးရန် ကုမ္ပဏီဝန်ထမ်း ငါးဦးခန့်ထားရှိပြီး လက်မှတ်ရောင်းဝန်ထမ်း ခုနစ်ဦးခန့်ထားရှိပေသည်။

လက်ရှိတွင် ခရီးသည်များ အန္တရာယ်ဖြစ်လောက်သည်အထိ မရှိသော်လည်း ရေရှည်တွင် စနစ်ကျသည့် ခရီးသည်တင်ချမှုမျိုး ရှိရန်လည်း လိုအပ်ကြောင်း စီးနင်းသူ ခရီးသည် အများစုက ပြောဆိုသည်။

ငွေပေးချေကတ်စနစ်

ရေကြောင်းဘတ်စ်ကို စီးနင်းသည့် ခရီးသည်များသည် စတင်ပြေးဆွဲသည့်ရက်တွင် ငွေပေးချေကတ်ကို ခရီးသည် အနည်းငယ်မျှသာ ဝယ်ယူစီးနင်းခဲ့သည်။

ယင်းနေ့မှစ၍ ငါးရက်အတွင်း တစ်ရက်လျှင် ခရီးသည်တစ်သောင်းကျော် စီးနင်းရာတွင် ငွေပေးချေ ကတ်စနစ်ဖြင့် စီးနင်းသူ အလွန် နည်းပါးခဲ့သည်။ အောက်တိုဘာလ ၁၀ ရက်က နန်းသီတာ ဆိပ်ကမ်းတွင် ကတ် ရောင်းချမှု လုံးဝ မရှိသည့် အခြေအနေထိ ရှိခဲ့သည်။

စီးနင်းသူ အများစုသည် ခရီးစဉ်လမ်းကြောင်းနှင့် သင်္ဘော ကြာမြင့်ချိန်များကိုသိရှိရန် လေ့လာစီးနင်းသူ များပြားပြီး အဆိုပါခရီးသည်များသည် ငွေသားနှင့်သာ လက်မှတ်ဝယ်ယူ စီးနင်းခဲ့ကြသည်။

လက်ရှိ စီးနင်းသူ ခရီးသည်များသည် ရေကြောင်းဘတ်စ်ကို အပျော်စီး သင်္ဘောအဖြစ် စီးနင်းလျက် ရှိသည်။ မိသားစုအလိုက် ထပ်မံ စီးနင်းရန် ရည်ရွယ်သူများလည်း ရှိသည်။

ရုံးတက်၊ ရုံးဆင်း စီးနင်းသူများ မပါဘဲ အပျော်စီးအဖြစ်သာ စီးနင်းသူများခြင်းကြောင့် လက်မှတ်ဖြင့်သာ စီးနင်းခြင်းဖြစ်သည်။ ကတ်စနစ်သည် အဆင်ပြေသော်လည်း အကြိမ်ရေများစွာ စီးနင်းမည်ဆိုမှသာ ငွေပေးချေကတ် လုပ်ဆောင်မည်ဟုလည်း ဆုံးဖြတ်သူ ခရီးသည်များလည်း ရှိသည်။

“အမြဲစီးမယ့်သူအနေနဲ့ လာတာ မဟုတ်ဘူး။ လာလေ့လာတာ။ ကတ်က ၁၅၀ဝ ဆိုတော့ ကိုယ့်အတွက် ခရီးလမ်းကြောင်း အဆင်ပြေမှလုပ်တာ ကောင်းမယ်လေ။ ဒါကြောင့် ကတ်မလုပ်သေးဘဲ ငွေသားနဲ့ပဲ ရှင်းလိုက်တာ”ဟု ဗိုလ်တထောင်ဆိပ်ကမ်းမှ စီးနင်းလာသူ ဒေါ်ဒါဒါက အောက်တိုဘာလ ၉ ရက်က ဆိုသည်။

ရုံးတက်၊ ရုံဆင်းအတွက် လေ့လာစီးနင်းခဲ့သော်လည်း စီးရေနည်းခြင်း၊ အချိန်ကြာမြင့်ခြင်း၊ မြို့တွင်း လိုင်းကားများသို့ ကူးပြောင်းစီးနင်းရန် ခက်ခဲခြင်းများ ရှိနေကြောင်း လုပ်ငန်းခွင်ဝင်ချိန် နောက်ကျခဲ့သူ ပုဂ္ဂလိက ဝန်ထမ်းက ဆိုသည်။

လုံခြုံရေး

ရေကြောင်းဘတ်စ်ကို စီးနင်းသူများထဲတွင် ရန်ကုန်မြစ်အတွင်း ရေကြောင်းဘတ်စ်ကို မည်သို့ ပြေးဆွဲမည်ကို သိလိုသော ရေကြောင်း နားလည်သူများလည်း လာရောက်လေ့လာ စီးနင်းကြသည်။

သင်္ဘောတိုင်းနှင့် ဆိပ်ကမ်းတိုင်းတွင် အသက်ကယ်ဘောကွင်း ထားရှိသင့်ပြီး အသက်ကယ်အင်္ကျီမှာ သင်္ဘော၏ အရေးပေါ် အခြေအနေဖြစ်မှသာ အသုံးပြုရခြင်းဖြစ်၍ ခရီးသည်အတွက် အရေးပေါ် အခြေအနေကို အလျင်အမြန် ဖြေရှင်းနိုင်ရန် ဆောင်ရွက်ထားမှု လိုအပ်နေသည်ကို ထောက်ပြသည်။

သင်္ဘောပေါ်တွင် ခရီးသည်များ၏ လုံခြုံရေးအတွက် မတ်တတ်ရပ်၍ မစီးနင်းရန် သတိပေး စာတန်းများ နံရံတွင်ကပ်ထားသော်လည်း အရေးပေါ် အခြေအနေတွင် ခရီးသည်များ မည်သို့ ဆောင်ရွက်ရမည်ကို ရှင်းလင်းပြောပြခြင်း မရှိသကဲ့သို့ အဆင်သင့် တပ်ဆင်ထားပြီးဖြစ်သည့် TV မှာလည်း လမ်းညွှန်ပြသခြင်း မရှိဟုလည်း ဝေဖန်ကြသည်။

“အတက်အဆင်း ကြည့်လိုက်တော့ အဆင်မပြေနိုင်ဘူးလို့ မြင်တယ်။ ဝန်ထမ်းကူလို့သာ တက်ရဲတာ။ ကိုယ့်ဘာသာကိုယ်ဆို မစီးတော့ဘူး။ ရေထဲဆိုတော့ ပိုကြောက်တယ်”ဟု မြောက်ဒဂုံမှ သင်္ဘောအပျော်လာစီးသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ခရီးသည်များအတွက် ကိုယ်တိုင် လုပ်ဆောင်တတ်ရန် လမ်းပြသင်ကြားမှုများ လိုအပ်နေသည်။

ခရီးသည်အချို့သည် ရာသီဥတု မကောင်းချိန်တွင် သင်္ဘောစီးနင်းရန် စိုးရိမ်ပူပန်မှုများ ရှိနေပြီး အဆိုပါအချိန်တွင် လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ကုမ္ပဏီဘက် အာမခံဖြင့် ကြိုတင်ပြင်ထားပြီလားကို သိလိုနေကြသည်။

အဆိုပါ အချက် ၆ ချက်မှာ ရေကြောင်းဘတ်စ် စီးနင်းသူတို့ အမှန်တကယ် ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပြီး ယင်းတို့ကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ပါက စီးနင်းသူ ပိုမို များပြားလာမည်ဖြစ်ရာ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

စန်းစန်းထွေး