News

POST TYPE

ARTICLE

ခဝါသည် ဂေါဝိန်

မန္တလေးမြို အရှေ့ဘက်ရှိ ဂေါဝိန်ဆိပ်ကမ်း၏ နံနက်ခင်းသည် ခဝါသည်တို့ အသံစာစာကြောင့် ခါတိုင်းကဲသို့ပင် လှုပ်နိုးလာခဲ့ပြန်သည်။

နံနက်မိုးစင်စင်လင်းသည်နှင့် ရတနာပုံရွှေမြို့သူတို့၏ ထုံးစံအတိုင်း စက်ဘီးကိုယ်စီဖြင့် ဂေါဝိန် သင်္ဘောဆိပ်သို့ ရောက်ရှိလာသောကြောင့် နိုးထလာရခြင်းပင်။

ခေတ်ပြောင်းလာသည်နှင့်အမျှ စက်ဘီးစီးသူ အရေအတွက် နည်းသွားသော်လည်း အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးများဖြစ်သဖြင့် ၎င်းတို့ ကျွမ်းကျင်ရာ စီးတော်ယာဉ် စက်ဘီးလေးများဖြင့် ချီတက်လာကြခြင်းဖြစ်သည်။

အသားအရည် ညိုပြာညက်ရှိသော မျက်နှာပေါ်တွင် သနပ်ခါးဘဲကြား ရိုက်ထား၍ အဝေးကကြည့်လျှင် သနပ်ခါးကိုသာလျှင် အထင်းသားမြင်ရသည်။

မန္တလေးမြို့ ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ် အပါအဝင် မြစ်ဆိပ်တစ်လျှောက်တွင် သူလူနှင့်သူ အစုစုဖြင့် အသီးသီး နေရာယူကြပြီးနောက် လုပ်ငန်း စတင်တော့သည်။

ယင်းတို့၏ လုပ်ငန်းမှာ ဧရာဝတီမြစ်ကြီးကို အမှီပြုနေသော ရေလုပ်သား၊ ကုန်တင်ကုန်ချ လုပ်သား အစရှိသည့် ကျပန်း အလုပ်သမားများ မဟုတ်သည့် ခဝါသည်။

နံနက်ခင်း နေရောင်ခြည်အောက်တွင် ဧရာဝတီ မြစ်ရေပြင်သည် လှိုင်းကြက်ခွပ်ကလေးများထနေပြီး မန္တလေးကမ်းနားလမ်းမှနေ၍ အနောက်ဘက်သို့ မျှော်ကြည့်ပါက ထုံးဖြူဖြူနှင့် ဘုရားအဆူဆူကို တွေ့နိုင်သော စစ်ကိုင်းတောင်ကို မြင်ရသည်။

ကမ်းနှစ်ဖက်အကြား ဧရာဝတီမြစ်အတွင်း၌ ကူးသန်း သွားလာနေသော ဘဝများမျိုးစုံကိုလည်း နေ့စဉ် တွေ့မြင်ရမည်ဖြစ်သည်။

သဘာဝတရားကို ချစ်ခင်မြတ်နိုးကာ ထိန်းသိမ်းစောင့်ရှောက်သူများ ရှိသကဲ့သို့ သဘာဝတရားကပေးသော အရင်းအမြစ်များကို မှီခိုအားထား ရုန်းကန်နေရသူများလည်း ရှိနေသည်။ 

ကုန်းဘောင်မင်းဆက် ၁၁ ဆက်အနက် နောက်ဆုံးမင်းဆက် သီပေါမင်းပါတော်မူချိန်က ထွက်ခွာခဲ့သည့် ဂေါဝိန်ဆိပ်ကမ်း၏ အလှတရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် မိမိတို့၏ နေ့စဉ်ဘဝများ ဟန်ချက်ညီရေး တာဝန်ယူနေရသည့် ဘဝများစွာလည်း ရှိကြသည်။

ယင်းတို့အနက် ခဝါသည်အဖြစ် အသက်မွေး ဝမ်းကျောင်းပြုရသည့် ဘဝများမှာလည်း ဂေါဝိန်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

“သူများ အညစ်အကြေး လျှော်ရတယ်။ ခဝါသည်မတွေလို့ ရန်ဖြစ်တဲ့အခါတိုင်း ပတ်ဝန်းကျင်ကနှိမ်ပြီး အပြောခံရတယ်”ဟု ဂေါဝိန်ဆိပ်ကမ်းတွင် အဝတ်လျှော်သည့် အလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းနေသူ အသက် ၄၃ နှစ်ခန့်အရွယ် ဒေါ်တင်နွယ်အေးက မျက်ရည် ရစ်သိုင်းစွာဖြင့်ဆိုသည်။

“သမ္မာအာဇီဝ လုပ်ကိုင်စားသောက်တာပဲ၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ မရှက်ပါဘူးအေ”ဟု ဘဝတူ လုပ်သားတစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် ဒေါ်ဇင်မာဦးက ခပ်ပြုံးပြုံးဖြင့် အားပေးစကား ဝင်ပြောလိုက်သည်။

ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်သို့ နေ့စဉ် နံနက် ၇ နာရီခန့်တွင် ရောက်ရှိတတ်ပြီး အဝတ်လျှော်သည့် လုပ်ငန်းဖြင့် တစ်နေ့တာ ကာလကိုဖြတ်သန်းကာ ညနေ ၅ နာရီခန့်မှ အိမ်ပြန်ကြသည်။

ထမင်းချိုင့်ကိုယ်စီ ထည့်လာကြသော်လည်း ဟင်းစားကိုမူ ကျပ်သုံးရာမှ ကျပ်ငါးရာအကြား ရောင်းချသော လမ်းဘေးထမင်းဆိုင်မှ ဟင်းများ ဝယ်ယူလာလေ့ ရှိကြသည်။ 

“အဖေက ထမင်းအိုးတစ်လုံး တည်ပေးတယ်။ ဟင်းကတော့ အိမ်မှာနေခဲ့တဲ့သူလည်း ကိုယ်ကြိုက်တာ ကိုယ်ဝယ်စားပေါ့။ အစ်မလည်း ကိုယ်ကြိုက်တဲ့ ဟင်း လမ်းမှာဝင်ဝယ်စားတယ်”ဟု ဒေါ်တင်နွယ်အေးက ဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေး မြစ်ဆိပ်သို့ရောက်သည်နှင့် လျှော်မည့် အဝတ်အထည်များကို ဒန်အိုးနှင့် ဇလားများတွင်ထည့်ကာ ဆပ်ပြာမုန့်ဖြင့် ကနဦး ရေစိမ်ထားလိုက်သည်။ နာရီဝက်ခန့် ကြာပြီးနောက် ဆပ်ပြာမှုန့် ရေစိမ်ထားသော အဝတ်များကို ခပ်ပြေပြေရှိနေသော ကျောက်ဆောင်များပေါ်တွင် ခြေထောက်ဖြင့် နင်းကြသည်။ ခြေဖြင့်နင်းပြီးသော် အဝတ်များကို မြစ်ကမ်းစပ်ရှိ ဧရာဝတီမြစ်ရေ အတွင်းနှစ်ကာ မကာ (ဘရပ်ရှ်) ဖြင့် ပွတ်တိုက်ကြသည်။

ယင်းနောက် ချေး (ဂျီး) ထူသည့် အင်္ကျီလည်ပင်း၊ ချိုင်း၊ လက်ကောက်ဝတ် အစရှိသည့်နေရာများကို ရွှေဝါဆပ်ပြာခဲဖြင့် ထပ်မံတိုက်ချွတ်ကာ သစ်သားတုတ်ဖြင့် ရိုက်ရသည်။ ယင်းသို့ အဆင့်ဆင့် ဂျီး(ကြေး) ချွတ်ပြီးသည့် အထည်များကို ဧရာဝတီမြစ်ရေတွင် နှစ်ကာ မကာဖြင့် ပွတ်တိုက်ရပြန်သည်။ သန့်စင်သွားပြီဟု ယူဆသည့် အဝတ်များကို ရေစင်အောင်ညှစ်ကာ မြစ်ဆိပ်ရှိ လျှောစောက်အနေအထားဖြစ်နေသော အင်္ဂတေ ကိုင်ထားသည့်နေရာတွင် လှမ်းရသည်။

“ရွှေ (Gold) ဆပ်ပြာမှုန့်က အနံ့လေးက အတော် မွှေးတာအေ”ဟု ခဝါသည်တစ်ဦးက သူ လျှော်ထားသော အဝတ်ကို နမ်းရှုပ်ပြီး ပြောလိုက်သည်။

“ငါကတော့ မကြိုက်ဘူး။ အီလန် (E-land) ဆပ်ပြာနဲ့ပဲ အဆင်ပြေတယ်”ဟု အခြားတစ်ဦးက တုံ့ပြန်လိုက်သည်။ 

“အနံ့လေး မွှေးနေမှ အပ်တဲ့သူတွေက ကြိုက်တာဆိုတော့ အနံ့မွှေးတာလည်း သုံးပေးရတယ်”ဟု ခဝါသည် ဒေါ်ဇင်မာဦးက ရှင်းပြသည်။

ဂေါဝိန်ဆိပ်တွင် အဝတ်လျှော်သည့်လုပ်ငန်းဖြင့် အသက်မွေးကြသည့် ခဝါသည်အများစုသည် ယခင်က မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ဈေးဗန်း ခေါင်းပေါ်တင်၍ ကျပန်းလုပ်ကိုင်ခဲ့သူများ ဖြစ်သည်။ ဈေးသည်ဘဝတွင် ငွေအရင်းအနှီး ထုတ်ရခြင်း၊ ကုန်ပစ္စည်းများ ရောင်းမကုန်သည့်နေ့တွင် အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ရခြင်းများကြောင့် ခဝါသည်ဘဝသို့ ရောက်ခဲ့ကြသူများလည်း ဖြစ်သည်။

ခဝါသည်အများစု၏ ဇာတိချက်မြုပ်မွေးရပ်မြေမှာ မန္တလေးမြို့ခံများဖြစ်၍ အချို့က အိုးပိုင် အိမ်ပိုင်ဖြင့် နေထိုင်နိုင်သော်လည်း အချို့ကမူ အိမ် ငှားဘဝဖြင့် နေထိုင်သူများ ဖြစ်ကြသည်။ အများစုမှာ ကမ်းနားဆိပ်နှင့်နီးသည့် ရပ်ကွက်များတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ လမ်း ၉၀ နှင့် လမ်း ၄၀ အနီးတစ်ဝိုက်တွင် နေထိုင်ကြသည်ဟု ခဝါသည်များက ဆိုသည်။

“ကိုယ့်အိမ်နဲ့ကိုယ် လျှော်ရင် ရေဖိုးဆိုတာ ကုန်မယ်။ မီးဖိုးကုန်မယ်။ အခုက ဆပ်ပြာမှုန့်ဖိုးနဲ့ လက်ပဲ  စိုက်စရာ လိုတယ်”ဟု ဒေါ်တင်နွယ်အေးက ရှင်းပြ သည်။

ဈေးသည်ဘဝမှ အဝတ်လျှော်သည့်ဘဝသို့ ပြောင်းလဲရန် အခွင့်အရေးက လွယ်လင့်တကူ ရရှိခဲ့သော်လည်း “ကျွန်မ အဝတ်လျှော်တတ်ပါတယ်။ အဝတ်အပ်ချင်ရင် အပ်လို့ရပါတယ်”ဟု ရပ်ကွက်များတွင် ဖောက်သည်လိုက်ရှာခဲ့ရသည်။

ငွေကြေးတတ်နိုင်ပြီး အိမ်ကြီးကနားကြီးနှင့် သူဌေးများက ၎င်းတို့အိမ်တွင် လာရောက် လျှော်ပေးရန် ခေါ်ယူလေ့ရှိပြီး ကမ်းနားတွင်လျှော်ရန် အပ်ထားသည့် အဝတ်အများစုမှာ သာမန်လူတန်းစားများ အပ်ထားသည့် အဝတ်များဖြစ်သည်။

ဆိပ်ကမ်းတွင် အလုပ် လုပ်ကြသူများအပြင် ရေချိုးသူ၊ မိသားစု အဝတ်များကို တစ်နိုင် တစ်ပိုင် လာလျှော်သူများလည်း ရှိသည်။ 

“မြစ်ရေက အဝတ်ပြောင်တယ်။ ရေဖိုးလည်း သက်သာတော့ ကမ်းနားပဲ လာလျှော်လိုက်တယ်။ သူတို့ (ခဝါသည်) လျှော်ပုံလျှော်နည်းလေးတွေလည်း ကြည့်ရတာပေါ့။ စကားလေးပြောရင်း အဖွဲ့ကျနေတာ”ဟု မန္တလေးမြို့ ကျောက်ဝိုင်းအနီးတွင် နေထိုင်သူ ဒေါ်ခင်ခင် (အမည်လွှဲ) က ဆိုသည်။

ခဝါသည်တစ်ဦး တစ်ရက်လျှင် အနည်းဆုံး အထည် ၁၀ဝ ခန့်ရပြီး တစ်ထည်လျှင် အဝတ်လျှော်ခ ၇၀ ကျပ်၊ မီးအိုးထိုး (မီးပူတိုက်) အပြီးအစီး ဆိုပါက တစ်ထည်လျှင် ၁၂၀ ကျပ် တောင်းယူလေ့ ရှိသည်။

“ရေခြောက်ရမှ (နေ့ချင်းပြီး လျှော်ဖွပ်ပြီးစီးမှ) သူတို့က ကြိုက်တယ်။ ရေခြောက်မရရင် သဘော မတွေ့ချင်ဘူး”ဟု အဝတ်လျှော်လက်စနှင့် ဒေါ်ဇင်မာဦးက ဆိုသည်။

ခဝါသည်တို့၏ မိသားတစ်စု၏ တစ်ရက်အသုံး စရိတ်အနေနှင့် ၅၀ဝ၀ ကျပ်နှင့်အထက်ရှိပြီး အဝတ်လျှော်ရာမှရသည့် တစ်ရက် ဝင်ငွေသည် ၇၀ဝ၀ ကျပ်နှင့်အထက် ရသောကြောင့် အပ်ထည် ပိုရသည့်ရက်များသည် စုဆောင်းထားနိုင်သော အနေထားတွင်ရှိသည်။

မြစ်ကမ်းတစ်လျှောက် နွေ၊ မိုး၊ ဆောင်း ဥတု သုံးပါးလုံး အဝတ်လျှော်သည့်အလုပ်ဖြင့် အသက် မွေးရသည်ဖြစ်ရာ နွေရာသီနှင့် ဆောင်းရာသီတွင် အထွေအထူး ကိစ္စမရှိသော်ငြား မိုးရာသီ၌ အဝတ် ခြောက်ရန် ခဲယဉ်း၍ အလုပ်ပါးလေ့ ရှိသည်။

မိုးရွာသည့် ကာလမျိုးတွင် အဝတ်လှန်းရန် ရသည့်အချိန်ကို ထိုင်စောင့်နေရသည်ဟု ခဝါသည်တို့က ဆိုသည်။

“ဆောင်းရာသီဆိုလည်း မြစ်ရေက မအေးဘူး။ မြစ်ရေ တက်ချိန်ဆိုရင်တော့ အတော် အေးတယ်။ မနက်ပိုင်းဆိုရင်တော့ မြစ်ရေက နွေးနေတယ်။ နေ့လယ်ခင်းကစပြီး အေးတာပဲ။ အေးလည်း ထိုင်လျှော်ရတာပဲ”ဟု ဒေါ်တင်နွယ်အေးက ဆိုသည်။

ကမ်းနားတွင် အဝတ်လျှော်သည့် ခဝါသည်များမှာ သက်တမ်းအားဖြင့် ခုနစ်နှစ်နှင့်အထက် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်ပြီး နေ့စဉ် ရက်ဆက် အဝတ်လျှော်ရသဖြင့် ခြေထောက်တွင် ရေဝဲ၊ သဲဝဲ ဟူသော အရေပြားရောဂါ ခံစားကြရလေ့ ရှိသည်။

“နေမကောင်းလို့ နားတာရှားပါတယ်။ ၂၀ဝ၀ ဖိုးလောက်ရလည်း လာလျှော်လိုက်တာပဲ။ ဆင်းရဲ ဇာတာ ပါလို့ထင်တယ်။ အလုပ် မလုပ်ရတဲ့နေ့ဆို ပိုဖျားချင်တယ်”ဟု ဒေါ်ဇင်မာဦးက ဆိုသည်။

မြစ်ကမ်းဘေး အဝတ်လျှော်သည့် ခဝါသည် အမျိုးသမီးများသည် ၎င်းတို့ မိသားစုကိုယ်စီ၏ အိမ်ထောင်ဦးစီး တာဝန်ကို ယူထားရသူများလည်း ဖြစ်သည်။ မြစ်ကမ်းဘေး အဝတ်လျှော်သည့်အလုပ်အပြင် သားသမီးများ၏ ပညာရေး မိသားစုစားဝတ် နေရေးကိစ္စများကိုလည်း တာဝန်ယူထားရသည်။ ခင်ပွန်းသည်များအနေနှင့် ကျပန်းလုပ်ကိုင်သူများ သာ ဖြစ်သည်။

မိသားတစ်စု၏ စားဝတ်နေရေးကို ဦးဆောင်နေရသူများဖြစ်၍ “နင်တို့ကိုထားပြီး ထွက်သွားလိုက်မှာ”ဟု သားသမီးများကို သတိပေးလေ့ရှိသော်လည်း သားသမီးများအတွက် ရုန်းကန်နေရပြီး မြစ်ကမ်းဘေးသို့ အချိန်မှန် ရောက်လာလေ့ ရှိသည်မှာ ခဝါသည်များပင်။  

မြစ်ကမ်းဘေးတွင် ရေလာကူးသူများကြောင့် အနှောင့်အယှက် ဖြစ်ရသော်လည်း သီချင်းညည်းရင်း အဝတ်လျှော်ရင်းဖြင့် စိတ်ဖြေနေရသူများလည်း ခဝါသည်များသာဖြစ်သည်။

မြစ်ကမ်းဘေး အဝတ်လျှော်သူများ အနားရသောအချိန်သည် အဝတ်လှန်းထားချိန်ဖြစ်ပြီး သူ့အဖွဲ့ ကိုယ်အဖွဲ့ သာရေးနာရေးပြောကာ အပျင်းဖြေရသည်။

“ကိုယ်က ပညာမတတ်ဘူး၊ သူတို့တွေ ကိုယ့်လိုမဖြစ်စေချင်ဘူး။ ပညာတတ်စေချင်တယ်”ဟု တတိယတန်းအထိသာ ပညာသင်ကြားခွင့်ရခဲ့သူ ဒေါ်တင်နွယ်အေးက သားသမီးများ ပညာတတ်ဖြစ်ရေး မျှော်လင့်ထားသည်။

“ဒီအလုပ်က နေ့စဉ် ပုံမှန် ဝင်ငွေရတော့ စားလို့ လောက်တယ်။ မချမ်းသာနိုင်ပေမယ့် အကြွေးကင်းတယ်။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားနေနိုင်တယ်”ဟု သူ၏အလုပ်ကို ယုံကြည်စွာဖြင့် ဆိုသည်။

ဂေါဝိန်ဆိပ်သည် သူ၏ ဒုတိယအိမ်၊ ဧရာဝတီ မြစ်သည် သူ၏ ဒုတိယကျေးဇူးရှင်။

အခါကြီးရက်ကြီး ဘုရားသွားကျောင်းတက်ချိန် မြစ်ဆိပ်နှင့် ဝေးသည့်အခါမျိုးတွင် တစ်ခုတည်သော တောင်းဆုက “ဒီလို ကံဆိုးတဲ့ဘဝမျိုး နောင်ဘဝမှာ ထပ်မကြုံတွေ့ပါရစေနဲ့”ဟူ၍ပင်။

သူ၏ဆုတောင်းကို ဧရာဝတီမြစ်ကြီး သိလိမ့်မည်မဟုတ်။ ကျပန်း အလုပ်သမားများနှင့် ခဝါသည်များသည်လည်း ဧရာဝတီမြစ်ကမ်းဘေးတွင် နေ့စဉ် ရုန်းကန်နေရပေဦးမည်။      

ဝင်းရွှေရည်ဦး