News

POST TYPE

ARTICLE

ဒန်ပီယံ မြန်မာ
“ကိုယ်လက်မခံထားမိတဲ့ အခိုက်အတန့်မှာပဲ အရှုံးဟာ ရင်ဘတ်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ...
မျှော်လင့်ချက်တွေရဲ့ ရာသီဟာလည်း မကြာခဏ ကိုယ့်ကို ကျောခိုင်း...
ခဏခဏ ရိုင်းခဲ့တဲ့…ဒီသမိုင်းပေါ့..အချစ်ရေ”

အလိုလေး..ဦးလေးဗြိကြီးတစ်ယောက် သရော်စာ မရေးတော့ပဲ..ဘယ်ကောင်မလေးကို လွမ်းတဲ့ အချစ်ကဗျာတွေ ရေးနေလဲလို ထင်ကြရော့မယ်အေ။

မဟုတ်ရပေါင်ဗျာ။

ကြီးတောင့်ကြီးမားကျမှ အချစ်နာလံလည်း မထရဲပါဘူး။ ဦးလေးဗြိ ကတော်ရဲ့ လက်စွဲတော် ငရုတ်ကျည်ပွေ့က မြောက်ကိုရီးယားက ဒုံးကျည်လို ကျော်ပြီး ပစ်မှာမဟုတ်ဘူး။ မဆလခေတ် အဘကြီးရဲ့ သေနတ်လိုပဲ ကျည်ပွေ့ဆိုတာ မိုးပေါ်ထောင်ပစ်မှာ မဟုတ်ဘူး။ ပစ်ရင် ချက်ကောင်းတည့်တည့်လာမှာဗျ။

ဒီတော့ ဦးလေးဗြိ ဖြေရှင်းပါ့မယ်ကွယ်။

အဲ့ဒါ တို့မြန်မာဘောလုံးအသင်းအတွက် ရည်စူးပြီး ရေးထားတဲ့ ကဗျာလေးရယ်ပါ။

ဘယ့်နှယ့်လဲ…အခုတစ်ခေါက် ကဗျာလေးကို ပြန်ဖတ်ကြည့်ပြီး ခံစားကြည့်ကြပါဦး။

သိတဲ့အတိုင်း အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲကြီး ဆိုရင် ဦးဗြိတို့ ငယ်ငယ်ကတည်းက အရူးအမူး အားပေးခဲ့တာ ဘယ်အသင်းရှိရမတုံး။ မြန်မာအသင်းပဲပေါ့။

မြန်မာဘောလုံးအသင်း ဆိုတာ နှယ်နှယ်ရရတော့ မဟုတ်ဘူး။

ဦးလေးဗြိတို့ အရွယ်သုံးပါးလုံးမှာ ကျေးဇူးပြုခဲ့တဲ့ အသင်းကြီးကိုးကွဲ့။

ဘယ်လောက်ပဲရှုံးရှုံး အားမလျှော့ပဲ ဝင်ပြိုင်တတ်တဲ့ မြန်မာ့ဘောလုံးအသင်းရဲ့ စိတ်ဓာတ်ကို အတုယူပြီး ဦးဗြိတို့ဟာ ပညာရှာရမယ့် ပထမအရွယ်မှာ စာမေးပွဲတွေ ဘယ်လောက်ကျကျ ဇွဲမလျှော့ဘူး။

မြန်မာအသင်းထုံး နှလုံးမူပြီး နောက်တစ်နှစ် ထပ်ဖြေတာပဲ။

ဘောမနိုင်ရင် လူနိုင်ရမယ်ဆိုပြီး လူချမူအရလည်း ဦးဗြိတို့ဟာ ရိုးရိုးဖြေလို့ မရရင် ခိုးဖြေတယ်ကွာဆိုပြီး ပေါင်မှာ ရေးလာတဲ့ စာလေးတွေ လှန်လှန်ကြည့်ပြီး ကူးချလာလိုက်တာ ဘွဲ့တစ်ဘွဲ့တောင် ရပါလေရောလား။

အဲ ပထမအရွယ် ပညာစုံတော့ ဒုတိယအရွယ် ကြင်ရာရှာရမယ့်အချိန် ရောက်လာပြန်တယ်။

ဒီအချိန်မှာလည်း ရည်းစားတွေက ကိုယ့်ကိုထားခဲ့လို့ အသည်းတွေ ဘယ်လောက်ကွဲကွဲ ခံနိုင်ရည် ရှိခဲ့တာဟာလည်း မြန်မာဘောပရိသတ် ဖြစ်ခဲ့လို့ပဲ..တူမောင်တို့ရေ။

ကိုယ်က အနိုင်ဂိုးလေးကို ကြည်နူးနေတုန်း တစ်ဖက်က လေးငါးလုံး ပြန်သွင်းတဲ့အခါ ဘောပွဲကြည့်ရင်း နှပ်ချေးတွေ ထွက်တဲ့အထိ ကြေကွဲရတာကလည်း အကြိမ်ပေါင်း မရေနိုင်ဘူး မဟုတ်လား။

ဒီတော့ အချစ်တိုက်ပွဲကို ရင်ဆိုင်တဲ့အခါ ခဏခဏ အရှုံးနဲ့ အသားကျနေတဲ့ နှလုံးသားတွေဟာ လေ့ကျင့်သားတွေပြည့်ဝပြီး မာကျောတတ်လာတာပေါ့ကွယ်။

ဒုတိယအရွယ်မှာ ကြင်ရာစုံပြီဆို ဥစ္စာရှာရပြီကွဲ့။ စီးပွားဥစ္စာရှာတဲ့ အခါမှာလည်း မြန်မာဘောလုံးရဲ့ နည်းနားတွေကိုယူရင် ချမ်းသာမှာ အမှန်ပဲ။

စီးပွားရေးဆိုတာ အရှုံးနဲ့အနိုင် နှစ်မျိုးပဲ ရှိတယ်ကွဲ့။ ရှုံးခဲ့ရင်တောင် တစ်ခုခု အကျိုးအမြတ်ရခဲ့စေရမယ်။

မြန်မာဘောလုံးသမားလေး အချို့ကို ကြည့်။

ဘောလုံးပွဲ ရှုံးခဲ့ရင်တောင်မှ နိုင်ငံခြားက ပြန်လာတဲ့အခါ နာမည်ကြီးပြီး နောက်ထပ် မိန်းမတစ်ယောက် ထပ်ရတော့တာပဲ။

ဒါဟာ အရှုံးထဲက အမြတ်လို့ ခေါ်သကွဲ့။

သူတို့ နည်းနာကို ယူနိုင်ရင် အခုဝန်ကြီးဖြစ်နေတဲ့ ဆရာဦးဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးသူတို့ ဘာတို့ ဘယ်ဖတ်တော့မတုံး။

အဲ့ဒါသွားဖတ်လို့ ဘေဘီလုံမှာ အချမ်းသာဆုံး မဖြစ်ပဲ နေပြည်တော်မှာ စကားမပြောဆုံး ပုဂ္ဂိုလ် ဖြစ်သွားရင် ခက်မယ်မဟုတ်လားကွဲ့။

ဒီတော့..တက်ကျမ်းတွေ ဖတ်မယ့်အစား..မြန်မာ့ဘောလုံးအသင်းကို လေ့လာပြီး စီးပွားရေးကို လုပ်ကြဖို့ပဲ။

အဲ့..တတိယအရွယ် တရားရှာတဲ့ အရွယ်လား။

မြန်မာဘောလုံအသင်းကိုသာ အားပေးကြည့်ကြစမ်းပါ။

ဘရူနိုင်းလို၊ ဖိလစ်ပိုင်လို အသင်းတွေကို ဘယ်နှစ်ဂိုးနဲ့ပဲ နိုင်ခဲ့နိုင်ခဲ့..ထိုင်းတို့၊ မလေးရှားတို့နဲ့ တွေ့လာတဲ့အခါ ရှုံးကြရတာပဲ။

ဒီလိုပဲ ဘဝထဲမှာ စီးပွားရေး၊ လူမှုရေးတွေ ဘယ်လောက်ပဲ နိုင်ခဲ့နိုင်ခဲ့ …သေခြင်းတရားနဲ့ တွေ့ရင် အားလုံးဟာ ဒူးထောက်ရတာပဲ မဟုတ်လား..ကိုယ့်လူတို့။

ဒီတော့..သင်္ခါရ၊ ဖြစ်ပျက်တရားတွေကို သေချာပေါက် နှလုံးသွင်းနိုင်မယ့်အပြင် လောကဓံကို ပြုံးပြုံးလေး ရင်ဆိုင်တတ်သွားစေမယ့် တရားတွေ ပြနေတဲ့ တို့မြန်မာဘောလုံးအသင်းဟာ ဘယ်လောက် ကျေးဇူးကြီးလိုက်သလဲ။

တခြားမကြည့်နဲ့ ဘောလုံးဥက္ကဋ္ဌကြီးကိုပဲ ကြည့်။

ဘောလုံးပြိုင်ပွဲတိုင်း ဘောသမားတွေနဲ့ ဖက်ငိုရလွန်းလို့ ရုပ်ရှင်သာ ရိုက်စားမယ်ဆို ဒရာမာခန်းတွေနဲ့တင် အကယ်ဒမီ ငါးထပ်ကွမ်းလောက် ဖြစ်နေပြီ မဟုတ်လား။

သို့ပေတည့်…သူလည်း.. အခုနောက်ပိုင်း ပြိုင်ပွဲတွေဆို ရှုံးလည်း ရယ်ရယ်မောမော နေနိုင်သွားပြီ။

ဒါဟာ လောကဓံတရားကို နားလည်သွားတာပဲ။ ခန္တီစ - သည်းခံခြင်း ပါရမီကို ရရှိသွားတပဲ။

အခု..ဒီလို ကျေးဇူးတရား ကြီးမားတဲ့ မြန်မာဘောလုံးအသင်းကြီးဟာ ဒီတစ်နှစ်မှာလည်း ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရပေမယ့် သဘောထားကြီးစွာနဲ့ ငွေတံဆိပ်ကိုတော့ မယူခဲ့ပါဘူး။

ငွေတံဆိပ်ကို စွန့်လွှတ်ခဲ့ရပေမယ့် ကြေးတံဆိပ်ကိုလည်း လက်လွှတ်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ်။

ကြေးမရပေမယ့်လည်း ဒန်လောက်တော့ ရနိုင်သေးတဲ့..ဒန်ပီယံ မြန်မာအသင်း ဖြစ်နေပါသေးတယ်။

အခု ဟိုနေ့ကလည်း ထိုင်းအသင်းနဲ့ ကိုယ့်မြေမှာ ခြေစမ်းပွဲကျပြန်တော့လည်း...အဟဲ..ရှုံးပြန်တာပဲ။

ကဲ....ဒီတော့ကာ..အရွယ်သုံးပါးမှာ ခန္တီစ - သည်းခံခြင်း တရားတွေ ပြည့်ဝစေဖို့ ဦးလေးဗြိ တို့ရဲ့ ဒန်ပီယံ မြန်မာဘောလုံးအသင်းကို နောက်နှစ်တွေလည်း မျက်ရည်ခိုင်ခိုင်နဲ့ အားပေးကြပါစို့ တူမောင်တို့။

ဗြိတိသျှကိုကိုမောင်