News

POST TYPE

ARTICLE

ပေါင်းတည်မြို့က ပျောက်စေဆရာလေး
06-Oct-2017 tagged as

ကုသဖို့ ခက်ခဲသည့် ရောဂါဆန်းများကို ကလေးငယ်တစ်ဦးက လက်နှင့်သပ်ချလိုက်ရုံဖြင့် စွမ်းနိုင်သည်ဟူသော ယုံကြည်မှုသည် မြန်မာနိုင်ငံတွင် ယနေ့အထိ ယုံကြည်သူ အများအပြား ရှိနေဆဲဖြစ်သည်။ ပေါင်းတည်မြို့မှ ငါးနှစ်သားအရွယ် ပျောက်စေဆရာလေးကို အစိုးရက ယာယီဆေးကုသမှု ပိတ်ခဲ့သော်လည်း ယုံကြည်သူတို့ကို တားဆီးနိုင်ခြင်း မရှိခဲ့။ နောက်ဆုံးရရှိထားသော သတင်းအရ ညှိနှိုင်း၍ ပြန်လည်ခွင့်ပြုထားသည်။ ယင်းကြောင့် အဆိုပါ အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန် ကွင်းဆင်းလေ့လာ ရေးသားဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

မြေလတ်ဒေသ ပေါင်းတည်မြို့လေးတွင် ပြီးခဲ့သောရက်ပိုင်းက လူထောင်ချီ လာရောက်ဆေးကုသ ခံယူကြသည့် ပျောက်စေအစွမ်းရှိသူ ကလေးငယ်တစ်ဦးကြောင့် တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။

ပေါင်းတည်မြို့မှ မထင်မရှား လမ်းလေးတစ်ခု ဖြစ်သည့် နွယ်ချို (၁) ရပ်ကွက် စံပယ်လမ်းတစ်လျှောက်တွင် အနယ်နယ်အရပ်ရပ်မှ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်ပေါင်းစုံနှင့် ကျန်းမာရေး မကောင်းမွန်သည့် လူများစွာတို့သည် ၎င်းတို့၏ ရောဂါဝေဒနာများ သက်သာပျောက်ကင်းလိုရန် အလို့ငှာ မျှော်လင့်ချက်များစွာကို ပွေ့ပိုက်၍ တန်းစီတိုးဝှေ့ရင်း ပူပြင်းသည့် နေရောင်အောက်တွင် ဆေးကုသမှု ခံယူရန် တန်းစီစောင့်ဆိုင်းလျက် ရှိနေသည်။

ဆေးကုပေးနေသူမှာ အထူးကုမဟုတ်၊ ပါမောက္ခ ဆရာဝန်ကြီးလည်းမဟုတ် အသက်ငါးနှစ်ကျော် အရွယ်သာ ရှိသေးသည့် ကလေးငယ်ဖြစ်ပြီး ၎င်း၏ လက်ဖြင့်သပ်ချရုံနဲ့ ရောဂါဝေဒနာများ ပျောက်ကင်းသည်ဟုဆိုကာ လူသိများ ကျော်ကြားလာပြီး အနယ်နယ်အရပ်ရပ်မှ ရာနှင့်ချီသော လူအုပ်ကြီးက နေ့စဉ် ဆေးကုသရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ယင်းလမ်းလေး၏ တစ်ဖက်တစ်ချက် အိမ်များရှေ့တွင်လည်း ဓာတ်စာများဖြစ်သည့် ပန်းသီး၊ လိမ္မော်သီးလိုမျိုး၊ ရာသီပေါ်သီးနှံ ဩဇာသီးနှင့် မြေပဲပြုတ်၊ ရေသန့်ဘူး အစရှိသည့် ယာယီဈေးဆိုင်လေးများကလည်း အစီအရီ ဖွင့်လှစ်ရောင်းချလျက် ရှိသည်။

“လူတိုင်းတော့ မပျောက်ဘူး။ ပျောက်တဲ့လူတွေလည်း ပျောက်တယ်။ ပျောက်တာလည်း များတယ်။ တချို့ဆို ချက်ချင်းပျောက်သွားတယ်။ တချို့ဆို သုံးလေးရက်လောက်နေမှ ပျောက်တာတွေလည်း ရှိတယ်” ဟု အဆိုပါ ကလေးငယ်၏ ဦးလေးတော်စပ်သူ ဦးဝင်းထွဋ်က ပြောဆိုသည်။

သူ၏ဆေးကုသပုံမှာ ဆန်းဆန်းပြားပြား ပုံစံတော့မဟုတ်။ ဝေဒနာ ခံစားနေရသော နေရာကို လက်နှင့်သပ်ချပေးရုံသာ ဖြစ်သည်။ ကလေးငယ်၏ လက်နှင့်အထိခံဖို့အတွက် လူတန်းရှည်ကြီးက ရပ် စောင့်နေကြသည်။ 

“ကလေးရဲ့ အတိတ်ကံကြောင့် ဒီလိုမျိုး ပျောက်ကင်းတယ်လို့ ယူဆတယ်။ ကုသစရိတ်လည်း မတောင်းဘူး။ ဆိုင်းဘုတ်လည်း မတင်ဘူး။ အလှူငွေ ၅၀ ထည့်လည်း ရတယ်။ ဒီလိုပဲ လက်ကလေးနဲ့ ထိပေးသပ်ပေးရုံနဲ့ ကုပေးတာ” ဟု ဦးဝင်းထွဋ်က ဆိုသည်။ 

ငါးနှစ်နဲ့ ရှစ်လသားအရွယ် မောင်ထွန်းတေဇအောင်သည် ငါးနှစ်သားအရွယ်က ရှားပေါင်ကျေးရွာ အတွင်းမှာ ဈေးရောင်းပြီး နေထိုင်သူ ဒေါ်ဆွဲတင်ဆိုတဲ့ အမျိုးသမီးကြီးကို ကုသပေးရာ ပျောက်ကင်းကြောင်း သိလာရသည်ဟု မိသားစုဝင်များက ပြောကြားသည်။ 

ဒေါ်ဆွဲတင် မျက်လုံးအထက် ပေါက်နေသည့် အကျိတ်က တဖြည်းဖြည်း ကြီးလာပြီး မျက်လုံးကို ဖုံးမိကာ မမြင်ရသည့် အခြေအနေဖြစ်နေကြောင်း၊ သူမဈေးရောင်းပြီးအပြန် ကလေးများ ကစားနေသည့် သစ်ပင်အရိပ်နားတွင် ထိုင်ငိုနေချိန်တွင် ယင်းကလေးငယ် ရောက်လာပြီး ငိုရသည့် အကြာင်းမေးရင်းမှ “ဒီဘုကြီးကြောင့်ဆို မငိုပါနဲ့ ကုပေးမယ်” ဟုပြောပြီး လက်နှင့်သပ်ချပေးလိုက်ကြောင်း၊ နောက်တစ်နေ့ မနက်တွင် အဆိုပါဘု ပေါက်သွားကာ တစ်ခါတည်း ပျောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဈေးသည်မှတစ်ဆင့် ကျေးရွာနီးစပ်ရာများသို့ သတင်းပျံ့သွားခဲ့ပြီး ကလေးငယ်များ ဘောလုံးကန်နေစဉ် အတူကန်နေသူ သက်ဝေလင်းဆိုသည့်  ကလေးငယ်တစ်ဦး မျက်စိထဲဆူးစူးရာ လက်ဖြင့်သပ်ချပေးရုံဖြင့် ချက်ချင်းပျောက်ကင်းခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ပို၍လူသိများလာရသည့် အဓိက အကြောင်းမှာ လူမှုကွန်ရက်က စသည်ဟု ဆိုရမည်။

လွန်ခဲ့သော သုံးလခန့်က KG တန်းတွင် ပညာသင်ကြားနေသည့် ကျောင်းအုပ်ဆရာမကြီး၏ လက်မှ အသားပို အတက်လေး ထွက်နေသဖြင့် မကြာခဏ ခွဲစိတ်ဖယ်ထုတ်နေရသည်ကို လက်ဖြင့် သပ်ပေးလိုက်ရုံဖြင့် နောက်တစ်နေ့ နံနက်တွင် ညှိုးခြောက်ပြုတ်ကျသွားခဲ့ပြီး ထပ်မံထွက်ပေါ်ခြင်း မရှိတော့သည်ကို ယင်းဆရာမက Facebook ကို တင်ခဲ့ရာမှ လူသိများလာခြင်း ဖြစ်သည်။

ယင်းကြောင့် နေ့စဉ် အနယ်နယ်အရပ်ရပ် နေရာဒေသအစုံမှ လူနာရာနှင့်ချီ၍ လာရောက်ကုသနေကြခြင်း ဖြစ်ကြောင်း ၎င်းမိသားစုဝင်တွေထံမှ စုံစမ်းသိရှိရသည်။

များပြားလွန်းသော လူနာများကြောင့် ငါးနှစ်သားကျော်အရွယ် ကလေးငယ်လေးမှာ ကျန်းမာရေးမကောင်း ဖြစ်လာ၍ ဆေးကုသမှု ရပ်နားပြီး မူလနေထိုင်ရာ ကြာနီကန်အုပ်စု ရှားပေါင်ကျေးရွာမှ ပေါင်းတည်မြို့ပေါ်သို့ ပုန်းရှောင်ခဲ့သည်။ 

သို့သော်လည်း လာရောက်ပုန်းရှောင် အနားယူနေသော အိမ်နေရာကို လူအများသိသွားခဲ့ပြီး ဆေးကုသမှုခံယူဖို့ လာရောက်စောင့်ဆိုင်းနေကြသော လူအုပ်ကြီးနှင့် ရင်ဆိုင်ရပြန်သည်။

“ကလေးက လူများတော့ ဒဏ်တွေပိပြီး နေမကောင်းဖြစ်နေလို့ ဆေးခန်းသွားပြထားရတယ်။  လာကုတဲ့သူတွေကို နေကောင်းမှ ကုပေးမယ်။ အခုပြန်ဖို့ ပြန်လွှတ်နေပေမယ့် ရပ်ဝေးက လာရတဲ့သူတွေအတွက် ကြည့်ပေးဖို့ တောင်းဆိုနေရတယ်” ဟု စီတန်းနေသည့် လူအုပ်ကြီး ငေးကြည့်ရင်း ဦးဝင်းထွဋ်က ပြောဆိုသည်။ 

အတိတ်ကံကြောင့်သာ ယခုကဲ့သို့ ကုသပျောက်ကင်းနေသော်လည်း ကလေးငယ်မှာ ဘာသာရေးကောင်းစွာ မသိသေးဘဲ ဘုရား၊ တရား၊ သံဃာ ရိုသေကိုင်းရှိုင်းတတ်အောင် သင်ကြားပေးရဦးမည် ဖြစ်ကြောင်း၊ အဆိုပါ ကလေးငယ မွေးဖွားစဉ်က အမြွှာမွေးဖွားခဲ့ခြင်း ဖြစ်ပြီး အစ်ကိုဖြစ်သူမှာ သောကြာနေ့ညနှင့် အဆိုပါကလေးမှာ စနေနေ့ မနက်တွင် မွေးခဲ့ခြင်းဖြစ်ကာ အစ်ကိုဖြစ်သူမှာ မွေးဖွားပြီး ၁၄ ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း  ကလေး၏မိခင် ဒေါ်ကေသီနွယ်က ပြောကြားသည်။

“ကျွန်မ အစ်ကိုတစ်ဝမ်းကွဲဆို အသက်ရှူကျပ်တာ မျက်နှာအမ်းနေတာ ကြာလှပြီ။ ဆေးကုတာလည်း မပျောက်ဘူး။ ဒီကို နှစ်ခေါက်ပဲ လာရတယ်။ တစ်ခါတည်း ပျောက်သွားတယ်။ ကျွန်မရောဂါလည်း ပျောက်မယ်လို့ ယုံကြည်လို့ လာပြတာ” ဟု ကြို့ပင်ကောက်မြို့မှ လာရောက်ကုသသည့် ဒေါ်သန်းသန်းမော်က ဆိုသည်။

ယခုကဲ့သို့ ယုံကြည်သူတွေ များပြားပြီး နေ့စဉ် ရာနှင့်ချီသောလူများ လာရောက်ကုသနေသော်လည်း အနီးနားဝန်းကျင်တွင် မယုံကြည်သူများလည်း ရှိနေပြီး လူနာများ လာရောက်မှုကြောင့် လမ်းပျက်စီးခြင်းနှင့် သွားလာရေး အခက်အခဲကြုံတွေ့နေရသူများလည်း ရှိနေသည်။

အဆိုပါ ကြာနီကန်ကျေးရွာအုပ်စု ရှားပေါင်ကျေးရွာသို့ သွားရာလမ်းရှိ ရွာပုလဲကျေးရွာအုပ်စု အနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆောက်ပေးထားသည့် ခုံးတံတားမှာ ဆေးလာရောက်ကုသသူများ စီးလာသည့် ကားများကြောင့် ပျက်စီးလုနီးပါး ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

ယင်းကြောင့် ဒေသခံများက ကားကြီးများ ယာယီဖြတ်သန်းသွားလာခွင့် မပြုခြင်းနှင့် ပြန်လည်ပြင်ဆင်ရန် ဆေးကုသလာသည့် ကားများထံမှ  အလှူငွေကောက်ခံသည့်အတွက် ဒေသခံများနှင့်လည်း ပဋိပက္ခ ဖြစ်ပွားမှု ရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုးမြင့်က ‘ကုပါ၊ မကုပါနဲ့ ကျွန်တော်တို့ မပြောလိုပါ ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရဘူး။ နောက်ပြီး ကျွန်တော်တို့လည်း မှတ်တမ်းယူထားလို့ရအောင် ကုလို့ပျောက်သွားတဲ့ လူနာဘယ်မှာလဲ သက်သေပြစရာ၊ ရွာက ဆရာမတစ်ယောက် ဆိုတာပဲ ရှိတယ်။ ဒါပေမဲ့ မပြောလိုပါဘူး။ ယုံကြည်တဲ့ လူတွေကလည်း ယုံကြည်နေကြတာ ဆိုတော့လည်း” ဟု ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် အဆိုပါ ကလေးငယ်သည် မူလနေထိုင်ရာ ရှားပေါင်ရွာသို့  ပြန်လည်ရောက်ရှိနေပြီး  ဒေသခံများက လူအလာများ၍ ကူးစက်ရောဂါများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်း၊ လူသူများ၍ ဒုစရိုက်မှုများ ဖြစ်ပေါ်လာမည်ကို  စိုးရိမ်ခြင်းတို့ကြောင့် ဆေးကုသမှု တားမြစ်ပေးရန် တိုင်စာများ ပေးပို့ထားသည့်အတွက် ဆေးကုသမှုကို ယာယီပိတ်ထားကြောင်း ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောကြားသည်။

လက်ရှိတွင် ကျေးရွာအများပိုင် နေရာတစ်ခုတွင် ကျေးရွာလူထု၏ သဘောဆန္ဒအရ ကျေးရွာလိုအပ်ချက်နှင့် ကလေးငယ်၏ လိုအပ်ချက်ကို အပြန်ပြန် အလှန်လှန် ကူညီဆောင်ရွက်ပြီးမှသာ ဆေးကုသရန် ကလေးငယ်၏ မိဘများနှင့် ညှိနှိုင်းခွင့်ပြုထားကြောင်း ၎င်းက ပြောဆိုသည်။

“ကလေးက မကုဘူးဆိုလည်း လူနာတွေက လာနေကြတော့ ကျွန်တော်တို့ ဘာမှလုပ်မရဘူး။ ကျေးရွာက တိုင်ကြားတာနဲ့ သူတို့မိသားစုနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးနေရတယ်။ တစ်ခုခု ဖြစ်လာရင်တော့ တာဝန်ယူရမှာပေါ့” ဟု ဦးရဲဝင်းက ဆိုသည်။ 

အဆိုပါ ကလေးငယ်သည် မိသားစု ပြဿနာများနှင့် အခြားသော အခြေအနေ အရပ်ရပ်တို့ကြောင့် ဆေးကုသပေးခြင်း မရှိဘဲ ရှောင်တိမ်းနေသော်လည်း ဆေးကုသမှု ခံယူမည့် လူနာများနှင့် အနယ်နယ် အရပ်ရပ်မှ ကားများလာနေဆဲ ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။   

ပေါင်းတည်ဒေသခံ တိုင်းရင်းဆေး ဖော်စပ်ရောင်းချနေသူတစ်ဦး ဖြစ်သည့် ဦးချစ်ကိုက “ကျွန်တော်တို့ မမြင်နိုင်တဲ့ သဘာဝလွန်အစွမ်းတွေ ရှိတာပဲ။ ကလေးက တကယ်စိတ်ပါလက်ပါကုလို့ ပျောက်သွားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုလို လာသမျှ လူတန်းစီ ခေါင်းကို ပွတ်ပေးရုံနဲ့တော့ ရောဂါက ပျောက်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ထို့ပြင် အဆိုပါ ကလေးငယ်သည် ကလေးအရွယ် ရွယ်တူသူငယ်ချင်းများနှင့် ဆော့ကစားရမှု မရှိခြင်း၊ လွတ်လပ်စွာ မနေထိုင်ရခြင်းတို့ကြောင့် ရေရှည်တွင် စိတ်ဒဏ်ရာ ရလာနိုင်ပြီး ရောဂါပေါင်းစုံသည့် လူများနှင့် ထိတွေ့ဆက်ဆံနေရသည့် အတွက်လည်း ကူးစက်တတ်သည့် ရောဂါများ မဖြစ်ပေါ်လာစေရန် အထူးသတိထားသင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

သို့သော် သက်ဝင်ယုံကြည်သူများနှင့် ရောဂါဝေဒနာသည်များက အဆိုပါ ကလေးနေအိမ်ရှေ့ တစ်လျှောက်တွင်မူ မျှော်လင့်ချက်များစွာဖြင့် စီတန်းစောင့်ဆိုင်းလျက် ရှိနေသည်။ မုန့်ဆိုင်များနှင့် အသီးအရောင်းဆိုင်များ ဖြစ်သည့် ရာသီစာ ဆိုင်လေးများမှာလည်း ၎င်းကိုမှီတည်ကာ အရောင်းအဝယ် ဖြစ်နေသည်။ အထူးသဖြင့် အဆိုပါ ကလေးငယ် မန်းထားပေးသည့် ရေသန့်ဘူးနှင့် ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကို ဝယ်ယူသူများဖြင့် စည်ကားလျက် ရှိနေသည်။

တိုင်းရင်းဆေးပညာအရရော အနောက်တိုင်း ဆေးပညာအရပါ ယခုကဲ့သို့ ပျောက်စေဆိုကာ လက်နှင့်သပ်ချရုံဖြင့် ရောဂါများကို ပျောက်ကင်းနိုင်သည် ဆိုသည်ကို လက်မခံကြ။ သို့ရာတွင် ပျောက်ကင်းနိုင်သည်ဟု မြန်မာနိုင်ငံက လူအချို့မှာ ယုံကြည်မှုကလည်း ရှိနေသည်။

ယခုကဲ့သို့ ယုံကြည်သူနှင့် မယုံကြည်သူတို့ အတွေးအခေါ် အယူအဆ နှစ်ခုအကြား အငြင်းအခုံများ ဖြစ်နေကြသော်လည်း မူမမှန်ဆန်းကြယ်သည့် ဝေဒနာ ခံစားနေရသူများ၊ ဆေးကုသရန် ငွေကြေးခက်ခဲသူများနှင့် မြန်မာနိုင်ငံမှ အချို့သောသူများကမူ ပျောက်စေဆရာများ အစွမ်းကိုမူ ရေနစ်သူအတွက်  ကောက်ရိုးစတစ်မျှင်ကဲ့သို့ အားကိုးနေကြဦးမည်သာ ဖြစ်သည်။ 
         
အောင်ဖြိုး

  • TAGS