News

POST TYPE

ARTICLE

ဘူးသီးကြော်တစ်ပွဲ ၇၀၀၀ နှင့် ရေကျော်မီးထွန်းပွဲ
05-Oct-2017 tagged as သီတင်းကျွတ်

နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရောက်လာပြီ ဖြစ်သည့် ရေကျော်မီးထွန်းပွဲသည် ရိုးရာမီးထွန်းပွဲကို အခြေခံပြီး ရန်ကုန်မြို့နေသူတို့ အပန်းဖြေရန်နှင့် ရိုးရာဓလေ့များနှင့် ဆက်စပ်ကျင်းပသည့်ပွဲ ဖြစ်သည်။

သို့သော် ယခုအခါ ရိုးရာမီးထွန်းပွဲ ခေါင်းစဉ်အောက်တွင် စီးပွားရေး အမြတ်ထုတ်သူတို့ မတော်လောဘကြောင့် နာမည်ဆိုးများ ပျံ့နှံ့စပြုလာပြီ ဖြစ်သည်။

၁၉၆၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်မှ ပွဲလမ်းသဘင်များ  ပြန်လည်ကျင်းပခွင့်ပြုခဲ့၍ ပြန်ကျင်းပနိုင်ခဲ့သည်။

မီးထွန်းပွဲတော် ပွဲဈေးတန်းတစ်လျှောက် ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံရာ မီးပွိုင့်မှစတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ရေကျော်လမ်းရှိ မောင်အေးကဖီးရှေ့မှ  စတင်ကာ ရေကျော်လမ်းတစ်လျှောက် ရေကျော်မီးရထား ဖြတ်လမ်းဆုံရာ အထိတို့တွင် လူကြီး၊ လူလတ်၊ လူငယ်များမကျန် တိုးမပေါက်အောင်ကြက်ပျံမကျ  အထူးစည်ကားလှသည့်အပြင် ဆိုင်ခန်းများမှ လွင့်ပျံလာသည့် တေးသီချင်းသံများကလည်း ပွဲတော်လာသူတို့၏ စိတ်ကို မြူးကြွလန်းဆန်းစေခဲ့သည်။

လာရောက်လည်ပတ်သူများသည် ရေကျော်ပွဲဈေး စည်ကားလှသော်လည်း အစားအသောက်များ ဈေးကြီးမြင့်မှုက ယခုအခါ ဝေဖန်စရာ ဖြစ်လာနေသည်။

“ရေကျော်ပွဲဈေးက မနေ့ညက ဘူးသီးကြော်တစ်ပွဲကို ၇၀၀၀၊ ကြံရည်တစ်ခွက်ကို တစ်ထောင်ဆိုပြီး ဈေးအရမ်းကြီးတယ်။ တကယ်ဆို ပွဲဈေးလျှောက်တဲ့သူတွေ အကုန်လုံး ဝယ်စားနိုင်အောင်  သက်သာတဲ့ဈေးနဲ့ ရောင်းချသင့်ပါတယ်။ ဈေးချိုတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ ရေကျော်ပွဲဈေးက အရမ်းစည်လို့ နှစ်တိုင်း ပွဲဈေးလျှောက် မုန့်ဝယ်စားဖြစ်တယ်” ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ မဆုမွန်က ပြောပြသည်။

သီတင်းကျွတ်ကာလတွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့် ရေကျော်သီတင်းကျွတ်ပွဲဈေးမှာ ရန်ကုန်မြို့၏  အထူးစည်ကားလှသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပြီး ယင်းပွဲဈေးကို အောက်တိုဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တိုင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၁၉၆၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗိုလ်မြတ်ထွန်းလမ်းတွင် ရာမဇာတ်ပွဲဖြင့် ခုနစ်ရက် ခုနစ်ညတိုင်တိုင် စတင်ကျင်းပဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ရာမဇာတ်ပွဲ၊ ရုပ်သေးရုပ်များဖြင့် မီးထွန်းပွဲတော်ကို မင်းခမ်းမင်းနားဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပွဲတော်ကျင်းပခြင်း ရပ်နားခဲ့ပြီး ၁၉၉၀ ခုနှစ်မှ ပြန်လည်စတင် ကျင်းပခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

“အချို့ဈေးသည်တွေက လူလာများတော့ အမြတ်များများရအောင် ပုံမှန်ထက် ဈေးတင်ရောင်းနေတာတွေ ရှိတယ်။ အန်တီတို့ကတော့ မုန့်ဟင်းခါးတစ်ပွဲ ငါးရာပဲ ရောင်းတယ်။ အချို့ဈေးသည်တွေဆို  မုန့်ဟင်းခါးတစ်ပွဲတစ်ထောင်၊ ခုနစ်ရာရောင်းပြီး နည်းနည်းလေးပဲ ပါတာတွေ ရှိတယ်” ဟု မုန့်ဟင်းခါး ရောင်းချသူ ဒေါ်ထွေးက ဆိုသည်။

ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော်တွင် ရောင်းချနေသည့် အချို့ဈေးသည်များမှာ ပွဲဈေးတန်း လျှောက်သူများ အစားများသည့် ဘူးသီးကြော်တစ်ပွဲ ၇၀၀၀ ကျပ်၊ ကြံရည်တစ်ခွက်လျှင် ၁၀၀၀ ကျပ်၊ မုန့်ဟင်းခါးတစ်ပွဲလျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ပုံမှန်ထက် ဈေးနှုန်းကြီးမြင့်စွာ ရောင်းချလျက်ရှိကြောင်း ပွဲဈေးတန်းလျှောက်သူများထံမှ သိရသည်။ 

ထို့ပြင် ရှမ်းအစားအစာများ၊ တရုတ်အစားအစာများမှာလည်း ပုံမှန်ထက် တစ်ဆခွဲ၊ နှစ်ဆခန့်  ဈေးနှုန်းကြီးမြင့်လျက်ရှိပြီး လူငယ်များနှင့် ကလေးများ စီးနင်းဆော့ကစားနိုင်မည့် ချားရဟတ်များ၊  ကလေးကစားကွင်းများမှာ တစ်ထောင်ကျပ်၊ ငါးရာကျပ်ဖြင့် ပုံမှန်နှုန်းထားသာ ကောက်ခံလျက် ရှိသည်။ 

“ဘူးသီးကြော် ဝယ်စားတော့ ဆီသန့်ကြော်လို့ ဈေးကြီးတယ် ပြောတယ်။ ဘူးသီးကြော်နည်းနည်းလေးကို ၇၀၀၀ တောင်ယူတယ်။ နောက်ဆုံးအဆင့် ၃၅၀၀ လောက် ယူတယ်ဆိုရင်တောင် သူတို့ တော်တော်မြတ်နေပြီ။ ကောက်ညှင်းကျည်တောက်ဆို အရင်နှစ်တွေက သုံးခုဆို ငါးရာ၊ ဒီနှစ်ဆို နှစ်ခုငါးရာတောင် အပိုင်းသေးသေးတွေပဲ ရတယ်” ဟုရေကျော်ပွဲဈေးကို  လည်ပတ်ခဲ့သူ မကြည်ပြာက ဆိုသည်။

 ပွဲဈေးတန်းသို့ <င်ရောက်ပါက အများပြည်သူအကြိုက် မြန်မာ့ရိုးရာ အစားအစာ ရောင်းချသည့်  ဆိုင်နှင့် ဘူးသီးကြော်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ၊ ဝက်သားတုတ်ထိုးဆိုင်များအပြင် ရှမ်းရိုးရာ အစားအစာများ၊ တရုတ်အစားအစာ ရောင်းချသည့် ဆိုင်များနှင့် အသီးဖျော်ရည်မျိုးစုံ စသည်တို့ကို အမျိုးအစားစုံလင်စွာ ရောင်းချလျက်ရှိပြီး ပွဲဈေးလျှောက်သူများက တစ်နေရာတည်းတွင် မိမိနှစ်သက်ရာ ဝယ်ယူစားသုံးနိုင်ပေသည်။

“မနေ့က သွားတာ မုန့်ပေါင်းတစ်ခုကို တစ်ထောင်တောင်ယူတယ်” ဟု ပွဲဈေးသွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

လူငယ်များနှင့် ကလေးများအတွက် စီးနိုင်မည့် ရဟတ်ကြီး သုံးစင်း၊ အသေးသုံးစင်း၊ ကလေးများ ကြည့်ရှုဆော့ကစားရန်အတွက် နယ်လှည့်တောတွင်း တိရစ္ဆာန်များပြပွဲ အပါအဝင် ပင်လယ်ဓားပြ အပျော်စီးလှေကြီး တစ်စင်း၊ ပျော့အိအိ ကလေးကစားစရာ နှစ်ခုနှင့် အခြားပျော်ရွှင်စရာ ဆော့ကစားနည်းကိုလည်း စုံလင်စွာ ဆော့ကစားနိုင်ပေသည်။

သီတင်းကျွတ် ရေကျော်ပွဲဈေးတွင် ဖျော်ဖြေရေး အစီအစဉ် အနေနှင့် ယခုလ ၂ ရက်နှင့် ၃ ရက်တွင် Lady Boy တေးသရုပ်ဖော်အဖွဲ့ ဖျော်ဖြေပေးခဲ့ပြီး ၄ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည့် ‘ဇွဲအငြိမ့်’ မှ လည်း ကောင်း၊ ၅ ရက်နေ့တွင် နိုင်ငံကျော် တေးသံရှင်များ၏ ဂီတဖျော်ဖြေမှုနှင့် ပွဲတော်နောက်ဆုံးနေ့ ၆ ရက်နေ့တွင် 5 Star အငြိမ့်အဖွဲ့မှ လည်းကောင်း ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

ရေကျော်ပွဲဈေး စတင်သည့် ပထမရက်တွင် လာရောက်လည်ပတ်သူ နည်းပါးလျက် ရှိသော်လည်း  ဒုတိယရက်တွင် လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိသည်။

“ပွဲဈေးပထမရက်မှာ ပွဲဈေးလျှောက်သူ နည်းတော့ ဈေးရောင်းသိပ်မကောင်းဘူး။ ဒုတိယနေ့မှာတော့ လာရောက်သူများတော့ နည်းနည်းဈေးရောင်းကောင်းတယ်။ ဒုတိယညမှာပွဲဈေးသိမ်းမှ မိုးရွာလို့ တော်သေးတယ်။ ပွဲဈေးလုပ်နေတုန်း မိုးရွာရင်တော့ အဆင်မပြေနိုင်ဘူး” ဟု ရေကျော်ပွဲဈေးတွင် မုန့်ဟင်းခါးရောင်းချသူ ဒေါ်ထွေးက ဆိုသည်။

ယခုနှစ်တွင် ပွဲဈေးသည် ဆိုင်ခန်းပေါင်း ၃၀၀  ကျော်က ရောင်းချလျက်ရှိပြီး ဈေးသည်များကို ညနေ  ၅ နာရီမှ ည ၁၂ နာရီအထိ ရောင်းချခွင့်ပေးထားပြီး ၁၀ ပတ်လည် ဈေးဆိုင်ခန်းတစ်ခန်းလျှင် ငါးရက်စာအတွက် ငွေကျပ်ရှစ်သောင်းကျပ်၊ ငါးပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် လေးသောင်းကျပ် ကောက်ခံကြောင်း ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

“အကြော်သည်တွေ အနေနဲ့ ဘူးသီးကြော်ကို ၇၀၀၀ ယူတာ ဦးတို့ ၉ ရပ်ကွက်က ဈေးတင်ပြီး မရောင်းဘူးဆိုတာ ပြောပြတယ်။ ပုစွန်ကြော်တို့ပါလို့ ဈေးကြီးတာ ဖြစ်နိုင်တယ်။ ဦးတို့အနေနဲ့ ဈေးသည်တွေကို ဆိုင်ခန်းတွေလည်း မနှစ်ကဈေးအတိုင်း ပိုမယူဘူး၊ ဈေးသည်တွေလည်း ပိုမရောင်းနဲ့ဆိုပြီး အကုန်လုံးကို ပြောထားတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးညီဝင်းက ဆိုသည်။

ယခုနှစ်တွင် ရေကျော်သီတင်းကျွတ်ပွဲတော် အတွက် လုံခြုံရေးကို လမ်းတိုင်းတွင် CCTV ကင်မရာများ တင်ဆင်၍ စောင့်ကြည့်သွားမည့်အပြင် ပွဲတော်အတွင်း သက်ဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူးများ၊ လူငယ်များမှ ပူးပေါင်းကာ စောင့်ကြည့်ကာ ဆောင်ရွက်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ကျင်းပခဲ့ခြင်းပြီး ပုဇွန်တောင်မြို့နယ် ၉ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ၁၀ ရပ်ကွက်များက ပါဝင် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

နှစ်စဉ်ကျင်းပလျက်ရှိသည့် ရေကျော်ပွဲဈေးမှာ အလွန်စည်ကားလှပြီး သီတင်းကျွတ် အခါသမယမှာ  မိသားစုများ၊ ချစ်သူစုံတွဲများ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ အနေနှင့် ပွဲဈေးတန်းလျှောက်ရင်း မိမိနှစ်သက်သော အစားအသောက်များကို ဝယ်စားရင်း လည်ပတ်လေ့ ရှိကြသည်။

“အရင်က သီတင်းကျွတ်ဆို ရေကျော်မီးထွန်းပွဲတော်မှာ မြတ်စွာဘုရားကြွချီရာ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတွေ လုပ်တယ်။ အခုနောက်ပိုင်း လုပ်တာ မတွေ့တော့ဘူး” ဟုလည်း ရေကျော်မြောင်းကြီးလမ်းနေသူ တစ်ဦးက ပြောသည်

သို့ရာတွင် အချို့ကလည်း ဈေးသည်များ ရောင်းချသည့် အကြော်အလှော်များမှ ထွက်လာသည်အနံ့များ အမှိုက်များ ပွဲတော်လာသူတို့၏ လမ်းဘေး အညစ်အကြေး စွန့်မှုများကြောင့် စိတ်ပျက်ကြသည်။

ထို့အပြင် လမ်းထဲတွင်ရပ်ထားသည် ရာနှင့်ချီသောကားများ ကားပစ္စည်း ခိုးခံရမှုများကလည်း မီးထွန်းပွဲတော်ကာလတွင် ပို၍စိုးရိမ်စရာ ဖြစ်သည်ဟုလည်း ပြောကြသည်။

ပွဲငတ်နေသူတို့အတွက် ရေကျော်မီးထွန်းပွဲသည် ပျော်စရာဖြစ်သည်။ သို့သော် မတော်လောဘဖြင့် စီးပွားရှာသူတို့က ရိုးရာမီးထွန်းပွဲကို အကြောင်းပြု ပြီးအမြတ်ထုတ်လာသည်ကိုတော့ ရေကျော်ပွဲဈေး လာရောက်လည်ပတ်သူတို့က မကျေနပ်ကြ။ 

“ဘူးသီးကြော်တစ်ပွဲ ခုနစ်ထောင်ဆိုတာ မဖြစ်သင့်ပါဘူး တစ်သောင်းလောက်နဲ့ ပွဲဈေးလည်ရင်း အဆာပြေ အကြော်နှစ်ပွဲလောက် မှာစားမိရင် အရှက်ကွဲရမယ့် အဖြစ်မျိုး ကြုံရနိုင်ပါတယ်။ ရိုးရာပွဲတော်မှာ မတော်လောဘသမားတွေကို စိစစ်သင့်ပါတယ်” ဟု ရေကျော်ပွဲဈေးတန်းကို လာရောက်သူတစ်ဦးက ပြောသည်။         

သက်ရှိုင်းသူ