News

POST TYPE

ARTICLE

ဆင်းရဲသားပပျောက်ရေး ပရဟိတအသင်းကို မြင်းခြံထွေအုပ် တားမြစ်
မန္တလေး၊ အောက်တိုဘာ ၎

ဆင်းရဲသားပပျောက်ရေး ပရဟိတအသင်းဟု အမည်ခံထားသည့်အသင်းကို ဆက်လက် လုပ်ကိုင်ခြင်းမပြုရန် မြင်းခြံ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနက တားမြစ်ထားကြောင်း ယင်းမြို့နယ် လွှတ်တော်ကိုယ်စားများထံမှ သိရသည်။

ယင်းအသင်းသည် ရပ်ကွက်များ ဒေသခံများထံမှ အသင်းဝင်ကြေး ကျပ် သုံးသောင်းခွဲ ကောက်ခံကာ အသင်းဝင်များကို တစ်လလျှင် ကျပ်တစ်သိန်း ပြန်လည် ထုတ်ပေးလျက်ရှိကြောင်း၊ ယင်းလုပ်ရပ်သည် တော်တည့် မှန်ကန်မှု မရှိနိုင်ခြင်းနှင့် အသင်းအဖွဲ့ မှတ်ပုံတင် မရှိသေးဘဲ လုပ်ကိုင်နေခြင်းကြောင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ရှင်အဇ္ဈဂေါဏ ဆင်းရဲသား ပပျောက်ရေး အသင်းဟု အမည်ခံထားသည့် အသင်းကို ဦးဆောင်သည့် ဦးသန်းထံ အကြောင်းကြားစာပို့ကာ တားမြစ်ထားခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ကိုယ်စားပြု မန္တလေး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက ပြောကြားသည်။

မြင်းခြံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့က တားမြစ်ခဲ့ခြင်းဖြစ်ပြီး ဦးသန်းထံတွင် အသင်းအဖွဲ့ မှတ်ပုံတင် မရှိသေးကြောင်း အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“လူတစ်ယောက်ကို သုံးသောင်းခွဲ ကောက်ပြီးတော့ တစ်သိန်း ပြန်ထုတ်ပေးတယ်ဆိုတာက မဟုတ်သေးဘူးဗျ။ အခု လက်ရှိတော့ တစ်လ တစ်သိန်း ရနေတဲ့လူတွေ ရှိပါတယ်။ သူကလည်း ပုံမှန် ထုတ်ပေးနေပါတယ်။ အသင်းဝင်ကြေး သိန်း ၂၀ဝ၀ လောက် ရထားပြီလို့ သိရပါတယ်”ဟု ဦးခင်မောင်အေးက ရှင်းပြသည်။

အခြေခံ လူလတ်တန်းစားများကို အသင်းဝင်စေပြီး အရင်းအနှီး ရစေခြင်းနှင့် ပတ်သက်၍ မြင်းခြံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံ စက်တင်ဘာလအတွင်းက တင်ပြထားသော်လည်း လက်ရှိအချိန်အထိ လုပ်ကိုင်ခွင့် ပေးမထားကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်မရှိဘဲ ဆက်လက် လုပ်ဆောင်နေပါက ဥပဒေအရ အရေးယူခံရမည်ဖြစကြောင်း ဦးသန်းထံသို့ ပေးပို့ထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဦးသန်းသည် နွားထိုးကြီးမြို့နယ်တွင် အသင်းဝင်များ စုဆောင်းခဲ့ပြီးနောက် မြင်းခြံမြို့နယ်အတွင်းသို့ ရောက်ရှိကာ ယင်းလုပ်ငန်းကို လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများနှင့်  ဝန်ထမ်းများ၊ နေ့စား လုပ်သားများက ယင်းအသင်းတွင် အသင်းဝင်အဖြစ် ဝင်ရောက်လျက်ရှိကြောင်း မြင်းခြံမြို့နယ် ဒေသခံအချို့ထံမှ သိရသည်။

M-04