News

POST TYPE

ARTICLE

ရိုးမတောင်ခြေက မီးမျှောပွဲ
04-Oct-2017 tagged as သီတင်းကျွတ်

လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာခြင်းက ပဲခူးရိုးမတောင်ခြေမှ နှစ်ပေါင်း ရာကျော်သက်တမ်း ရောက်ရှိလာပြီဖြစ်သည့် နာမည်ကျော် မီးမျှောပွဲကို လာရောက်သူများပို၍ တိုးလာစေသည်။ ရိုးရာ မီးမျှောပွဲဖြစ်သည့် ရွှေကျင်မီးမျှောပွဲက လာရောက်ကြည့်ရှု လည်ပတ်သူများကို ဖျော်ဖြေဧည့်ခံရန်အတွက် မြစ်အတွင်း မီးအလှဆင်လှေများ၊ ပြိုင်ပွဲဝင်လှေများက စောင့်ကြိုနေပြီဖြစ်သည်။

အယ်ဒီတာ


ပဲခူးတိုင်းဒေသကြီး အရှေ့ဘက် ရိုးမတောင်ခြေအနီး ရှောက်သီးယိုစုံလုပ်ငန်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် နာမည်ကျော်ကြားသည့် ရွှေကျင်မြို့သည် နှစ်စဉ် သီတင်းကျွတ် လဆန်းကျော်ပါက ပုံမှန်ထက်ပို၍ သက်ဝင် လှုပ်ရှားနေသည်။

အဆိုပါ မြို့မှာ  ညောင်လေးပင်မြို့နယ်နှင့် ၁၃ မိုင်ကွာဝေးပြီး စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်း ဆုံရာတွင်တည်ရှိသော ရွှေကျင်မြို့ပင်ဖြစ်ပြီး သီတင်းကျွတ် လဆန်းကျော်ချိန်တွင် သာမန်ထက် ပိုစည်ကားသည်က ရွှေကျင်မီးမျှောပွဲတော်ကြောင့်ပင်ဖြစ်သည်။

ရွှေကျင်မြို့သည် အင်္ဂလိပ်ခေတ်က ညောင်လေးပင်၊ ဒိုက်ဦးမြို့များ သာမက တောင်ငူမြို့များကို အုပ်ချုပ်ခဲ့သည့် ခရိုင်မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ရှောက်ယို၊ ဒူးရင်းသီးနှင့် ရွှေမုဆိုးများ ကျင်လည်ရာ မြို့ငယ်တစ်ခုသာ။

ရွှေကျင်မြို့နယ်တွင် ရပ်ကွက် ၈ ခုနှင့် ကျေးရွာပေါင်း ၃၁ ရွာရှိပြီး ဗမာ၊ ကရင်၊ ရှမ်းတိုင်းရင်းသားများ အပါအဝင် လူဦးရေ ရှစ်သောင်းကိုးထောင်ကျော် နေထိုင်ကြသည်။ ဒေသခံများက ဥယျာဉ်ခြံနှင့် ရွှေတူးဖော်ရေးလုပ်ငန်း၊ သစ်သီးယိုစုံ လုပ်ငန်းလုပ်ကိုင်ကြသည့်အပြင် မိရိုးဖလာ အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူများလည်း ရှိသည်။

ရွှေကျင်တွင် သီတင်းကျွတ်ကာလရောက်တိုင်း ရှင်ဥပဂုတ္တမထေရ် ပူဇော်ပွဲနှင့် သီတင်းကျွတ် မီးမျှောပွဲကို ကျင်းပသည်။ အဆိုပါ ပွဲတော်တို့ကို အင်္ဂလိပ်ခေတ်နှင့် တော်လှန်ရေးကောင်စီခေတ်နှင့် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်သော အခိုက်အတန့်သာ မကျင်းပနိုင်ခဲ့သော်လည်း ကျန်ကာလများတွင် ကျင်းပခဲ့ရာ နှစ်ပေါင်း ၁၆၆ နှစ် ပြည့်တော့မည် ဖြစ်သည်။

လူသောင်းနှင့်ချီ လာရောက်သော ပွဲတော်

ယခုနှစ်ကျင်းပသော  ရှင်ဥပဂုတ္တမထေရ် ပူဇော်ပွဲနှင့် သီတင်းကျွတ် မီးမျှောပွဲတော်ကို အောက်တိုဘာလ ၃ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ကျင်းပသည်။ 

အဝေးရောက် ရွှေကျင်ဇာတိဖွားများက ဇာတိမြေသို့ ပြန်လာ၍ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေကျင်မြို့ရှိ ဘိုးဘွားမိဘများကို ကန်တော့ပြီး ဆွေမျိုးမိတ်ဆွေများနှင့် တွေ့ဆုံနိုင်မည်ဖြစ်သည်။ 
ယင်းနောက် သီတင်းကျွတ် လပြည့်ကျော်တွင် ကျင်းပသည့် မီးမျှောပွဲကို ဆင်နွှဲကြသည်။

ထို့အပြင် ပဲခူးတိုင်း ဒေသခံများကလည်း တိုင်းအတွင်း ထူးခြားသော ရွှေကျင် မီးမျှောပွဲတော်ကို လာရောက် ဆင်နွှဲမှုများ ရှိပြီး ဘုရားဖူး ပို့ဆောင်ရေး အဖွဲ့များက ရွှေကျင် မီးမျှောပွဲတော်ကို  ခရီးစဉ်ဆွဲကာ အနယ်နယ် အရပ်ရပ် နေသူများကလည်း ပွဲတော်ကို လာရောက် ဆင်နွှဲကြသည်။ 

ထိုပွဲတော်ကာလတွင် ပရိသတ်သောင်းချီ လာရောက်ကြောင်း ဒေသအာဏာပိုင်များထံမှ သိရသည်။

ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၁၄၀ ကျော်ကွာဝေးသည့် ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက် ဘုရားကြီး လမ်းဆုံတွင်ဆင်းပြီး ဆိုင်ကယ်ကယ်ရီ သို့မဟုတ် ညောင်လေးပင်-ရွှေကျင် လိုင်းကားများကို စီးပြီးလာမည်ဆိုပါက တစ်နာရီခန့် အကြာတွင် နန်းတော်မြို့ရိုးဟောင်းသဖွယ် ပြင်ဆင်ထားသော “ရွှေကျင်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏”ဆိုသော မြို့ဝင်မုခ်ဦးကို တွေ့ရမည်။   
                
မုခ်ဦးကို ကျော်လွန်ပါက ဆိုးရွားလှသော လမ်းမကြီးများနှင့် ရွှေကျင်မြို့ သမိုင်းဝင် ဘုရားကြီးအနီးသို့ ပြောင်းရွှေ့ထားသော ဈေးဆိုင်ခန်းများကို မြင်တွေ့ရမည်။ အဆိုပါ လမ်းမကြီးများနှင့် ဘုရားကြီးအနီးတွင် ပွဲတော်ရက်ကာလအတွင်း ဘုရားဖူးကားများနှင့် ပွဲတော်လာ ပရိသတ်များကို အစုလိုက် တွေ့မြင်ရမည်။

ရွှေကျင်ချောင်းရေသည် ရွှေကျင်ရေအား လျှပ်စစ်ဆည် တည်ဆောက်ပြီးကတည်းက ချောင်းရေ နည်းပါးသွားသော်လည်း ပွဲတော်ရက်အတွင်း ဖောင်တော်နှင့် စက်လှေများ၊ လှေကင်း လှေတော်များ သွားနိုင်စေရန် ကျင်းပရေး ကော်မတီနှင့် ဆည်တာဝန်ရှိသူတို့ ညှိနှိုင်းက ပွဲတော်ရက်တွင်သာ ချောင်းရေကို ဖောဖောသီသီ မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ဆည်တည်ဆောက်ပြီးနောက် ရေကိုလိုသလို ထိန်းချုပ်ထားခြင်း၊ ချောင်းအထက် နေရာများတွင် တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများကြောင့် ယခင်က ငါးကိုပင် မြင်တွေ့ရသော ရေမှာ ယခုအခါတွင် နောက်ကျိနေကြောင်း ဒေသခံများက ဆိုကြသည်။

ပွဲတော်တွင် မြို့နယ်လုံးဆိုင်ရာ ဆွမ်းကြီး လောင်းလှူပွဲကို လုပ်ဆောင်ပြီး မြို့နယ်တစ်ခုလုံးရှိ သံဃာများကို ဆွမ်းလောင်းလှူသည်။ ယင်းနောက် ရှင်ဥပဂုတ္တမထေရ် ပူဇော်ပွဲနှင့် သီတင်းကျွတ် မီးမျှောပွဲမှာ အဓိကအားဖြင့် စံကျောင်းတော်၌ တစ်နှစ်ပတ်လုံး စံမြန်းသည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကို ပွဲတော်ရက် မတိုင်မီကတည်းက ရွှေကျင်မြစ်အနီးရှိ ပျဉ်းမပင်ရပ်ကွက် ယာယီ စံကျောင်းတော်ပေါ် ရွှေ့ပြောင်းစံမြန်းထားပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တွင် ကရဝိက်ဖောင်တော်ပေါ် ပင့်ဆောင်ပြီး ရွှေကျင်မြစ်အတွင်း ဆီမီးများ ထွန်းညှိပူဇော်ကာ စစ်တောင်းမြစ်အထိ မျှောချပူဇော်သည်။ ပွဲတော်ကာလတွင် ယိမ်း အက အလှပြိုင်ပွဲများ၊ ဇာတ်ပွဲများဖြင့် စည်ကားစွာ ကျင်းပသည်။

ပွဲတော်အတွက် ကြိုတင်ပြင်ဆင်

ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တက်ခုတ်၊ တက်ပျံယိမ်းပြိုင်ပွဲဝင်များမှာ ရက်ပေါင်း ၄၀ နီးပါး လေ့ကျင့်ထားပြီး တစ်ဖွဲ့လျှင် အယောက် ၁၆ ယောက် မှ ၂၂ ယောက်အထိ ပါဝင်သည်။
တက်ခုတ်ယိမ်းမှာ လှော်တက်ကို ရေပြင်နှင့် ထိသည့်ပုံစံဖြင့် အောက်ကို ခုတ်ကာ လှော်တက်ကို ကစားပြခြင်းဖြစ်ပြီး တက်ပျံယိမ်းမှာ လှော်တက်ကို လေပေါ်တွင် ပျံဝဲပြီး ကစားပြသည့်ပုံစံဖြင့် ပြိုင်ပွဲဝင်ခြင်းဖြစ်သည်။

ပွဲတော်လာ ပရိသတ်များ၏ ဘေးကင်းလုံခြုံရေးမှာလည်း အရေးကြီးသဖြင့် ပွဲတော်ကာလအတွက် လုံခြုံရေး အစီအမံများ ကြိုတင်ပြင်ဆင်ကြရသည်။ ယခုနှစ် ပွဲတော်ရက်များတွင် ခရိုင်နှင့် မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ သာမက၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများပါ လုံခြုံရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေကျင်မြို့မ စခန်းမှူး ဒုရဲမှူး သန်းထွန်းက ပြောကြားသည်။

ပွဲတော်ကာလ အပြောင်းအလဲအချို့

ရွှေကျင်မီးမျှော ပွဲတော်တွင် ပွဲတော်လာ ပရိသတ်များကို ကျွေးမွေးမှုပုံစံနှင့် မီးမျှောပွဲတွင် အသုံးပြုသော မီးကြာခွက်ပုံစံများ ပြောင်းလဲလာသည်ဟု ဒေသခံများက ပြောသည်။ 

လွန်ခဲ့သော ၁၅ နှစ်ကျော်က ပွဲတော်နေ့များတွင် အလှူဒါန လုပ်သော ထမင်းထုပ်၊ ဟင်းထုပ်များမှာ အင်ဖက်၊ ငှက်ပျောဖက်များဖြင့် ထုပ်ပိုးပြင်ဆင်သော်လည်း ယခုခေတ်တွင် ဖော့ဘူးများ ပြောင်းလဲ အသုံးပြုလာသည်။

ယင်းအပြင် မီးမျှောပွဲများတွင် ရှေးယခင်က မီးကြာခွက်ပုံစံဖြင့် ရိုးရှင်းသော ဆီးမီးခွက်များ ဖြစ်သော်လည်း ယခုအခါတွင် မီးကြာခွက်ပုံသဏ္ဌာန် အမျိုးမျိုးသာမက LED မီးသီးဖြင့် ပြုလုပ်ထားသော ဆီမီးခွက်တို့ကို မြစ်အတွင်း မျှောလာကြကြောင်း ရွှေကျင်မြို့ခံ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

ရှေးယခင်နှစ်များထက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ပွဲတော်တွင် ပရိသတ် ပိုများလာခြင်း၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ များပြားလာခြင်း၊ ပွဲလာပရိသတ်ကို ထမင်းကျွေးမွေးမည့်သူ အဆမတန် ပေါများလာခြင်းတို့မှာ ကောင်းမွန်သော ပြောင်းလဲမှုဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် ပွဲတော်ကာလအတွင်း အရက်ဆိုင် ပေါလာကြောင်း မြို့ခံများထံမှ သိရသည်။

ပွဲတော်ရက်များတွင် ပရိသတ်နှင့် မြို့ခံလူထု ခြောက်သောင်းကျော်ခန့် ရှိသော်လည်း ပွဲတော်လာသူ အချင်းချင်း ကြီးမားသော ရန်ပွဲမျိုး မပေါ်ပေါက်သည်ကို မြို့ခံများက ဂုဏ်ယူကြသည်။

ကျင်းပလာသော နှစ် ၁၆၀ကျော်အတွင်း လူသတ်မှု ဆိုသည်မှာ မကြားဖူးကြောင်း ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် ရပ်မိရပ်ဖ တစ်ဦးက ဂုဏ်ယူ စွာပြောဆိုသည်။

ပွဲတော်ကျင်းပသည့် ပုံစံမှာ ရှေးမူအတိုင်း လုပ်ဆောင်ပြီး ပြိုင်ပွဲဝင်များ လနှင့်ချီ လေ့ကျင့်မှုများမှာ ပြောင်းလဲမှုမရှိဟု ၎င်းတို့က ဆိုသည်။

ယိမ်းပြိုင်ပွဲနှင့် မီးမျှောပွဲတော်နေ့

သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျင်ချောင်းထဲ၌ ပြိုင်ပွဲဝင် တက်ပျံယိမ်း၊ တက်ခုတ်ယိမ်းများ သာမက ဖြေဖျော်ရေး ဖောင်များကို လာရောက် ကြည့်ရှုသည့် ပရိသတ်များမှာ ချောင်းထဲမှ စက်လှေများဖြင့်လည်းကောင်း၊ ကမ်းနံဘေးတွင် ပွဲတော်လာ ပရိသတ် သောင်းနှင့်ချီသည်။ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးသော မဏ္ဍပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုနေကြသည့် ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ပရိသတ်မှာလည်း သောင်းချီရှိကာ တိုးဝှေ့ရင်း နှစ်စဉ် ချောင်းထဲ ပြုတ်ကျသူများလည်း ရှိသည်။ သို့သော် အားလုံးနီးပါး က ရေကူးကျွမ်းကျင်ကြသည်။

ပြိုင်ပွဲဝင် တက်ပျံယိမ်း၊ တက် ခုတ်ယိမ်း ပြိုင်ပွဲ ဝင်လှေများ ချောင်းအတွင်း သတ်မှတ်ထားသည့် ရေလမ်းကြောင်းအတိုင်း ချောင်းအတွင်း ဝင်ကာ ပြိုင်ပွဲဝင်ကြသည်။

ယခုနှစ်တွင် ရွှေကျင်မြို့နယ်ရှိ ရပ်ကွက်ကျေး ရွာ ၃၉ ခုမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းနှင့် ဖျော်ဖြေရေးအဖွဲ့ ၂၈ ဖွဲ့ကို အမှတ်ပေးစနစ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ ဆုချီးမြှင့်မည်ဖြစ်သည်။ ဆုပေးရာတွင် ထည့်သွင်း ချီးမြှင့်သော ငွေကြေး ပမာဏထက် ဆုကိုသာ ပိုအလေးထားကြောင်း၊ ဝိုင်ပျဉ်ရေ ကျေးရွာနေ ဒေါ်အေးအေးက ဆိုသည်။

ယိမ်းပြိုင်ပွဲများမှာ မွန်းလွဲပိုင်းတွင် ပြိုင်ပွဲပြီးဆုံးကာ ခေတ္တရပ်နားထားစဉ် ပွဲတော်လာ ပရိသတ်က ညနေပိုင်းတွင် ကျင်းပမည့် မီးမျှောပွဲနှင့် ရှင်ဥပဂုတ္တမထေရ်ပူဇော်ပွဲကို ဆက်လက် အားပေးရန် တည်းခိုရာအိမ်နှင့် ဘုန်းကြီးကျောင်းတို့ကို ပြန်ကာ နေ့လယ်စာ စားရင်း အနားယူကြသည်။

“ပွဲတော်ရက်မှာ မိုးရွာတာ၊ လေတိုက်တာတွေ ရှိပေမယ့် ပွဲတော်ချိန် သီတင်းကျွတ်လပြည့်ကျော် တစ်ရက် ည ၆ နာရီလောက်ဆို မိုးက အလိုလို တိတ်သွားတယ်။ ရဟန္တာ ရှင်ဥပဂုတ္တမထေရ်တန်ခိုးလို့ ပြောရမှာပေါ့”ဟု ရွှေကျင်မြို့ခံ အသက် ၇၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက သူ၏ယုံကြည်ချက်ကို လှစ်ဟပြောကြားသည်။

ခေတ္တ အနားယူကြသော ပရိသတ်များကလည်း ညနေပိုင်းတွင် ပြန်လည် လှုပ်ရှားလာပြီး ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များကို ဆုပေးမည့်မဏ္ဍပ်တွင် စုဝေးကာ မိမိအားပေးသည့်အသင်း ဘယ်ဆုရမလဲ ဆိုသည်ကို လာရောက် ကြည့်ရှုကြသည်။

ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက ညနေ ၅ နာရီတွင် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအနက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို ဆုများ ချီးမြှင့်သည်။ ဆုရရှိသည့် ရပ်ကွက် ကျေးရွာများမှ ယိမ်းအဖွဲ့ ဆုယူပြီးချိန်တွင် ပရိသတ်ကို ၁၀ မိနစ်ခန့် ဖျော်ဖြေသည်ကို ဖျော်သည်ကို လက်ခုပ်တီးပြီး အားပေးနေကြသော်လည်း ဆုနှင့်ပတ်သက်၍ နှစ်စဉ် ဝေဖန်သံများ မကြားရပေ။

ဆုပေးပွဲ ကျင်းပပြီးနောက် ည ၆ နာရီခန့်တွင် ရွှေကျင်ချောင်းထဲရှိ ကရဝိက်ဖောင်ပေါ် ပြောင်းရွှေ့ စံပယ်နေသည့် ရှင်ဥပဂုတ္တမထေရ် ဖောင်တော်သည် လှော်ကားလှေတော် ဦးဆောင်မှု နောက်မှဂေါပက အဖွဲ့ဝင်များဖြင့် ရွှေကျင်ချောင်းအတိုင်း စုန်ဆင်းသည်။

ကရဝိက် ဖောင်တော်နောက်တွင် ရပ်ကွက်၊ ကျေးရွာများမှ ဝတ်ရွတ်အဖွဲ့ ၁၀ ဖွဲ့နှင့်ပွဲတော်ကို လာရောက်သည့် ပရိသတ်များ၏ စက်လှေ ၅၀ နီးပါးက လိုက်ပါလာသည်။

သတ်မှတ်ရေလမ်းကြောင်းပေါ်တွင် ဗဟိုမဏ္ဍပ်ရှေ့မှ ဖြတ်သန်းကာ လက်ယာရစ် သုံးကြိမ် လှည့်လည် အပူဇော်ခံစဉ် ကမ်းပါးရှိ ပရိသတ်များက ချောင်းထဲတွင် မီးကြာခွက်များကို မျှောချကြသည်။

ကရဝိက်ဖောင်တော်က ရွှေကျင်ချောင်းရိုးတစ်လျှောက်မှ လက်ယာရစ် လှည့်လည်နေစဉ် ကမ်းနံဘေးမှ ပရိသတ်များ မျှောချလိုက်သည့် မီးကြာခွက်ကလေးများက စီရရီ လိုက်ပါလာပြီး ချောင်း အနောက်ဘက် တစ်မိုင်အကွာ စစ်တောင်းမြစ်ဝသို့ ရောက်ရှိသွားသည်။

ပွဲတော်ရက်အပြီး ညပိုင်းတွင် ရွှေကျင်ချောင်းထဲရှိ ပွဲတော်ပြန် စက်လှေများ၊ ရွှေကျင်-မဒေါက်- ညောင်လေးပင် ကားလမ်းပေါ်တွင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်တန်းကြီးမှာလည်း မျက်စေ့ တစ်ဆုံးပင် ရှိလှသည်။

ရွှေကျင်မြို့သူမြိုသားများ၏ စိတ်တွင် ရှင်ဥပဂုတ္တမထေရ် ကိုယ်တော်မြတ်ကြီး စောင့်ရှောက်မှုကြောင့် ဆတက်ထမ်းပိုး ကြီးပွားတိုးတက်မည်ဟု ယုံကြည်နေပြီး လာမည့်နှစ်တွင်လည်း ဒီထက်မက လှူနိုင်တန်းနိုင်မည်ဟု မျှော်လင့်ကြသည်။

ဇေယျာကို